ထိုင်းဒုဗိုလ်ချုပ်ကြီး

September 22, 2021

မြန်မာနယ်စပ်တလျှောက် လက်နက်မှောင်ခိုမှု ထိုင်းဒုဗိုလ်ချုပ်ကြီး သတိပေး

မြန်မာနိုင်ငံနဲ့ နယ်စပ်တလျှောက်မှာ လုံခြုံရေး ထောက်လှမ်းရေးအေဂျင်စီတွေအနေနဲ့ မှောင်ခိုသမားတွေ အသုံးပြုတဲ့ လက်နက်ဒိုင်တွေ၊ သယ်ယူပို့ဆောင်ရေးလမ်းကြောင်းတွေနဲ့ ငွေကြေးအလွှဲအပြောင်း လမ်းကြောင်းတွေကို သတင်းအချက်အလက် ရအောင် အာရုံစိုက်ကြဖို့ ဗိုလ်ချုပ်ပရာဝစ်က ညွှန်ကြားထားတယ်လို့ သိရပါတယ်။

လက်နက်မှောင်ခိုမှုနဲ့ကာကွယ်ဖို့ သတိဝီရိယ ပိုထားကြဖို့ ထိုင်းလုံခြုံရေးအေဂျင်စီတွေကို ထိုင်းဒုတိယ၀န်ကြီးချုပ် ပရာဝစ်ဝုန်ဆူဝမ်ဆီက ညွှန်ကြားထားတာလို့ ထိုင်းကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်ချုပ်ကြီး ကွန်ချိ(ပ်) သန်တရာဝါနစ်ချ်က စက်တင်ဘာ ၂၁ ရက်နေ့မှာ ပြောပါတယ်။ 

အာဏာသိမ်းစစ်အုပ်စုနဲ့ ခုခံတော်လှန်သူတွေကြား တိုက်ပွဲများပိုမိုပြင်းထန်လာနေတဲ့ မြန်မာနိုင်ငံကို စစ်သုံးအဆင့် လက်နက်တွေကို မှောင်ခိုကူးနေတဲ့ လက်နက်အရောင်းအဝယ်လုပ်သူတွေရဲ့ လတ်တလော အစီရင်ခံစာတွေအရ ထုတ်ပြန်တာလို့ ဆိုပါတယ်။

ချွန်ဘူရီခရိုင် ဆပ်သာဟစ်ပ်နယ်မြေမှာ မကြာသေးခင်က လက်နက်မှောင်ခိုသမားတွေကို ဖမ်းဆီးမိခြင်းမှာ ပြည်နယ်အရာရှိတွေ အပါအဝင် အသိုင်းအဝိုင်း အတော်များများက လူတွေနဲ့ ဆက်သွယ်မှုတွေရှိနေတာကို ဖော်ထုတ်ခဲ့ပါတယ်။

စုံစမ်းစစ်ဆေးမှုတွေကို ချဲ့ထွင် လုပ်ဆောင်နေတယ်လို့ ပြောပေမဲ့လည်း အသေးစိတ်တော့ မပြောခဲ့ဘူးလို့ ဆိုပါတယ်။

ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှု ဘယ်လိုပုံစံမျိုးကိုမှ ထောက်ခံခြင်းမရှိပါဘူးလို့ ဗိုလ်ချုပ်ပရာဝစ်ကို ကိုးကားပြီး ဒုဗိုလ်ချုပ်ကြီး ကွန်ချိ(ပ်)က ပြောဆိုပါတယ်။ 

စစ်တပ်၊ ရဲနဲ့ အုပ်ချုပ်ရေး၀န်ထမ်းတွေကို သူတို့ရဲ့လက်နက်တွေ၊ ခဲယမ်းမီးကျောက်တွေနဲ့ လက်နက်ပစ္စည်းသိုလှောင်ရုံတွေကို သူခိုးရန်ကနေ ကာကွယ်ဖို့အတွက် လုံခြုံရေးမြှင့်တင်ထားကြဖို့ အမိန့်ပေးထားပါတယ်။

ဗိုလ်ချုပ်ပရာဝစ်က လက်နက်တွေ အခိုးခံရတဲ့ တပ်ဖွဲ့တွေကိုလည်း နောက်ထပ် စုံစမ်းစစ်ဆေးမှုတွေ လုပ်စေပြီး တာဝန်ရှိသူတွေကို ရှာဖွေဖော်ထုတ်ဖို့နဲ့ ဒီလက်နက်တွေကို အကြမ်းဖက်မှုတွေအတွက် အသုံးမပြုသေးခင် တတ်နိုင်သမျှအမြန်ဆုံး အခိုးခံရတဲ့လက်နက်တွေ ပြန်ရအောင်ယူဖို့ ညွှန်ကြားထားတယ်လို့ ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောကြားထားပါတယ်။ 

4 weeks Ago
Up