ထိုင်းမှပြန်လာသူများ

May 31, 2020

ထိုင်းမှပြန်လာသူများထဲတွင် ကိုယ်ဝန်ဆောင်အမျိုးသမီး ၁၀ ရာခိုင်နှုန်းခန့်ရှိ

ထိုင်းနိုင်ငံကနေ မြဝတီချစ်ကြည်ရေးတံတားကတဆင့် ပြန်လည်ဝင်ရောက်လာသူတွေထဲမှာ ၁၀ ရာခိုင်နှုန်းလောက်ဟာ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ ​ဖြစ်တယ်လို့ ​ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်၊ ကုသရေး ခရိုင်အဆင့်ကော်မတီ ဥက္ကဋ္ဌ ဦးတေဇာအောင်က ပြောပါတယ်။ နှစ်နိုင်ငံ သဘောတူညီမှုနဲ့ မြန်မာနိုင်ငံသားတွေဟာ မေ ၂၃ ရက်နေ့က စတင်ပြီး မြဝတီ အမှတ် ၂ ချစ်ကြည်ရေးတံတားကနေ ပြန်လည်ဝင်ရောက်လာရာမှာ ၁၀ ယောက်မှာ ၁ ယောက်က ကိုယ်ဝန်ဆောင်တွေဖြစ်တယ်လို့ ဆိုပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဟာ ကိုဗစ်-၁၉ ကူးစက်ခံရမှာကို စိုးရိမ်ကြသလို ကျန်းမာရေးစောင့်ရှောက်မှုခံယူနိုင်ဖို့ ပြန်လာသူတွေများပါတယ်။ ဘားအံမြို့နယ်၊ ဝင်းကျန်ကျေးရွာ မမေသူဝင်းက “ညီမက ၂၁ ရက်နေရမယ်ဆိုတော့ ပိုပြီးတော့ကြိုက်တယ်။ ကိုယ့်မှာက ရောဂါပါလား၊ မပါလားမသိဘူး” လို့ ပြောပါတယ်။ ကိုယ်ဝန်ဆောင်တွေမှာ ဖြစ်တတ်တဲ့ စိတ်ပင်ပန်းမှုကြောင့်ဖြစ်တဲ့ သွေးပေါင်တက်တာကို ဂရုစိုက်ပြီးစစ်ပေးနေရတယ်လို့ မြဝတီခရိုင် ပြည်သူကျန်းမာရေးဦးစီးဌာန(တွဲဖက်)ဒေါက်တာ နေဝင်းလင်းက ပြောပါတယ်။ ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ်၊ ခလပ်ကျေးရွာ မဖြူဖြူဖွေးက “နည်းနည်းတော့ စိုးရိမ်စိတ်တွေရှိတယ်။ ကူးများ ကူးမလား။ ကိုယ့်မှာပါလို့ သူများကူးမလား အဲလိုမျိုး စိုးရိမ်တယ်။ ဗိုက်ကြီးသည်ဆိုတော့ ကလေးအတွက်လည်း စိုးရိမ်တယ်"လို့ ပြောပါတယ်။ ရခိုင်၊ ကချင်၊ ချင်း၊ ကယား ကရင်ပြည်နယ်အတွင်းက ကိုယ်ဝန်ဆောင်အမျိုးသမီး ၁၀၀ နီးပါးကို မြဝတီမြို့ Quarantine စခန်းတွေမှာ သီးသန့်ထားရှိပြီး ကျန်းမာရေးစောင့်​ရှောက်ပေးနေပါတယ်။ ကျန်ကိုယ်ဝန်ဆောင်အမျိုးသမီးတွေကိုတော့ သက်ဆိုင်ရာ တိုင်းနဲ့ပြည်နယ်အသီးသီးက Quarantine စခန်းတွေကို ဝင်ရောက်နိုင်ဖို့ လွှဲပြောင်းအပ်နှံပြီးဖြစ်သလို ပြန်လည်ဝင်ရောက်လာသူတွေထဲမှာ ကရင်ပြည်နယ်က အမျိုးသမီးအများဆုံးဖြစ်တယ်လို့ တာဝန်ရှိသူက ပြောပါတယ်။ မေ ၃၀ ရက်နေ့အထိ ထိုင်းနိုင်ငံကနေ တရားဝင် ပြန်လည်ဝင်ရောက်လာတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၃၃၀၀ ကျော်၊ သီးခြားဝင်ရောက်လာသူ ၆၀၀၀ ကျော်ရှိပါတယ်။ ရဲမင်းခေါင်
1 year Ago

