ထိုင်းဝန်ကြီးချုပ် နုတ်ထွက်ပေးရေး

August 16, 2021

ဘန်ကောက် အပါအဝင် ခရိုင် ၃၀ ကျော်တွင် ဝန်ကြီးချုပ်နုတ်ထွက်ပေးရေး ဆန္ဒပြ

ထိုင်းနိုင်ငံမှာ ကိုဗစ် - ၁၉ ကူးစက်ခံရသူတွေ နေ့စဉ် ၂ သောင်းကျော်မြင့်တက်လာပြီး ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့အပေါ် မကျေနပ်မှုတွေ အရှိန်မြင့်လာပြီး ဩဂုတ် ၁၅ ရက်က ဘန်ကောက် အနည်းဆုံး ၄ နေရာနဲ့ အခြားခရိုင် ၃၀ ကျော်မှာ ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။ 

ဘန်ကောက် ၄ နေရာမှာ ရာ့ချ်ပဆုန်လမ်းဆုံ၊ ဒီမိုကရေစီအထိမ်းအမှတ်ကျောက်တိုင်အနီး၊  ဒင်ဒဲန်လမ်းဆုံနဲ့ ရမ်မင်းတရာလမ်းတွေမှာ ဖြစ်ပွားခဲ့ပြီး ချင်းမိုင်၊ ဥဘွန်းရာ့ချ်ဌာနီ၊ ခွန်ကဲင်၊ ချွန်းပူးရီး၊ အယုဒ္ဓယ၊ စမွတ်ပရကန် အစရှိတဲ့ခရိုင်တွေလည်း ပါဝင်ပါတယ်။ 

ဘန်ကောက်ရာ့ချ်ပဆုန်လမ်းရှိ ဆန္ဒပြအဖွဲ့ကို ယခင်ကရှပ်နီအဖွဲ့တွေကို ဦးဆောင်ဆန္ဒပြ ခဲ့တဲ့ နာ့ဿ်ထဝုဒ် ဆိုင်ကေ့က ဦးဆောင်ပြီး ထောင်နဲ့ချီတဲ့ ဆန္ဒပြသူတွေဟာလည်း ရှပ်အင်္ကျီ အနီဆင်တူဝတ်ကာ ဆိုင်ကယ် နဲ့ ကားတွေကို ၄၅ မိနစ်ကြာ မနားတမ်းဟွန်းတီးဆန္ဒပြခဲ့ပါတယ်။ 

အခုဆန္ဒပြနေတာဟာ ဝန်ကြီးချုပ်ပရာယုဒ်ကျန်အိုးချား ခြွင်းချက်မရှိ နုတ်ထွက်ပေးဖို့ တောင်း ဆိုခြင်းသာဖြစ်ပြီး  စစ်တပ်နဲ့ လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေကို ဆန္ဒပြတာမဟုတ်တာကြောင့် ထိပ်တိုက်ရင်ဆိုင်မှုတွေကို အတတ်နိုင်ဆုံးရှောင်ရှားကြဖို့၊ ငြိမ်းချမ်းစွာဆန္ဒပြပြီး ညနေ ၅ နာရီမှာ အေးအေးလူလူလူစုခွဲကြဖို့ ဆန္ဒပြခေါင်းဆောင် နတ့်ဿ်ထဝုဒ် ဆိုင်ကေ့က ပြောကြားခဲ့ပါတယ်။ 

ဒါပေမယ့် အချို့လူတွေကတော့ အိမ်မပြန်ဘဲ ဆက်လက်ဆန္ဒပြနေကြလို့ ညပိုင်းမှာ လုံခြုံ ရေးတပ်ဖွဲ့ဝင်တွေက မျက်ရည်ယိုဓာတ်ငွေ့နဲ့ ဖြိုခွဲတာ၊ ရာဘာကျည်နဲ့ပစ်ခတ်တာ၊ ဆန္ဒပြသူတွေ ရှေ့မတိုးနိုင်အောင် လမ်းမပေါ်မှာ ကားတာယာမီးရှို့တာတွေ လုပ်ခဲ့ပြီး ဆန္ဒပြသူတွေကလည်း လုံခြုံရေးရဲတွေရှိရာဘက် ဗျောက်အိုးတွေနဲ့ ပစ်ဖောက်ခဲ့ပါတယ်။ 

ဒင်ဒဲန်နယ်မြေရှိ ရဲကင်းတစ်ခုလည်း မနေ့ညက မီးလောင်ခံရပြီး ဘယ်သူ့လက်ချက်ဆိုတာတော့ မသိရပါဘူး၊ မနေ့ည ဘန်ကောက်ဆန္ဒပြမှုတွေ ည ၁၁ နာရီလောက်မှ ငြိမ်သက်သွားပါတယ်။ 

