ထိုင်းမြန်မာနယ်စပ်

January 11, 2023

မြန်မာနယ်စပ်မှ စိတ်ကြွဆေး ၂ သန်းခန့်တင်လာသည့်ကား ထိုင်းရဲကားကိုတိမ်းရှောင်စဉ် လမ်းဘေးထိုးကျ

ထိုင်း-မြန်မာနယ်စပ်၊ ချင်းမိုင်ခရိုင်၊  ဝိန်းဟိုင်မြို့နယ်ကနေ မူးယစ်ဆေးဝါးသယ်ဆောင်ပြီး ထိုင်းနိုင်ငံအတွင်းပိုင်းကို ဝင်ရောက်ဖို့ ကြိုးစားတဲ့ကား တစီးဟာ လမ်းခုလပ်မှာ ရဲကားလိုက်လာတဲ့အတွက် ရှောင်ပြေးစဉ် လမ်းဘေးကိုထိုးကျသွားခဲ့တယ်လို့ ချင်းမိုင်နယူးစ် သတင်းမှာ ဖော်ပြပါတယ်။

ဒီနေ့ ဇန်နဝါရီ ၁၁ ရက် မနက်စောစောက အမှတ် ၃၃၅ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဟာ နယ်မြေထဲမှာ တရားဥပဒေစိုးမိုးရေး လုံခြုံရေးဆောင်ရွက်နေစဉ် မြန်မာနယ်စပ် ဝိန်းဟိုင်၊ ချင်းဒေါင်းဘက်ကနေ မဲ့တိုင်မြို့နယ်ဘက် မောင်းနှင်လာတဲ့ တိုယိုတာဟိုင်းလပ်စ်ကား တစီးဟာ မသင်္ကာဘွယ်ဖြစ်ကြောင်း သတင်းပေးချက်ရလို့ အဆိုပါကားနောက်ကို နောက်ယောက်ခံလိုက်ခဲ့တယ်လို့ တာဝန်ရှိသူတဦးက သတင်းထောက်ကို ပြောပါတယ်။

အဲဒီကားဟာ ရဲတွေ နောက်ကလိုက်လာတာကို သိသွားပြီး အရှိန်မြှင့်မောင်းနှင်ခဲ့ကြောင်း၊ ချင်းမိုင်-ဖရောဝ့်သွား ကားလမ်းမကြီးကနေ ဆန်ဆိုင်းမြို့နယ် နောင်ဟန်ရပ်ကွက်ထဲ မောင်းသွားချိန် ကားစက်ပျက်ကာ လမ်းဘေးကို ထိုးကျသွားခဲ့တယ်လို့ ဆိုပါတယ်။

တာဝန်ရှိသူတွေ မီလာတဲ့အခါမှာ ကားမောင်းသူရော လိုက်ပါလာသူပါ မှောင်ရိပ်ခို ထွက်ပြေးသွားကြောင်း၊ ကားနောက်ခန်းကို စစ်ဆေးရာမှာ မြွေရေခွံအိတ် ၁၁ လုံးကို တွေ့ရတာလို့ ဆိုပါတယ်။

အဆိုပါအိတ်ထဲမှာတော့ L အမှတ်တံဆိပ် စိတ်ကြွဆေးပြား ၁,၉၉၀,၀၀၀ (၂ သန်းနီးပါး) ပါဝင်တယ်လို့ ချင်းမိုင်နယူးစ်သတင်းမှာ ဖော်ပြပါတယ်။

မယ်ဆိုင်နယူးစ်သတင်းမှာတော့ အဆိုပါကားနဲ့တဖွဲ့တည်း နောက်ထပ်ကား နှစ်စီး ရှိသေးကြောင်း၊ သူတို့ဟာ မြန်မာနယ်စပ် ဝိန်းဟိုင်၊ ချိန်းဒေါင်း၊ ဖန်မြို့နယ်ဘက်က မောင်းနှင်လာပြီး တစီးကိုသာ ပိုင်ရှင်မဲ့ ဖမ်းဆီးရမိတာလို့ ဖော်ပြထားပါတယ်။

3 months Ago

May 6, 2022

တာ့ခ်ခရိုင်တွင် တရားမဝင် ဝင်လာသည့် မြန်မာ ၁၅၆ ဦး ဖမ်းဆီးခံရ

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် ဝမ်းကျောက်မြို့နယ်ထဲမှာ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၁၅၆ ဦးကို တာဝန်ရှိသူတွေက ဖမ်းဆီးရမိခဲ့တယ်လို့ AEC အာဆီယံထိုင်းသတင်းမှာ ဖော်ပြပါတယ်။

နယ်မြေထဲမှာ တရားမဝင် အလုပ်သမားတွေ ဝင်ရောက်လာဖို့ရှိကြောင်း သတင်းရတဲ့အတွက် စစ်တပ်၊ ရဲနဲ့ ကျေးရွာလုံခြုံရေးအဖွဲ့တွေဟာ နယ်စပ်တလျှောက် ကင်းလှည့်စောင့်ကြပ်စဉ် ဒီနေ့မနက်အစောပိုင်းက ချိန်းထောင်းကျေးရွာအုပ်စု ဘန့်ဒဲန်ဝိုးကျေးရွာအနီး ကပေါတောင်ခပန်းက တောထဲမှာ အထုပ်အပိုးတွေ သယ်ပြီး လျှောက်လာနေတဲ့သူတွေကို တွေ့ရှိတာလို့ တာဝန်ရှိသူက သတင်းထောက်ကို ပြောပါတယ်။

စစ်ဆေးမေးမြန်းရာမှာ အမျိုးသား ၈၃ ဦး၊ အမျိုးသမီး ၇၃ ဦး စုစုပေါင်း ၁၅၆ ဦးရှိပြီး မြန်မာဘက်ခြမ်းကနေ တရားမဝင် ဝင်ရောက်လာတာလို့ ဆိုပါတယ်။

တာဝန်ရှိသူတွေက သူတို့ကို ကိုဗစ်-၁၉ ကာကွယ်ရေး ကိုယ်အပူချိန်တိုင်းပြီး လိုအပ်သလို အရေးယူဖို့ ဝမ်းကျောက်မြို့နယ် အုပ်ချုပ်ရေးရုံးကို ခေါ်ဆောင်လာခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

11 months Ago
More News
Up