ထိုင်းနိုင်ငံ

December 2, 2022

ထိုင်းတွင် ကိုဗစ်-၁၉ မျိုးစိတ်သစ် ကူးစက်သူ ၁ ဦးတွေ့

ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ဗီဇမျိုးစိတ်သစ်ပိုး ကူးစက်ခံရသူ ၁ ဦး တွေ့ရှိပြီး ပြည်သူတွေအနေနဲ့ ခုခံအားကောင်းမွန်စေဖို့ ကိုဗစ်-၁၉ ကာကွယ်ဆေးကို ၄ ကြိမ်ထိ ထိုးနှံထားကြဖို့ ကျန်းမာရေးဝန်ကြီးက သတိပေးထားပါတယ်။

အဆိုပါ ကိုဗစ်-၁၉ ဗီဇမျိုးစိတ်သစ်အမည်မှာ XBC Deltacron ဖြစ်ပြီး ကူးစက်ခံရသူမှာ အသက် ၄၇ နှစ်အရွယ် ထိုင်းအမျိုးသမီး ၁ ဦးလို့ ဆိုပါတယ်။ သူမဟာ အိမ်မှာ ATK နဲ့ မိမိဘာသာ အရင်စစ်ပြီး ဆေးရုံရောက်တော့ RT-PCR စနစ်နဲ့ ပြန်စစ်ရာမှာ အဆိုပါမျိုးစိတ်သစ်ကို စစ်ဆေးတွေ့ရှိတာလို့ ထိုင်းနိုင်ငံ ကူးစက်ရောဂါထိန်းချုပ်ရေးဌာန ညွှန်မှူး ဒေါက်တာ နရေ့ကရတ်ဆ်နိုင်းဝိဝုန်းက ဒီဇင်ဘာ ၁ ရက်နေ့ သတင်းစာရှင်းပွဲမှာ ပြောပါတယ်။

သူမဟာ ဒီမတိုင်ခင်က ကိုဗစ်-၁၉ ကာကွယ်ဆေး ၃ ကြိမ် (AStraZeneca နဲ့ Pfizer) ကို ထိုးနှံခဲ့ပြီး ရောဂါအခြေအနေ မပြင်းထန်ဘဲ သက်သာပျောက်ကင်းပြီဖြစ်ကြောင်း၊ ထိုင်းနိုင်ငံရဲ့ ကိုဗစ်-၁၉ လူနာအခြေအနေမှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၀ ရက်မှ ၂၆ ရက်အတွင်း ဆေးရုံမှာ တက်ရောက်ကုသနေသူပေါင်း ၄,၉၁၄ ဦး၊ ပျမ်းမျှ ၁ ရက်ကို ၇၀၂ ဦးရှိပြီး သေဆုံးသူမှာ ၇၄ ဦး ပျမ်းမျှ တနေ့ကို သေဆုံးသူ ၁၀ ဦးရှိတယ်လို့ ဒေါက်တာ နရေ့က ဆက်ပြောပါတယ်။

လက်ရှိအခြေအနေမှာ ကိုဗစ်-၁၉ ကို သာမန်ရောဂါလို သဘောထားပြီး ပြည်သူတွေ ပုံမှန်နီးပါး ပြန်လည်သွားလာနေထိုင်နေကြပေမဲ့ သတိထားဖို့တော့ လိုအပ်ကြောင်း၊ ကျန်းမာရေးဌာနအနေနဲ့လည်း ပြည်သူလူထုထဲမှာ၊ လူသိပ်သည်းပြီး ရောဂါပြန့်ပွားလွယ်တဲ့ နေရာတွေမှာ စဉ်ဆက်မပြတ် စစ်ဆေးကုသမှုတွေရှိနေကာ အခြေအနေကို သတိထား စောင့်ကြည့်နေတယ်လို့ ပြောပါတယ်။

