ထိုင်ဝမ်ရေလက်ကြား

February 8, 2023

ထိုင်ဝမ်နိုင်ငံဖြစ်လာမည်မဟုတ်ဟု တရုတ်ပြော

ထိုင်ဝမ်ဟာ ဘယ်တုန်းကမှ နိုင်ငံတနိုင်ငံမဟုတ်သလို ဘယ်တော့မှလည်း နိုင်ငံတတနိုင်ငံ ဖြစ်လာမှာမဟုတ်ဘူးလို့ တရုတ်နိုင်ငံတော်ကောင်စီ၊ ထိုင်ဝမ်ရေးရာရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီး ကျူးဖှုန့်လျန်က ဖေဖော်ဝါရီ ၈ ရက်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။

ဒီမိုကရက်တစ်တိုးတက်ရေးပါတီ (DPP) ရဲ့ ဥက္ကဋ္ဌ လိုင်ကျင်းတာက သူဟာ DPP ရဲ့ ဥက္ကဋ္ဌဟောင်း ချိုင်အင်းဝမ်ရဲ့ ရေလက်ကြားဖြတ်ကျော်မူဝါဒ ရပ်တည်ချက်ကို စွဲကိုင်သွားမယ်လို့ ပြောအပြီးမှာ ကျူးဖှုန့်လျန်က ခုလို မှတ်ချက်ပေးခဲ့တာပါ။

“ထိုင်ဝမ်ရေလက်ကြားရဲ့ နှစ်ဖက်စလုံးဟာ သမိုင်းအထောက်အထားတွေ ရှင်းရှင်းလင်းလင်းနဲ့ တရားဝင်အခြေခံရှိတဲ့ အချက်ဖြစ်တဲ့ တရုတ်နိုင်ငံတခုတည်းက ပိုင်ဆိုင်ပါတယ်။ ထိုင်ဝမ်ဟာ ဘယ်တော့မှ နိုင်ငံတနိုင်ငံ မဟုတ်ခဲ့သလို နိုင်ငံတနိုင်ငံ ဖြစ်လာမှာမဟုတ်ပါဘူး” လို့ ကျူးက ပြောပါတယ်။

“ထိုင်ဝမ်ခွဲထွက်ရေးမှာ ပါဝင်တာဟာ သမိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုနဲ့ တရုတ်ပြည်သူအားလုံးရဲ့ဆန္ဒကို ဆန့်ကျင်ပြီး ထိုင်ဝမ်ရေလက်ကြားရဲ့ နှစ်ဖက်စလုံးက ဆွေမျိုးသားချင်းတွေရဲ့ အကျိုးစီးပွားကို အကြီးအကျယ် ထိခိုက်ပျက်စီးစေပါတယ်” လို့လည်း သူက ပြောပါတယ်။

2 months Ago

August 16, 2022

ထိုင်ဝမ်ရေလက်ကြား တည်ငြိမ်ရေး ကတိပြုထားဟု သမ္မတပြော

ထိုင်ဝမ်ကျွန်းဟာ ထိုင်ဝမ်ရေလက်ကြားမှာ လက်ရှိအနေအထားအတိုင်း တည်ငြိမ်နေစေဖို့ ကတိပြုထားတယ်လို့ ထိုင်ဝမ်သမ္မတ ချိုက်အင်းဝမ်က သြဂုတ် ၁၅ ရက်မှာ အလည်အပတ် ရောက်နေတဲ့ အမေရိကန်လွှတ်တော်အမတ်တွေကို ပြောပါတယ်။

ဩဂုတ်လအစောပိုင်းက အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီ ပေလိုစီရဲ့ ခရီးစဉ်အပြီး အထက်လွှတ်တော်အမတ် အဒ်မာကီ ဦးဆောင်တဲ့ အမေရိကန်လွှတ်တော်အမတ် ငါးဦးဟာ ဒုတိယအဆင့်မြင့်အဖွဲ့အနေနဲ့ သြဂုတ် ၁၄ ရက်နှောင်းပိုင်းမှာ တိုင်ပေမြို့ကို ရောက်လာခဲ့တာပါ။

တရုတ်ပြည်မကြီးအစိုးရက ထိုင်ဝမ်ရေလက်ကြားနဲ့ ဒေသထဲမှာ စစ်ရေးလေ့ကျင့်နေလို့ တင်းမာမှုတွေ မြင့်တက်လာချိန်မှာ မာကီ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ ထိုင်ဝမ်ကို အလည်အပတ် လာရောက်တာဟာ အမေရိကန်လွှတ်တော်ရဲ့ ထိုင်ဝမ်ဘက်ကို အခိုင်အမာ ထောက်ခံမှုကို ပြသလိုက်တာလို့ ထိုင်ဝမ်သမ္မတရုံးက ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

