ကိုဗစ်-၁၉ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံပြီးသူ နိုင်ငံတဝန်းက ထိုင်းလူဦးရေ ၃ သန်းကို အားဖြည့် Booster ကိုဗစ်ကာကွယ်ဆေး ထပ်မံထိုးနှံပေးသွားမယ်လို့ ကိုဗစ်-၁၉ အခြေအနေစီမံကွပ်ကဲရေးစင်တာ(စီစီအက်စ်အေ)က ပြောပါတယ်။
ဒီအစီအစဉ်ကိုတော့ လာမယ့် စက်တင်ဘာ ၂၄ ရက်မှာ စတင်မှာဖြစ်ပြီး ထိုင်း ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန အတည်ပြုချက်နဲ့ ထိုးနှံပေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
အားဖြည့် Booster ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးသွားမယ့် လူဦးရေ ၃ သန်းကတော့ ပြီးခဲ့တဲ့ မတ်လကနေ မေလအတွင်း Sinovac ကာကွယ်ဆေး အပြည့်အဝထိုးနှံထားပြီးသူတွေဖြစ်ကာ ဇွန်လကနေ ဇူလိုင်လအတွင်း ကာကွယ်ဆေး အပြည့်အဝထိုးနှံထားပြီးသူတွေအတွက်တော့ အားဖြည့် Booster ထိုးနှံနိုင်မယ့် ရက်အတိအကျ မသတ်မှတ်ရသေးဘူးလို့ စီစီအက်စ်အေရဲ့ ပြောရေးဆိုခွင့်ရ ဒေါက်တာ အဖီဆမိုင်ဆီရိ ရန်ဆန်က ပြောပါတယ်။
တချိန်တည်းမှာပဲ ဗချီရာဖူးခက်ဆေးရုံမှ ဒါရိုက်တာ ဒေါက်တာ ချလန်ဖောင်ဆူခွန်သဖိုက ထိုင်းနိုင်ငံ ရောဂါထိန်းချုပ်ရေးဌာနကခရိုင်တွင်းလူဦးရေ ၇၂,၅၀၀ ကို အားဖြည့် Booster ကိုဗစ်ကာကွယ်ဆေး AstraZeneca ထိုးနှံပြီးဖြစ်တယ်လို့ ပြောပါတယ်။
ဖူးခက်ဒေသတွင်းမှာတော့ ကာကွယ်ဆေးအပြည့်အဝ ထိုးနှံပြီးကြောင်း မှတ်ပုံတင်ထားတဲ့ ဒေသခံ ၈ သောင်းကျော်ထဲက ၄ သောင်းကျော်ကို စက်တင်ဘာ ၁၂ ရက်နေ့က စတင်ကာ ထိုးနှံပေးခဲ့တယ်လို့ သူက ဆိုပါတယ်။
လာမယ့် စက်တင်ဘာ ၁၉ ရက်နေ့ကနေ ၂၅ ရက်နေ့အတွင်းမှာတော့ ခရိုင်တွင်း ဦးတည်အုပ်စုတွေနဲ့ ဝန်ထမ်းတွေကို Booster ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးသွားဖို့ စီ စဉ်နေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အများပြည်သူတွေ၊ နိုင်ငံခြားသားတွေနဲ့ ရွှေ့ပြောင်းအလုပ်သမားတွေပါ လာမယ့် စက်တင်ဘာ ၂၆ ရက်ကနေ ၃၀ ရက်အတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခွင့် ရရှိမှာဖြစ်တယ်လို့ ဒေါက်တာ ချလန်ဖောင်က ပြောပါတယ်။
ထိုင်းနိုင်ငံမှာတော့ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်နစ်နာခဲ့တဲ့ ခရီးသွားကဏ္ဍကို ပြန်လည် နာလန်ထူနိုင်ဖို့ ကြိုးပမ်းနေပြီး လာမယ့် အောက်တိုဘာလထဲမှာ ကမ္ဘာလှည့်ခရီးသွားတွေ ဝင်ရောက်ခွင့်နဲ့အတူ စာသင်ကျောင်းတွေကိုလည်း နိုဝင်ဘာလမှာ ပြန်လည်ဖွင့်လှစ်နိုင်ဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။
နိုင်ငံတဝန်းမှာတော့ လက်ရှိအချိန်ထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူအရေအတွက်ဟာ ၁ ဒသမ ၄ သန်းကျော်နဲ့ သေဆုံးသူပေါင်း ၁၅,၀၀၀ ကျော်လာခဲ့ပြီဖြစ်ကာ အာဆီယံနိုင်ငံတွေထဲ ရောဂါကူးစက်မှုအမြင့်ဆုံး ထိပ်တန်း ၅ နိုင်ငံထဲမှာ ပါဝင်နေပါတယ်။