ထိုင်းလူမျိုး ၁၃၈ ဦး

February 5, 2020

ဝူဟန်တွင် ပိတ်မိနေသည့် ထိုင်းလူမျိုး ၁၃၈ ဦး အထူးလေယာဉ်ဖြင့်ပြန်ရောက်၊  ၃ ဦး ပြန်လာခွင့်မရ 

တရုတ်နိုင်ငံ၊ ဟူဘေးပြည်နယ်၊ ဝူဟန်မြို့မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ဂယက်ကြောင့် ပိတ်မိနေတဲ့ ထိုင်းနိုင်ငံသားတွေကို ထိုင်းနိုင်ငံအစိုးရအစီအစဉ်နဲ့ အဲအေးရှား လေယာဉ်နဲ့ သွားရောက်ကြိုဆိုခဲ့ရာမှာ  မနေ့ ည ၈ နာရီ ၄၀ မိနစ်အချိန်မှာ ထိုင်းကို ပြန်ရောက်လာကြပါတယ်။  ဝူဟန်မှာ ပိတ်မိနေတဲ့ ထိုင်းနိုင်ငံသား စုစုပေါင်း ၁၄၁ ဦးထဲက ၁၃၈ ဦးသာ ပြန်လာရပြီး ၃ ဦး ကျန်ခဲ့ပါတယ်။ ကျန်ခဲ့သူထဲက ၂ ဦးမှာ သတ်မှတ်ထားတဲ့ ကိုယ်အပူချိန် ၃၇ ဒဿမ ၃ ဒီဂရီ စင်တီဂရိတ် ထက်ပိုမြင့်နေလို့ ဝူဟန်မှာ နောက်ထပ် ၁၄ ရက်ကြာ ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးမှုခံယူရဦးမယ်လို့  ကြိုဆိုရေးအဖွဲ့ခေါင်းဆောင် ဒေါက်တာအဖိချတ်ဝချီရဖန်းက သတင်းထောက်တွေကို ပြောပါတယ် ။  ကျန် ၁ ဦးမှာ တရုတ်ဗီဇာသက်တမ်း ကုန်ဆုံးနေတာကြောင့် လိုက်လာလို့မရဘူးလို့ ဆိုပါတယ်။  ဝူဟန်က ထိုင်းနိုင်ငံသားတွေကို ထိုင်းသံအရာရှိတွေကလည်း ကြည့်ရှုစောင့်ရှောက်နေတဲ့ အတွက် မိသားစုတွေအနေနဲ့ စိတ်မပူဖို့၊ အခြေအနေကောင်းမွန်ရင် နောက်တသုတ် သွားကြိုဖို့ရှိကြောင်းလည်း ဒေါက်တာအဖိချတ်ဝချီရဖန်းက ပြောပါတယ်။  ဝူဟန်ကနေ ပါလာခဲ့သူတွေနဲ့ သွားရောက်ကြိုဆိုသူတွေ အားလုံးဟာ ရောဂါပိုး ကာကွယ်ဝတ်စုံတွေ ဝတ်ဆင်ထားရပြီး အူတဖောင်းလေဆိပ်မှာ သီးသန့်တံခါးပေါက်ကနေ ထွက်လာရပါတယ်။ အဲဒီနောက် အပူချိန်တိုင်းတာမှုကို ထပ်မံခံယူရကြောင်း၊ အဲဒီလို အပူချိန်တိုင်းတာရာမှာ ၆ ဦးက ကိုယ်အပူချိန်မြင့်နေပြီး အဲဒီထဲမှာ တက္ကသိုလ်ကျောင်းသား၂ ဦးက ချောင်းဆိုးနေလို့ သူတို့ကို သီးသန့်ကားနဲ့ ယာယီနားခိုရာ  ရိပ်သာကို ခေါ်ဆောင်ခဲ့ပါတယ်။  ယာယီနားခိုရာရိပ်သာမှာ ထိုင်းအရှေ့တောင်ပိုင်း ချွန်းပူးရီးမြို့နယ် ဆတဟိပ်ဆိပ်ကမ်းမြို့မှာ ရှိပြီး အဆောက်အအုံတွေကို ဇုန်အလိုက် အရောင်နဲ့ သတ်မှတ်ထားပါတယ်။  ဝူဟန်က ပြန်ရောက်လာသူတွေရဲ့ ကျန်းမာရေး ကောင်းမွန်မှုအခြေအနေပေါ် မူတည်ပြီး သက်ဆိုင်ရာဇုန်တွေမှာ နေရာချထားတာပါ။ ဥပမာ အနီရောင် အဆောက်အအုံမှာ ဆိုရင်တော့ အဖျားရှိသူတွေ ထားရှိပြီး တာဝန်ရှိသူမှအပ ဘယ်သူ့ကိုမှ ဝင်ခွင့်မပြုပါဘူး။  သက်ဆိုင်ရာ မိဘတွေမျိုးတွေနဲ့လည်း နောက်ထပ် ၃ ရက်ကြာမှာ လာရောက်တွေ့ဆုံခွင့် ရှိပြီး ဒါတောင်မှ အပြင်ကနေ ဗွီဒီယိုကောလ်နဲ့သာ ပြောဆိုနှုတ်ဆက်ရမှာ ဖြစ်ကြောင်း ချန်နယ်လ် ၃ ထိုင်းတီဗွီသတင်းမှာ ဖော်ပြသွားပါတယ်။
1 year Ago
Up