ထိုင်းဟာသဇာတ်မြူးရုပ်ရှင်ပရိသတ်တွေ အကြိုက်တွေ့ကြမယ့် Tootsies & The Fake ရုပ်ရှင်ကို မြန်မာနိုင်ငံမှာ လတ်တလောရုံတင်ပြသနေပါတယ်။
ဒီကားကိုတော့ ထိုင်းရုပ်ရှင်ဒါရိုက်တာ Kittiphak Thongauam က ရိုက်ကူးပုံဖော် ပေးထားတာဖြစ်ပြီး နာမည်ကြီးရုပ်ရှင် Friend Zone ကို ထုတ်လုပ်ခဲ့တဲ့ ဘန်ကောက်အခြေစိုက် GDH559 ရုပ်ရှင်ထုတ်လုပ်ရေးကနေ တင်ဆက်လိုက်တာ ဖြစ်ပါတယ်။
ဒီရုပ်ရှင်ကားထဲမှာတော့ အမြဲတတွဲတွဲနေတတ်တဲ့ ဂေး ၃ ယောက်နဲ့ လက်စဘီ ယမ်တယောက်တို့ဟာ နာမည်ကျော် စူပါစတားမင်းသမီး ကေသီကို ဆေးရုံရောက်စေ မယ့် မတော်တဆမှုတခုကို လုပ်မိကြပြီး တရားစွဲခံရဖို့ အခြေအနေနဲ့ ကြုံတွေ့လာရချိန်မှာ ဘာတွေဆက်ဖြစ်လာမလဲ၊ ကေသီလက်ခံထားတဲ့ တီဗွီကြော်ငြာရိုက်ကူးရေးကို အစားထိုးပြင်ဆင်ပေးဖို့ လုပ်ဆောင်ရချိန်မှာတော့ ထင်မှတ်မထားတာတွေ ဖြစ်လာပါတော့တယ်။
သတိလစ်မေ့မျောနေတဲ့ မင်းသမီးနေရာမှာ သူနဲ့ရုပ်ချင်းဆင်တဲ့ လမ်းဘေးဈေးသည် နမ်နဲ့ အစားထိုးဟန်ဆောင်ခိုင်းဖို့ ကြိုးစားကြပေမယ့် စရိုက်ကြမ်းကြမ်းထင် ရာစိုင်းတတ်တဲ့ နမ်နဲ့ အဆင်ပြေပါ့မလား၊ ဘယ်လိုကမောက်ကမ အလွဲအချော် ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ရိုက်ကူးပုံဖော်ထားမလဲဆိုတာကိုတော့ ဒီကားထဲမှာ ရှုစားကြရမှာပါ။
ဒီကားထဲမှာတော့ ထိုင်းနာမည်ကြီး သရုပ်ဆောင်တွေဖြစ်ကြတဲ့ Araya A. Hargate၊ Pattarasaya Kreuasuwansri ၊ Charoensook Paopetch တို့နဲ့ တခြားသရုပ် ဆောင်တွေလည်း အများကြီး ပါဝင်ထားကြပါတယ်။
ဒီကားကိုတော့ ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၅ ရက်နေ့ကတည်းက ရုံတင်ပြသခဲ့ပြီး မြန်မာနိုင်ငံမှာတော့ ဇန်နဝါရီ ၂ ရက်နေ့ကတည်းက ရုံတင်ပြသနေတာ ဖြစ်ပါတယ်။
1 year Ago