ထိုင်ဝမ်နှင့်ဂျပန်

August 27, 2021

တရုတ်စိန်ခေါ်မှုအပေါ် ဖြေရှင်းရန် ထိုင်ဝမ်နှင့်ဂျပန် ဆွေးနွေး

ထိုင်ဝမ်နဲ့ဂျပန်ရဲ့ အာဏာရပါတီတွေဟာ သူတို့ရဲ့အိမ်နီးချင်း တရုတ်ဆီကနေ မြင့်တက်လာတဲ့ စိန်ခေါ်မှုကို ဘယ်လိုကိုင်တွယ်ဖြေရှင်းရမယ်ဆိုတာနဲ့ ဖြစ်နိုင်ချေရှိတဲ့ စစ်ရေးဖလှယ်မှုတွေကို သြဂုတ် ၂၇ ရက်ပြုလုပ်တဲ့ အွန်လိုင်းအစည်းအဝေးတစ်ခုမှာ ဆွေးနွေးခဲ့ပါတယ်။ 

ပေကျင်းအစိုးရကလည်း ဒါဟာ တရုတ်ရဲ့အချုပ်အခြာအာဏာကို ရန်လိုမှုတခုအဖြစ် ဆန့်ကျင်ရှုတ်ချခဲ့ပါတယ်။ ဆွေးနွေးပွဲကို ထိုင်ဝမ်ဒီမိုကရက်တစ်တိုးတက်ရေးပါတီ (DPP) နဲ့ ဂျပန်လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP) တို့က အကြီးတန်းဥပဒေပြုအမတ်နှစ်ဦး တက်ရောက်ခဲ့ပြီး အွန်လိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့ရာမှာ မူလစီစဉ်ထားတဲ့ ၁ နာရီထက် နာရီဝက်ပိုပြီး အချိန် ၁ နာရီခွဲ ကြာသွားခဲ့ပါတယ်။ 

ဒီဆွေးနွေးပွဲဟာ semiconductor တွေ၊ တရုတ်ရဲ့ သူတို့အနီးအနားရှိ စစ်ရေးလှုပ်ရှားမှုတွေ၊ ထိုင်ဝမ်၊ ဂျပန်နဲ့ အမေရိကန်တို့အကြားဖြစ်နိုင်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ အပါအဝင် ကဏ္ဍတွေကို အဓိကထား ဆွေးနွေးသွားတာလို့DPP ပါတီမှ Lo Chih-cheng က သတင်းထောက်တွေကို ပြောပါတယ်။ 

အခုတွေ့ဆုံဆွေးနွေးမှုဟာ ဂျပန်အာဏာရပါတီရဲ့ မူဝါဒချမှတ်ခြင်းကို အသိပေး ကူညီလိမ့်မှာဖြစ်ကြောင်း LDP ရဲ့ နိုင်ငံခြားရေးရာအဖွဲ့ကို အုပ်ချုပ်တဲ့ ဥပဒေပြုအမတ် Masahisa Sato က ပြောပါတယ်။ 

တရုတ်ပိုင်လို့ ကြေညာခံထားရတဲ့ ထိုင်ဝမ်နဲ့ ဂျပန်တို့ဟာ တရားဝင် သံတမန် ဆက်ဆံရေး မရှိပေမယ့် သူတို့မှာ ရင်းနှီးတဲ့ တရားမ၀င်ဆက်ဆံရေးတွေ ရှိပါတယ်။ 

အထူးသဖြင့် သူတို့အနီးမှာ တရုတ်က စစ်ရေးလှုပ်ရှားမှုတွေ တိုးချဲ့ပြုလုပ်လာတာကြောင့် သူတို့ ၂ နိုင်ငံလုံးဟာ တရုတ်နဲ့ပတ်သက်တဲ့ စိုးရိမ်မှုတွေကို မျှဝေခဲ့ကြပါတယ်။

3 months Ago
Up