ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ခရိုင်က အွန်လိုင်း ပညာရေးနဲ့ အလှမ်းဝေးတဲ့ ခရိုင် ၃ ခုတွင်း တောင်ပေါ်ဒေသတွေမှာ နေထိုင်ကြတဲ့ ကျောင်းသားကလေးငယ်တွေကို စာသင်ကြားပေးနိုင်ဖို့ ဆရာဆရာမတွေ စေလွှတ်ခဲ့တယ်လို့ သည်နေးရှင်းသတင်းမှာ ဒီကနေ့ ဖော်ပြပါတယ်။
လောင်ပယ်ဝစ်ထရာ စာသင်ကျောင်းမှ စေလွှတ်လိုက်တဲ့ ဆရာဆရာမတွေအနေနဲ့ အဓိကဘာသာရပ် ၄ ခုဖြစ်တဲ့ သိပ္ပံ၊ သင်္ချာ၊ ထိုင်းနဲ့ အင်္ဂလိပ်ဘာသာရပ်တွေကို ချင်းမိုင်၊ တာ့ခ်နဲ့ မယ်ဟောင်ဆောင်ခရိုင်ထဲက ကျောင်းသားကလေးငယ်တွေကို တပတ်တကြိမ် သင်ကြားပေးကြရမှာ ဖြစ်ပါတယ်။
ကျောင်းအုပ်ချုပ်မှု ဒါရိုက်တာ ဆီယမ်ရီအန်ဆွတ်ခ်ဆိုင်က တချို့သော ကျေးလက် တောင်ပေါ်ဒေသတွေမှာ နေထိုင်ကြရတဲ့ ကျောင်းသားကလေးငယ်တွေဟာ လျှပ်စစ်မီးနဲ့ အင်တာနက်ရရှိနိုင်ဖို့ မဖြစ်နိုင်တဲ့အတွက် ကျောင်းက ဆရာဆရာမတွေကို ခုလိုစေလွှတ်ဖို့ ဆုံးဖြတ်ရတာလို့ ဆိုပါတယ်။
လောင်ပယ်ဝစ်ထရာ စာသင်ကျောင်းမှာ ဆရာဆရာမဦးရေ ၅၀ ရှိနေပြီး ခုလိုစေလွှတ်တဲ့ အစီအစဉ်မှာတော့ ကျောင်းသားကျောင်းသူ ၁၀ ယောက်ကနေ ၁၅ ယောက် ကြားရှိတဲ့ အတန်းတတန်းကို ဆရာတယောက်နှုန်းနဲ့ သင်ကြားစေမယ်လို့ ဆိုပါတယ်။
လတ်တလောကာလမှာ COVID-19 ကပ်ဘေးကြောင့် ကျောင်းတွေမှာ သင်ကြားမှုပုံစံတွေ ပြောင်းလဲလာခဲ့ပြီး အွန်လိုင်းသင်ကြားမှုစနစ်ကို စတင်နေချိန်မှာ ပြင်ပကမ္ဘာနဲ့ ထိတွေ့မှုမလုပ်နိုင်တဲ့ တောင်ပေါ်ဒေသ ကလေးငယ်တွေအတွက် ခုလိုစီစဉ်တာလို့ သိရပါတယ်။
8 months Ago