ထိုင်းဟိုတယ်

September 14, 2020

ကိုဗစ်-၁၉ ကူးစက်မှုဂယက်ကြောင့် ထိုင်းဟိုတယ်လုပ်ငန်း လူ ၁ သန်းကျော် အလုပ်လက်မဲ့ဖြစ်

ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်မှုဂယက်ကြောင့် လုပ်ငန်းခွင်အတော်များများ ရပ်နားခဲ့ရပြီး အလုပ်လက်မဲ့တွေ သန်းနဲ့ချီရှိရာမှာ ဟိုတယ်လုပ်ငန်းကဝန်ထမ်းနဲ့ အလုပ်သမားတွေလည်း ၁ သန်းကျော်ပါဝင်တယ်လို့  စက်တင်ဘာ ၁၃ ရက် ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။   ကိုဗစ်-၁၉ ကာလ ထိုင်းနိုင်ငံ အဝင်အထွက်တွေကို ကန့်သတ်ထားပြီး ကမ္ဘာလှည့်ခရီး သွားဧည့်သည်တွေလည်း ရောက်မလာတာကြောင့်  ဟိုတယ်တွေအရှုံးပေါ်နေပြီး ဝန်ထမ်း နဲ့ အလုပ်သမား ပေါင်း ၁ သန်းကျော် အလုပ်လက်မဲ့ဖြစ်နေတယ်လို့ ထိုင်းနိုင်ငံ ဟိုတယ်လုပ်ငန်း ရှင်များအသင်း ဥက္ကဋ္ဌ နန်းမာရိဆာ ဆုကိုးဆွန်က ပြောပါတယ။  ဟိုတယ်လုပ်ငန်းဟာ လာမယ့် ၂၀၂၁ ခုနှစ်ထိ ဒီအတိုင်းဆက်သွားနေမယ်ဆိုရင် နောက်ထပ်အလုပ်လက်မဲ့ဦးရေတွေ ပိုမိုများပြားလာမှာဖြစ်ကြောင်း၊  ဒါကြောင့် အစိုးရအနေနဲ့ ကိုဗစ်-၁၉ ကူးစက်မှုလျော့နည်းတဲ့ နိုင်ငံက ခရီးသွားဧည့်သည်တွေကို အကန့်အသတ်နဲ့  ဝင်ခွင့်ပြုဖို့၊ ဟိုတယ်လုပ်ငန်း ပြန်လည်ထူထောင်နိုင်ရေးအတွက် အစိုးရအနေနဲ့ ဘတ်သန်းပေါင်း ၁ သိန်းချေးငွေ ထောက်ပံ့ပေးဖို့ တောင်းဆိုထားကြောင်း ဟိုတယ်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌက သတင်းထောက်တွေကို ပြောပါတယ် ။  အလားတူ PPTV36 သတင်းမှာလည်း ကိုဗစ်-၁၉ ကြောင့် ပိတ်ထားခဲ့ရတဲ့ ဟိုတယ်တွေကို အစိုးရက ပြီးခဲ့တဲ့ ဇွန်လက ပြန်လည်ဖွင့်လှစ်ခွင့်ပြုခဲ့ပေမယ့် လာရောက်တည်းခိုသူ လွန်စွာနည်း ပါးနေကြောင်း၊ အထူးသဖြင့် နိုင်ငံခြားဧည့်သည်အလာများတဲ့၊ အသင်းအဖွဲ့လိုက် အစည်း အဝေးတွေ လာလုပ်လေ့ရှိတဲ့  ဘန်ကောက်၊ ဖူးခက်၊ ချင်းမိုင်၊ ပတ္တယား၊ ဟွာဟင်၊ ချအမ်း စတဲ့မြို့က ဟိုတယ်တွေမှာ လာရောက်တည်းခိုသူ ၉၀ ရာခိုင်နှုန်း လျော့နည်းသွားတယ်လို့  ဆို ပါတယ်။  အခုလို အလုပ်မဖြစ်တာကြောင့် ရောင်းဖို့ကြေညာထားတဲ့ ဟိုတယ်အလုံးပေါင်း ၅၀ မှ ၈၀ ထိရှိပြီး  တန်ဖိုးမှာ ဘတ်သန်းပေါင်း ၁၀၀ မှ ၆၀၀၀ ထိရှိကြောင်း၊  ယခင်က ဟိုတယ်တွေမှာ ခရီး သွားဧည့်သည်ပေါင်း တစ်နှစ်ကို ၁၀ သန်းခန့် လာရောက်တည်းခိုခဲ့ပြီး ဝင်ငွေမှာလည်း ဘတ်သန်းပေါင်း ၃ သိန်းထိ ရရှိခဲ့တယ်လို့  ဟိုတယ်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌက PPTV36 သတင်းမှာ ပြောသွားပါတယ။  ထိုင်းနိုင်ငံရဲ့ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ပြန်လည်မြှင့်တင်ရေးအတွက် ကမ္ဘာလှည့်ခရီးသွား ဧည့်သည်တွေကို အကန့်အသတ်နဲ့ ပြန်ဝင်ခွင့်ပြုပြီး လာရောက်တည်းခိုလည်ပတ်နိုင်မယ့်နေရာ ကိုလည်း အကန့်အသတ်နဲ့ ခွင့်ပြုမယ့်အကြောင်း ထိုင်းနိုင်ငံ ကိုဗစ်-၁၉ ကူးစက်မှုအ‌ခြေအနေ စီမံ ကွပ်ကဲရေးဗဟိုဌာန CCSA က ပြီးခဲ့တဲ့အပတ်က ကြေညာထားပါတယ်။  ထိုင်းနိုင်ငံ ကိုဗစ်-၁၉ ကူးစက်မှုအခြေအနေနဲ့ ပတ်သက်ပြီး CCSA ရဲ့ ဒီကနေ့ စက်တင်ဘာ ၁၄ ရက် ထုတ်ပြန်ချက်အရ ပိုးတွေ့လူနာသစ် ၂ ဦး ထပ်တွေ့ပြီး ကွာရန်တင်းစင်တာက ဖြစ်ကြောင်း၊ ထိုင်းမှာ ကိုဗစ်-၁၉ ကူးစက်ခံရသူ စုစုပေါင်း ၃၄၇၅ ဦးရှိပြီး ၃၃၁၂ ဦးက သက်သာလို့ ဆေးရုံက ဆင်းသွားကြပြီလို့ ဆိုပါတယ်။ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၅၈ ဦးရှိပြီး လက်ရှိဆေးရုံမှာ လူနာ ၁၀၅ ဦး တက်ရောက်ကုသနေတယ်လို့ ဆိုပါတယ်။ 
1 year Ago
Up