မြန်မာလူငယ်ဘောလုံးသမား မြတ်ကောင်းခန့်ကို ထိုင်းနိုင်ငံက လိဂ် ၂ မှာ ပြိုင်ပွဲဝင် ယှဉ်ပြိုင်ကစားနေတဲ့ Chainat Hornbill ကလပ်အသင်းက ခေါ်ယူလိုက်ပါတယ်။
လက်ရှိအသက် ၁၉ နှစ်အရွယ်ရှိ ကွင်းလယ်ကစားသမား မြတ်ကောင်းခန့်ဟာ အသက် ၁၇ နှစ်သားကတည်းက မြန်မာလူငယ်အသင်းတွေမှာ လက်ရွေးစင်ဖြစ်ခဲ့ပြီး ဒီနှစ် ဖိလစ်ပိုင် ဆီးဂိမ်းပြိုင်ပွဲမှာ ကြေးတံဆိပ်ဆုရခဲ့တဲ့ မြန်မာ ယူ-၂၂ အသင်းမှာလည်း ခြေစွမ်းပြကစားခဲ့သူ ဖြစ်ပါတယ်။
ဒါ့အပြင် သူ့ရဲ့ မိခင်ကလပ် ရတနာပုံအသင်းကနေ ကစားခဲ့ချိန်က ပွဲစဉ် ၃၄ ခုမှာ အနိုင်ဂိုး ၁၂ ဂိုး သွင်းနိုင်ခဲ့သူ ဖြစ်သလို ဂိုးတွေ ရရှိအောင်လည်း ဖန်တီးပေးနိုင်ခဲ့သူလည်း ဖြစ်ပါတယ် ။
မြန်မာ ယူ-၂၀ အသင်းမှာ ပါဝင်ကစားခဲ့စဉ်က ပွဲစဉ် ၂၄ ကစားပြီး အနိုင်ဂိုး ၁၃ ဂိုး၊ ယူ-၂၂ အသင်းအနေနဲ့ ကစားရာမှာ ပွဲစဉ် ၂၀ အနက် အနိုင်ဂိုး ၅ ဂိုး၊ မြန်မာ့လက်ရွေး စင်ဘောလုံးသမားအနေနဲ့ ပွဲစဉ် ၂ ပွဲမှဦ အနိုင်ဂိုး ၁ ဂိုးသွင်းပေးနိုင်ခဲ့သူဖြစ်ပါတယ် ။
ဒါကြောင့် Chainat Hornbill Football Club အသင်းအနေနဲ့ မြန်မာ့လူငယ်လက်ရွေးစင် ကစားသမား မြတ်ကောင်းခန့်ကို 2020 Thai League 2 အတွက် တစ်ဦးတည်းသော Asean Quota Player အဖြစ် ခေါ်ယူလိုက်တာပါ။
မြတ်ကောင်းခန့်ဟာ ကျောနံပါတ် ၈ နဲ့ သူတို့ရဲ့ အသင်းထဲမှာ ကစားရမှာဖြစ်ပြီး အလယ်တန်းကစားသမားအဖြစ် ကောင်းမွန်စွာကစားနိုင်မယ်လို့ မျှော်လင့်ကြောင်း ၊ Chainat Hornbill ကွင်းကြီးကနေ မြန်မာပြည်သူပြည်သားတွေကို လှိုက်လှဲစွာကြိုဆိုကြောင်း၊ အသင်းရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ရေးသား ဖော်ပြထားပါတယ်။
ဓာတ်ပုံ- Chainat Hornbill FC
1 year Ago