အမေရိကန်-တိုင်ပေ ဆက်ဆံရေး၊ ဒေသတွင်းလုံခြုံရေး၊ ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှု၊ ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ရေးကွင်းဆက်တွေ၊ ရာသီဥတု ဖောက်ပြန်မှုနဲ့ တခြား အကျိုးစီးပွားဆိုင်ရာ အရေးပါတဲ့ ကိစ္စရပ်တွေကို ဆွေးနွေးဖို့ ကိုယ်စားလှယ်အဖွဲ့ဟာ ထိုင်ဝမ် ထိပ်တန်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံမယ်လို့ အမေရိကန်သံရုံးက ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

8 months Ago

ထိုင်ဝမ်ရေလက်ကြား၌ တရုတ် စစ်ရေးလေကျင့်

ထိုင်ဝမ်နဲ့ ကပ်လျက် တရုတ်ပြည်မကြီးရဲ့ နယ်မြေမှာ တရုတ်စစ်တပ်ဖွဲ့၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် အရှေ့ပိုင်းစစ်တိုင်း ကွပ်ကဲမှုဌာနက ဩဂုတ် ၁၅ ရက်မှာ ထိုင်ဝမ်အနီးတဝိုက် ပင်လယ်နဲ့ လေပိုင်နက်တွေထဲမှာ ဌာနပေါင်းစုံ ပူးတွဲတိုက်ခိုက်ရေး ကင်းလှည့်တာတွေနဲ့ တိုက်ပွဲဝင်လေ့ကျင့်မှုတွေ လုပ်ခဲ့တယ်လို့ ပြောပါတယ်။

ထိုင်ဝမ် ရေလက်ကြား အနီးတဝိုက်မှာ တရုတ် လေယာဉ် ၂၂ စီးနဲ့ ရေတပ် သင်္ဘော ခြောက်စင်းကို တွေ့ခဲ့တယ်လို့ ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ဩဂုတ် ၁၄ ရက်မှာ ပြောပါတယ်။

ထိုင်ဝမ်အနီးတဝိုက်မှာ တရုတ်ရဲ့ မကြာခင်က စစ်ရေးလေ့ကျင့်မှုဟာ ဒေသတွင်းတည်ငြိမ်ရေးနဲ့ ငြိမ်းချမ်းရေးကို ဆိုးဆိုးရွားရွား နှောင့်ယှက်ခဲ့တယ်လို့ ထိုင်ဝမ်သမ္မတက ထိုင်ဝမ်လွှတ်တော် အမတ်တွေနဲ့ တွေ့ဆုံချိန်မှာ ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

ထိုင်ဝမ်ရေလက်ကြားထဲမှာရှိပြီး အကြီးစား လေတပ်အခြေစိုက်စခန်းလည်း ရှိတဲ့ ထိုင်ဝမ်ရဲ့ ဖန်းဟူကျွန်းတွေနားမှာ တရုတ်က စစ်ရေးလေ့ကျင့်နေတယ်လို့  တရုတ်အရှေ့တိုင်း စစ်ဌာနချုပ် က ပြောပါတယ်။

တရုတ်လေတပ် လေယာဉ်တွေ ကျွန်းတွေနားမှာ ကပ်ပြီးပျံနေတဲ့ ရုပ်သံကိုလည်း ပြသခဲ့ပါတယ်။

တရုတ်လေယာဉ် ၁၅ စီးဟာ ထိုင်ဝမ်နဲ့ တရုတ်ပြည်မကြီးကြား ပိုင်းခြားထားတဲ့ တရားဝင် မဟုတ်တဲ့ နယ်စပ်မျဉ်းကို ဩဂုတ် ၁၅ ရက်မှာ ဖြတ်ကျော်လာခဲ့ပြီးပြီလို့ ထိုင်ဝမ်ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။

တရုတ်ရဲ့ စစ်ရေးလေ့ကျင့်မှု အသစ်ကိုလည်း ပြစ်တင်ရှုတ်ချခဲ့ပြီး တည်တည်ငြိမ်ငြိမ် ရင်ဆိုင်သွားမယ်လို့လည်း ပြောခဲ့ပါတယ်။   

8 months Ago
More News
Up