ထိုင်းကျန်းမာရေးဝန်ကြီး ဒေါက်တာ အနုထင်းချိုင်းဝီရကွန်းကလည်း ဒီလဟာ နှစ်တနှစ်ရဲ့ နောက်ဆုံးလ၊ ခရီးသွားဧည့်သည်တွေ အသွားအလာများလို့ သတိထားဖို့၊ ကိုဗစ်-၁၉ ကာကွယ်ဆေး လုံးဝ မထိုးနှံရသေးသူတွေ၊ ၆၀၈ အုပ်စု (အသက် ၆၀ နှစ်အထက်နဲ့ ရောဂါအခံရှိသူ၊ ကိုယ်ခံအားနည်းသူတွေ) အနေနဲ့ ကာကွယ်ဆေး မဖြစ်မနေထိုးနှံဖို့၊ နီးစပ်ရာ ပြည်သူ့ဆေးရုံတွေမှာ အခမဲ့ထိုးနှံနိုင်ကြောင်း၊ ကာကွယ်ဆေးမထိုးက ကိုဗစ်-၁၉ ကူးစက်ခံရရင် ဝေဒနာပြင်းစွာခံစားရပြီး အသက်ပါဆုံးရှုံးနိုင်တယ်လို့ ထပ်လောင်း သတိပေးပါတယ်။

ကာကွယ်ဆေးထိုးနှံပြီးသူတွေ အနေနဲ့လည်း ခုခံအားတွေ ပိုမိုကောင်းမွန်အောင် တကြိမ်နဲ့ တကြိမ် ၄ လနဲ့ ၆ လခြား စုစုပေါင်း ၄ ကြိမ်အထိ ထိုးနှံထားကြဖို့ တိုက်တွန်းထားပါတယ်။

6 days Ago

November 23, 2022

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့က ရှမ်းနှစ်သစ်ကူးပွဲတော် (ဓာတ်ပုံ)

ရှမ်းနှစ်သစ်ကူးပွဲတော်ကို ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့မှာ နိုဝင်ဘာ ၂၂ ရက်ညက ကျင်းပရာမှာ ရှမ်းတိုင်းရင်းသားတွေ၊ ရွှေ့ပြောင်းအလုပ်သမားတွေအများအပြား ပါဝင်ဆင်နွှဲခဲ့ကြပြီး  ရှမ်းပြည်က နာမည်ကြီး အနုပညာရှင်တွေပါ ဖိတ်ခေါ် ဖျော်ဖြေခဲ့ကြပါတယ်။

ရှမ်းနှစ်သစ်ကူးပွဲတော်ဟာ နှစ်စဉ် နတ်တော်လဆန်း ၁ ရက်နေ့မှာ ကျရောက်ပြီး ဒီနှစ် နိုဝင်ဘာ ၂၂ ရက် တန်ဆောင်မုန်းလကွယ် ညသန်းခေါင်ယံမှာ ရှမ်းနှစ် ၂၁၁၆ ကုန်ဆုံးကာ ဒီနေ့ နိုဝင်ဘာ ၂၃ မှာတော့ ၂၁၁၇ နှစ်သစ်ကို ကျရောက်တာ ဖြစ်ပါတယ်။

ရှမ်းရိုးရာကောက်သစ်စားပွဲနဲ့ နှစ်သစ်ကူးပွဲတော်ကို  မြန်မာ့နိုင်ငံရေး၊ စစ်ရေးနဲ့ စီးပွါးရေး အကျပ်အတည်းကာလမှာပဲ မြို့ကြီးတချို့ကလွဲလို့ ပြည်တွင်း ရှမ်းဒေသတချို့နဲ့ ပြည်ပရောက် ရှမ်းတိုင်းရင်းသားတွေကြားမှာ ရိုးရာမပျက် ကျင်းခဲ့ကြပါတယ်။

ရှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံ၊ တာချီလိတ် ၊ ရှမ်းပြည်မြောက်ပိုင်း မူဆယ်၊ နမ့်ခမ်း၊ တန့်ယန်း ၊ သိန္နီ၊ သီပေါ၊ ကျောက်မဲ ၊ ရှမ်းပြည်တောင်ပိုင်း နမ့်စန်၊ မိုင်းပန်၊ မိုင်းကိုင်၊ ကျေးသီး၊ လဲချားမြို့နယ်၊ မြေပြန့် ရန်ကုန်နဲ့ မန္တလေး စတဲ့ မြို့တွေမှာလည်း ရှမ်းနှစ်သစ်ကူးပွဲ ကျင်းပခဲ့ပေမဲ့ မကျင်းပနိုင်တဲ့ မြို့နယ်တွေလည်း များစွာရှိတယ်လို့ သိရပါတယ်။

2 weeks Ago
More News
Up