ထိုင်းခရီးသွားစက်လှေ

September 22, 2021

မြန်မာ့ရေပိုင်နက်ထဲဝင်လာသည့် ထိုင်းခရီးသွားစက်လှေကို ထိုင်းအာဏာပိုင်များထံ ပြန်ပေးအပ်

ထိုင်းတောင်ပိုင်း ရနောင်းခရိုင်ထဲကနေ မြန်မာ့ရေပိုင်နက်ထဲ နယ်မြေကျွံဝင်ရောက်သွားတဲ့ ထိုင်းခရီးသွားစက်လှေတစ်စီးကို မြန်မာအာဏာပိုင်တွေက တစ်နှစ်ကျော် ထိန်းသိမ်းထားရာက စက်တင်ဘာ ၂၂ ရက်ဒီကနေ့ မနက်မှာတော့  ထိုင်းအာဏာပိုင်လက်ထဲကို ပြန်လည်အပ်နှင်းလိုက်ပါတယ်။

Polaris One အမည်ရှိ အဆိုပါစက်လှေ ပြန်လည်အပ်နှံပွဲကို  ကော့သောင်းမြို့ နယ်စပ်ဂိတ်မှာ ကျင်းပပြီး ထိုင်းဘက်က ရနောင်းခရိုင်ရေကြောင်းတပ်၊ ခရိုင်အမျိုးသားလုံခြုံရေး၊ တိုင်းဒေသ ၆ ရဲတပ်ဖွဲ့စတဲ့ ဌာနဆိုင်ရာတာဝန်ရှိသူတွေ၊ ခရိုင်ခရီးသွားလုပ်ငန်း ဥက္ကဋ္ဌက လာရောက်လက်ခံရယူခဲ့ ပါတယ်။ 

မြန်မာဘက်ခြမ်းအာဏာပိုင်တွေကလည်း ထိုင်း-မြန်မာနှစ်နိုင်ငံ ရေရှည်ဆက်ဆံရေးကောင်း မွန်ဖို့အတွက် အခုလိုပြန်လည်လွှဲပြောင်းပေးအပ်တာလို့ ပြောဆိုပါတယ်။ 

ထိုင်းဘက်ခြမ်း တာဝန်ရှိသူတွေကတော့ ရနောင်းနဲ့ ကော့သောင်းဟာ နယ်နိမိတ်ချင်း ထိစပ်နေပြီး နှစ်ဘက်ပြည်သူတွေချင်းလည်း နီးကပ်ရင်းနှီးကာ စီးပွားရေး၊ လူမှုရေးတွေမှာ တဘက်နဲ့တဘက် အမှီသဟဲပြုနေကြကြောင်း၊  မြန်မာဘက်ကျွံဝင်သွားတဲ့လှေ ကောင်းမွန်စွာ ပြန်လည်ရရှိတဲ့အတွက် ကျေးဇူးတင်ကြောင်း ပြောခဲ့ပါတယ်။ 

Polaris One အမည်ရှိ စက်လှေဟာ ပြီးခဲ့တဲ့နှစ် မေလ ၈ ရက်က ကမ္ဘာလှည့်ခရီးသည်တွေပါ တင်ဆောင်ပြီး ပင်လယ်ထဲလည်ပတ်နေစဉ် မြန်မာ့ရေပိုင်နက်ထဲကျွံဝင်သွားလို့ မြန်မာအာဏာပိုင် တွေက ဖမ်းဆီးထိန်းသိမ်းထားခဲ့တာပါ။

လှေပေါ်မှာ ထိုင်းလူမျိုးရော နိုင်ငံခြားသားတွေပါ ၂၄ ဦး လိုက်ပါသွားပြီး  ထိုင်းအာဏာပိုင်နဲ့ သက်ဆိုင်ရာမိသားစုဝင်တွေက တောင်းဆိုတဲ့အတွက် ပြီးခဲ့တဲ့ ၂၀၂၀  ဒီဇင်ဘာ ၁၅ ရက်နေ့မှာ လူ အယောက် ၂၀ ဦး ၊ ၂၀၂၁ ဇန်နဝါရီ ၈ ရက်နေ့မှာ ၄ ယောက် အသီးသီးပြန်လွှတ်ပေးခဲ့ပါတယ်။ 

သူတို့စီးလာတဲ့စက်လှေကိုတော့ ဒီကနေ့မနက်ပိုင်းမှာမှ ပြန်လည်လွှဲပြောင်းပေးအပ်လိုက်တာ ဖြစ်ပါတယ်။ 

ကိုးကား - ရနောင်းဒေသတွင်းသတင်း 

4 weeks Ago
Up