March 23, 2020

ထိုင်းမှ ပြန်လာသူများကို စောင့်ကြည့်စစ်ဆေးခြင်းမရှိသဖြင့် ပြွန်တန်ဆာ ဒေသခံများ စိုးရိမ်

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ပြွန်တန်ဆာမြို့မှာ ထိုင်းနိုင်ငံမှ ပြန်လာသူတွေကို ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်​ပြီး တာဝန်ရှိသူ​​တွေက စောင့်ကြည့်စစ်ဆေးတာမျိုး မ​ပြုလုပ်တာ​​​ကြောင့် စိုးရိမ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မတ်လ ၂၁ ရက်ညက ထိုင်းနိုင်ငံမှာ အလုပ်သွားလုပ်ပြီ ပြွန်တန်ဆာ​မြို့၊  မြို့မ ၁ မင်းတဲအပိုင်း ယုဇနလမ်းကိုပြန်လာသူ ၂ ဦးနဲ့ လျှပ်စစ်လမ်းကို ပြန်လာသူ ၁ ဦးတို့ ရှိခဲ့တယ်လို့ ဒေသခံ ဒေါ်မာမာအောင်က ပြောပါတယ်။ အုပ်ချုပ်ရေးမှူးတွေ ရာအိမ်မှူးတွေက ​မြို့နယ်ကို အသိပေးအကြောင်းကြားမျိုး ရှိ မရှိတော့ မသိရပေမယ့် ပြန်လာနေထိုင်တဲ့သူတွေကို ကျန်းမာရေးစစ်ဆေးစောင့်ကြည့်တာမျိုးမတွေ့ရတာ ကြောင့် စိုးရိမ်နေရတယ်လို့ ဆိုပါတယ်။ ရွေ့ပြောင်းလုပ်သား ၂ ဦးဟာ ထိုင်းနိုင်ငံ ဘန်ကောက်​မြို့က​နေ ​​မြဝတီဘက်ကိုအမှတ် ၂ တံတားကနေ ကူးပြီး ​ပြန်လာကာ နေအိမ်ကို​ မ​နေ့ညက ပြန်​ရောက်​နေတာ​ဖြစ်​ပြီး အခုအချိန်ထိတော့ တာဝန်ရှိသူတွေ လာရောက် စစ်ဆေးတာ တော့မရှိသေးဘူးလို့ ထိုင်းနိုင်ငံက ပြန်လာသူတွေက ​ပြောပါတယ်။ သက်ဆိုင်ရာရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူး ရာအိမ်မှူး ဆယ်အိမ်မှူးတွေကို နိုင်ငံခြားမှ ပြန်လာသူတွေရှိပါက ကျန်းမာရေးဦးစီးဌာနနဲ့ မြို့နယ်ကို အမြန်ဆုံးအကြောင်းကြားဖို့ ညွှန်ကြားထားပြီးဖြစ်ပါတယ်။  ခုအချိန်ထိ ပြွန်တန်ဆာမြို့မ ၁ ရပ်ကွက် မင်းတဲအပိုင်းကို ထိုင်းနိုင်ငံက ပြန်လာသူ ရှိတယ်ဆိုတာကို မသိရှိရသေးဘူးလို့ ညောင်လေးပင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနော်မိုင်လှကြည်က ဒီဗွီဘီကို ပြောပါတယ်။ "ကျနော်တို့ ခုပဲ ပြွန်တန်ဆာမြို့အုပ်နဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို ခေါ်ထားပါတယ်။ ပြီးတာနဲ့ချက်ချင်း ကွင်းဆင်းစစ်ဆေးသွားမှာပါ။" ညောင်လေးပင်မြို့နယ် ပြွန်တန်ဆာမြို့အောက်စုကျေးရွာမှာ ခုရက်ပိုင်းအတွင်း ထိုင်းနိုင်ငံက ပြန်လာသူ ၈ ဦးလောက်ရှိနေပြီး ကျန်းမာရေးဝန်ထမ်းတွေ စောင့်ကြည့်စစ်ဆေးတာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ ထိုင်းနိုင်ငံက ပြန်လာတဲ့  မြန်မာတွေအနေနဲ့ ၁၄ ရက်တာ နေအိမ်မှာ အသွားအလာကန့်သတ်နဲ့ နေထိုင်ရမယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဒေါက်တာ မြင့်ထွေးက ပြောထားပါတယ်။ သတင်း - နေလင်းထိုက်
2 years Ago
Up