ဒါ့အပြင် အခြားခရိုင်တွေမှာလည်း ဘန်ကောက်နဲ့ ပုံစံတူ ဆိုင်ကယ်၊ ကားတွေနဲ့ မြို့ပတ် ဟွန်းတီးကာ ဝန်ကြီးချုပ်ကို မောင်းထုတ်ပြီး လက်သုံးချောင်းထောင်ခဲ့ကြပါတယ်။

ဆန္ဒပြသူတွေဟာ အစိုးရဌာနဆိုင်ရာရုံးတွေ၊ ရဲစခန်း နဲ့ စစ်တပ်ဌာနချုပ်ရှိရာကို ချီတက်ပြီး လိုလားချက်တွေ တောင်းဆိုခဲ့သလို စုရပ်တွေမှာ အစိုးရဆန့်ကျင်ရေး ဟောပြောခဲ့ပါတယ်။ 

ဆန္ဒပြမှုတွေနဲ့ ပတ်သက်ပြီး ထိုင်းအမျိုးသားရဲတပ်ဖွဲ့က ဩဂုတ် ၁၅ ရက်နေ့ ည ၈ နာရီခွဲအချိန် သတင်းစာရှင်းရာမှာ ဘန်ကောက် ၆ နေရာ နဲ့ ခရိုင်ပေါင်း ၃၀ မှာ ဆန္ဒပြခဲ့မှုရှိခဲ့ကြောင်း၊ ဆန္ဒပြသူတွေဟာ အတားအဆီးတွေကိုဖျက်ဆီးပြီး လုံခြုံရေးရဲတွေကိုလည်း ခဲတွေ၊ အရာဝထ္ထု တွေနဲ့ ပစ်ပေါက်ခဲ့ကြောင်း၊ ဒင်ဒဲန်နယ်မြေထဲက ရဲတပ်ဖွဲ့ဝင် ၁ ဦး ဒဏ်ရာရခဲ့ကြောင်း၊ ပထုမ်ဝမ်းနယ်မြေထဲမှာ မသင်္ကာသူ ၃ ဦးကို ဖမ်းဆီး စစ်ဆေးရာမှာ ပစ္စတို ၁ လက်၊ ကျည်ဆံ ၁ တောင့်၊ ဓား ၁  ချောင်းပါ တွေ့ရှိတယ်လို့ ပြောပါတယ်။

ဆန္ဒပြမှုမှာ လုံခြုံရေးတပ်ဖွဲ့အား တန်ပြန်ခုခံတိုက်ခိုက်သူတွေအနေနဲ့ ဆူပူအကြမ်းဖက်မှုတွေနဲ့ အရေးယူခံရမှာဖြစ်သလို ငြိမ်းချမ်းစွာစီတန်းလှည့်လည်ဆန္ဒပြသူတွေဟာလည်း လူစုလူဝေး မလုပ်ရဆိုတဲ့ အရေးပေါ်ဥပဒေ၊ ကူးစက်ရောဂါကာကွယ်ရေးဥပဒေတွေနဲ့ အရေးယူခံရမှာဖြစ်ကြောင်း၊ ကျူးလွန်သူတွေကို စုံစမ်းဖမ်းဆီးသွားဖို့ အထူးစုံစမ်းစစ်ဆေးရေးတပ်ဖွဲ့တွေကို တာဝန်ပေးထားတယ်လို့ ထိုင်းရဲတပ်ဖွဲ့က  ပြောပါတယ်။ 

မနေ့က ချင်းမိုင်ဆန္ဒပြပွဲမှာ ချင်းမိုင်တက္ကသိုလ်က ဆန္ဒပြခေါင်းဆောင် ၁၀ ဦးထက်မနည်း အရေးယူခံရတယ်လို့ သိရပါတယ်။

ဘန်ကောက်က ထလုဖာ့ (မိုးကိုဖောက်ခွင်းမည်) လို့ အဓိပ္ပာယ်ရတဲ့ ဆန္ဒပြအဖွဲ့ဟာလည်း ဒီကနေ့ ဩဂုတ် ၁၆ ရက်မှာ ဝန်ကြီးချုပ် ပရာယုဒ်ကျန်အိုးချားအိမ်ထိ အရောက်ချီ တက်ဆန္ဒပြကြမယ်လို့ သိရပါတယ်။

4 months Ago
Up