ထိုင်းမိန်းကလေး ၄ ဦး

A d v e r t i s e m e n t With Us

April 7, 2020

ဘီယာအတူသောက်ခဲ့ကြသည့် ထိုင်းမိန်းကလေး ၄ ဦးလုံး COVID-19 ကူးစက်ခံရ

ထိုင်းနိုင်ငံအရှေ့ပိုင်း ပရကျင်းပူရီခရိုင်ထဲက မိန်းကလေး ၁ ဦးဟာ သူငယ်ချင်း ၄ ယောက်နဲ့ ဘီယာအတူသောက်ခဲ့ပြီးနောက် ၄ ဦးလုံး  COVID-19 ကူးစက်ခံထားရတယ်လို့ အဲန် (အမည်ရင်းမဟုတ်) ဆိုတဲ့ မိန်းကလေးက သူ့ရဲ့ လူမှုကွန်ရက်ကနေတဆင့် ဖွင့်ဟဝန်ခံခဲ့ပါတယ်။  အဲန်မှာ အသက် ၂၂ နှစ်ရွယ်ရှိပြီး ပရကျင်းပူရီခရိုင်ရဲ့ ၅ ယောက်မြောက် COVID-19 ကူးစက်ခံရသူဖြစ်ကြောင်း ပရကျင်းပူရီခရိုင် ကျန်းမာရေးဦးစီးဌာန COVID-19 ကာကွယ်တားဆီးရေးကော်မတီက ပြီးခဲ့တဲ့ ရက်ပိုင်းက ကြေညာခဲ့ပါတယ်။  အဲန်ဟာ ဘန်ကောက်ရာ့ချ်ဒါးနယ်မြေရှိ ဘားဆိုင်တဆိုင်မှာ အလုပ်လုပ်နေတာဖြစ်ပြီး ပြီးခဲ့တဲ့ မတ်လ ၁၈ ရက်က အဖော် ၄ ယောက်နဲ့ ဘီယာကို ပိုက်တခုတည်း ပုလင်းတလုံးတည်း အတူသောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။  အဲဒီနောက် သူမဟာ ပရကျင်းပူရီခရိုင် ကဘင်မြို့ရှိ နေအိမ်ကို ကိုယ်ပိုင်ကားနဲ့  ပြန်ရောက်ပြီး ဧပြီလ ၂ ရက်နေ့က ဘန်ကောက်က သူငယ်ချင်းတွေနဲ့ ဖုန်းဆက်စကားပြောရာမှာ သူနဲ့အတူ ဘီယာသောက်ခဲ့တဲ့ ၃ ယောက်လုံး COVID-19 ကူးစက်ခံရကြောင်း သိရတယ်လို့ ဆိုပါတယ်။  ဒါကြောင့် သူမဟာ ချက်ချင်း ဆေးရုံသွားပြီး COVID-19 စစ်ဆေးကြည့်ခဲ့ကြောင်း၊ ဧပြီလ ၃ ရက်နေ့ ဆေးရုံက ဆေးစစ်ချက် ထွက်လာတော့ သူမမှာလည်း COVID-19 ကူးစက်ခံထားရတာကို သိလိုက်ရတယ်လို့ ဆို ပါတယ်။  ဒီမတိုင်ခင် မတ်လ ၂၅ ရက်နေ့က သူမဟာ ရေအိမ်ဝင်တာ ဘာအနံ့မှ မရကြောင်း၊ ထမင်း ဟင်း စားစဉ် ဘာအနံ့အရသာမှမရဘဲ ဆားကို တို့ကြည့်တာတောင် ငန်တယ်လို့ မခံစားရဘူး ဆိုတာကို သတိထားမိတယ်လို့ ဆိုပါတယ်။   ဒါပေမဲ့ သူမမှာ ဖျားနာတာမရှိဘဲ ပုံမှန်ဖြစ်နေလို့ ကားသွားပြင်တာ၊ ဈေးဝယ်တာတွေ ပုံမှန်လုပ်နေပြီး ၂၈ ရက်မှာ  ဗိုက်နာလို့ ကဘင်မြို့နယ်ဆေးရုံသွားခဲ့ကြောင်း၊ အဲဒီတုန်းကလည်း သာမန်ဗိုက်နာကြောင်းသာ ပြောဆိုပြီး ပြင်ပလူနာအနေနဲ့ သာ ကုသခဲ့တယ်လို့ ဆိုပါတယ်။  COVID-19 အဖြေထွက်ပြီးတဲ့နောက် သူမဟာ မြို့နယ်ဆေးရုံကနေ ကျောက်ဖယား အဖိုင်းဖူးဘစ် ဆေးရုံကြီးကို လွှဲပြောင်း တက်ရောက်ကုသခံနေရပြီး သူမနဲ့ တအိမ်တည်းနေတဲ့ မိသားစုဝင် ၇ ဦးလုံးလည်း ရောဂါကူးစက်မယ့်အခြေအနေ စောင့်ကြည့်ခံနေရပါတယ်။  ဒါ့အပြင် သူမဟာ ဘန်ကောက်က ပြန်ရောက်လာတာနဲ့ အိမ်မှာမနေဘဲ ကားဝပ်ရှော့ ဆိုင်သွားတာ၊ ကုန်တိုက်မှာ ဈေးဝယ်တာ၊ ရပ်ကွက်ဈေးသွားတာ၊ အိမ်မှာ ဧည့်သည်တွေကို လက်ခံ စကားပြောခဲ့တာ၊ ဆာကျောက်ခရိုင်သို့ ခရီးထွက်ခဲ့တာတွေ လုပ်ခဲ့လို့ သူနဲ့ တွေ့ဆုံကြုံခဲ့ရသူ လူ ၄၀ ကျော် မိမိကိုယ်မိမိ သတိထားပြီး ထူးခြားမှုရှိက သက်ဆိုင်ရာ ဆေးရုံမှာ သွားရောက်စစ်ဆေးကြဖို့ ခရိုင်ကျန်းမာရေးဌာနက တိုက်တွန်းနှိုးဆော်ထားပါတယ်။  ကိုးကား - ထိုင်းရတ် / ချနယ်လ် ၃ ထိုင်းတီဗွီ / ဒေလီနယူးစ်
11 months Ago
Up