ထိုင်းကပြန်လာ

A d v e r t i s e m e n t With Us

March 26, 2020

မလှိုင်မြို့နယ်တွင် ထိုင်းကပြန်လာသည့် မိခင်နှင့် ကလေး  ၃ ဦးဖျားနာနေ

မန္တလေးတိုင်း၊ မလှိုင်မြို့နယ်၊ ဆုံတွင်းအုပ်စု၊ မကျီးပင်ပုရွာမှာ ထိုင်းနိုင်ငံကပြန်လာတဲ့ မိခင်နဲ့ ကလေး ၃ ဦး ဖျားနေတာကြောင့် နေအိမ်မှာ ၁၄ ရက်ထား စောင့်ကြည့်နေတယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူးက မတ် ၂၅ ရက်နေ့မှာ ပြောပါတယ်။ မကျီးပင်ပုရွာအုပ်ချုပ်ရေးမှူး ဒေါ်ဌေးက "မလှိုင်မြို့နယ် ပြည်သူ့ဆေးရုံကတော့ သာမန်ဖျားနာတာလို့ ဆိုတယ်၊ ရွာအိမ်မှာပဲ ၁၄ ရက် စောင့်ကြည့်ခိုင်းတယ်။ အိမ်ထဲက မထွက်ပါနဲ့ လိုတာရှိရင် ဖုန်းဆက်ပါလာလုပ်ပေးပါ့မယ် ပြောထားတယ်။ ရွာသူရွာသားအချင်းချင်း ပြန်တားမြစ်နေရတာခက်ခဲတယ်။ မြို့နယ်မှာ ၁၄ ရက် စောင့်ကြည့်ရင်ပိုကောင်းမယ် ထင်တယ်" လို့ ပြောပါတယ်။ မလှိုင်ပြည်သူ့ဆေးရုံ လက်ထောက်ဆရာဝန် ဒေါက်တာကောင်းရှန်က "မိသားစု ၄ ဦး သာမန်ဖျားနာတာပါ။ ရွာမှာပဲ ထားပါတယ်။ ကျေးလက်ကျန်းမာရေးဝန်ထမ်းနဲ့ ရွာခွဲအုပ်ချုပ်ရေးမှူးကိုလည်း သေသေချာချာ မှာကြားထားပါတယ်။ ထူးခြားလာရင် သတင်းထုတ်ပြန်ပေးပါမယ်၊ အခုထိတော့ စိုးရိမ်စရာမရှိသေးပါဘူး "လို့ ပြောပါတယ်။ အဆိုပါ မိသားစု ၄ ဦးဟာ ထိုင်းနိုင်ငံကနေ မတ် ၁၃ ရက်က ပြန်လာကြတာဖြစ်ပြီး မတ် ၂၄ ရက်က ဖျားနာနေလို့ ဗလငါးတန်ပရဟိတအသင်းနဲ့ ပူးပေါင်းပြီး မလှိုင်ဆေးရုံကိုပို့ပေးခဲ့တာလို့ မျိုးဆက်သစ်မြတ်ပါရမီသွေးလှူရှင်အသင်း ဦးကျော်ကိုကိုက ပြောပါတယ်။ မကျီးပင်ပုရွာဟာ အိမ်ခြေ ၂၈၀ ကျော်နဲ့ လူဦးရေ ၁၀၀၀ ကျော် နေထိုင်တဲ့ရွာတရွာ ဖြစ်ပါတယ်။ သတင်း-မောင်မောင်လင်း ဓာတ်ပုံ-ကိုကျော်ကိုကို
11 months Ago

March 23, 2020

ထိုင်းကပြန်လာသည့် ကိုဗစ်-၁၉ သံသယရှိလူနာ ၅ ဦးကို ၁၄ ရက်ထား စောင့်ကြည့်ကုသပေး

ထိုင်းကပြန်လာတဲ့ မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်နဲ့ မိတ္ထီလာတို့က သံသယရှိလူနာ ၅ ဦးကို ဆေးရုံတွေမှာ ၁၄ ရက်ထား စောင့်ကြည့်ကုသပေးနေတယ်လို့ သိရပါတယ်။  မျိုးဆက်သစ်သွေးလှူရှင်အသင်းက ဦးကျော်ကိုကိုက "ရဲနယ်ထိန်းက အကူအညီတောင်းလို့ မိတ္ထီလာဆေးရုံသီးသန့်ခန်းကို လိုက်ပို့ပေးတယ်။ ကျနော်သွားပို့တာက အမျိုးသမီး ၁ ဦး၊ အဲအခန်းမှာ အရင်ရောက်နှင့်နေတာ အမျိုးသမီး ၂ ဦးနဲ့ အမျိုးသား ၁ ဦးရှိတယ်။ ကျနော်ပို့ခဲ့တာနဲ့ဆို ကိုဗစ် ၁၉ သံသယရှိလူနာ ၄ ဦးပေါ့ ထိုင်းက ပြန်လာကြတယ်ပြောတယ်" လို့ ဒီဗွီဘီကိုပြောပါတယ်။ ထိုင်းက ပြန်လာတဲ့ မိတ္ထီလာမြို့၊ ရန်မျိုးအောင်ရပ်ကွက် နယ်မြေ ၂ စက်ရုံလမ်းနေ အမျိုးသမီး ၁ ဦး၊ အိုင်ကြီးလည်အုပ်စု ပျော်ဘွယ်လေးရွာက အမျိုးသမီး ၂ ဦးနဲ့ အမျိုးသား ၁ ဦးတို့ ဖျားနေတာကြောင့် မိတ္ထီလာဆေးရုံ သီးသန့်ခန်းမှာ ကိုဗစ် ၁၉ သံသယ ရှိလူနာတွေအဖြစ် ၁၄ ရက် စောင့်ကြည့်ဆေးကုသပေးနေတာပါ။ ဒါ့အပြင် ထိုင်းကပြန်လာတဲ့ ပျော်ဘွယ်မြို့နယ် စံနက်ကျော်ကျေးရွာနေ အမျိုးသား ၁ ဦးလည်း အဖျားသွေးရှိပြီး ချောင်းဆိုးနေလို့ ကိုရိုနာဗိုင်းရပ် သံသယရှိလူနာအဖြစ် ရန်အောင်တိုက်နယ်ဆေးရုံသီးသန့်ခန်းမှာ ၁၄ ရက်ထား စောင့်ကြည့်သွားကုသပေးနေတယ်လို့ ဆေးရုံတာဝန်ကျဆရာမတဦးက ပြောပါတယ်။ "ထိုင်းနိုင်ငံမှာ ဆောက်လုပ်ရေးလုပ်ငန်းခွင်လုပ်လာသူအမျိုးသား ၁ ဦးပါ။ အဖျားရှိနေလို့ ကိုဗစ် ၁၉ သံသယလူနာအနေနဲ့ ကျမတို့ဆေးရုံ သီးသန့်ခန်းမှာ ဆေးကုပေးနေပါတယ်။" သတင်း-မောင်မောင်လင်း ဓာတ်ပုံ -မောင်မောင်လင်း နှင့် ကိုကျော်ကိုကို (မျိုးဆက်သစ်သွေးလှူရှင်ပရဟိတ)
11 months Ago
Up