ထိုင်ဝမ်

September 28, 2022

ထိုင်ဝမ်ခွဲထွက်ရေး လှုပ်ရှားမှုများကို ဆန့်ကျင်ရန် အမေရိကန်ကို တရုတ် တိုက်တွန်း

အမေရိကန်ပြည်ထောင်စုအနေနဲ့ တရုတ်တနိုင်ငံတည်း မူဝါဒကို ပြန်ကျင့်သုံးဖို့နဲ့ ထိုင်ဝမ် ခွဲထွက်ရေး လှုပ်ရှားမှုအားလုံးကို ဆန့်ကျင်ကြောင်း ရှင်းလင်းပြတ်သားပြဖို့ ဘေကျင်းအစိုးရက စက်တင်ဘာ ၂၈ ရက်မှာ ပြောလိုက်ပါတယ်။

“အမေရိကန်ဘက်က သူ့ရဲ့ကတိကဝတ်တွေကို ထက်ထက်သန်သန် ဖြည့်ဆည်းပေးဖို့၊ တရုတ်-အမေရိကန် ပူးတွဲကြေညာချက် ၃ ခုကို ပြန်လက်ခံဖို့၊ တရုတ်တနိုင်ငံတည်း မူဝါဒကို ထပ်လောင်းပြောကြားဖို့နဲ့ ထိုင်ဝမ်လွတ်လပ်ရေးအတွက် ခွဲထွက်ရေးလှုပ်ရှားမှု အမျိုးမျိုးကို ဆန့်ကျင်ကြောင်း ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြောဆိုဖို့ တိုက်တွန်းလိုက်ပါတယ်” လို့ ဆိုပါတယ်။

တရုတ်နိုင်ငံဟာ ဥပဒေစည်းမျဉ်း အခြေခံတဲ့ နိုင်ငံတကာအမိန့် ဥပဒေတွေကို ပျက်ပြားစေတယ်ဆိုပြီး အမေရိကန်ဒုသမ္မတ ဟားရစ်က ဗုဒ္ဓဟူးနေ့ အစောပိုင်းက သူ့ရဲ့ဂျပန်ခရီးစဉ်မှာ ပြောခဲ့တာကို သတိပြုမိကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Wang Wenbin က ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ဝါရှင်တန်ဟာ ထိုင်ဝမ်နဲ့ သူ့ရဲ့ အလွတ်သဘော ဆက်ဆံရေးကို ဆက်လက် နက်ရှိုင်းစေမှာ ဖြစ်ကြောင်းလည်း ဟားရစ်က ပြောကြားခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုဟာ တောင်တရုတ်ပင်လယ်နဲ့ အရှေ့တရုတ်ပင်လယ်တို့မှာ စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ အပြုအမူနဲ့ ထိုင်ဝမ်ရေလက်ကြားတလျှောက် ရန်စမှုတွေကို မြင်တွေ့နေရကြောင်းလည်း ဒုသမ္မတ ဟားရစ်က ဂျပန်နိုင်ငံမှာ တာဝန်ထမ်းဆောင်နေတဲ့ အမေရိကန် သင်္ဘောသားတွေကို မိန့်ခွန်းပြောချိန်မှာ ပြောသွားပါတယ်။

5 days Ago

September 26, 2022

ထိုင်ဝမ်အရေး အမေရိကန်ကို ရုရှားနိုင်ငံခြားရေးဝန်ကြီးဝေဖန်

အမေရိကန်ပြည်ထောင်စုဟာ ထိုင်ဝမ်ပတ်လည်မှာ မီးနဲ့ ဆော့ကစားနေတယ်လို့  ရုရှားနိုင်ငံခြားရေး ဝန်ကြီး ဆာဂီလာ့ဗ်ရော့ဗ်က  စွပ်စွဲပြောကြားလိုက်ပါတယ်။ 

စက်တင်ဘာ ၂၄ ရက်နေ့ ကုလသမဂ္ဂအထွေထွေညီလာခံမှာပြောကြားတဲ့ မိန့်ခွန်းမှာ ရုရှားဝန်ကြီးက ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုလိုက်တာပါ။

အမေရိကန်ပြည်ထောင်စုဟာ ခုချိန်မှာ အာရှဒေသတွေကို ခွဲထုတ်ဖို့ ကြိုးပမ်းနေပြီလို့လည်း လာဗ်ရော့ဗ်က ပြောပါတယ်။

အမေရိကန်အစိုးရက အင်ဒို-ပစိဖိတ်ဒေသအတွင်း သီးသန့်ပုံစံနဲ့ နိုင်ငံအုပ်စုတွေကို ဖွဲ့စည်းထားတယ်လို့လည်း ဝေဖန်ပြောဆိုခဲ့ပါတယ်။

"သူတို့က ထိုင်ဝမ်တစ်ဝိုက်မှာ မီးနဲ့ကစားနေတယ်။ ဒါ့အပြင် ထိုင်ဝမ်ကို စစ်ရေးအရ ပံ့ပိုးပေးမယ်လို့ ကတိပေးထားပါတယ်" လို့ ဆာဂီလာ့ဗ်ရော့ဗ်က ပြောပါတယ်။

အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပေလိုစီက ဩဂုတ်လမှာ ထိုင်ဝမ်ကို လာရောက် လည်ပတ်ခဲ့လို့  တရုတ်အစိုးရက စစ်ရေးလေ့ကျင့်မှုတွေလုပ်ပြီး လက်တုံ့ပြန်ခဲ့ပါတယ်။

ဒါကြောင့် ထိုင်ဝမ်နဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ တရုတ်အစိုးရအကြား တင်းမာမှုတွေ မြင့်တက်လာပြီး ဒီမိုကရေစီနည်းကျ အုပ်ချုပ်နေတဲ့ ကျွန်းကို ကာကွယ်ဖို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ကတိပြုခဲ့ပါတယ်။ 

အမေရိကန်ဟာ ပိတ်ဆို့အရေးယူမှုတွေကနေတဆင့် ကမ္ဘာကြီးတစ်ခုလုံးကို သူ့ရဲ့ အိမ်နောက်ဖေးအဖြစ် ပြောင်းဖို့ ကြိုးပမ်းနေတယ်လို့လည်း  ရုရှားနိုင်ငံခြားရေးဝန်ကြီးက စွပ်စွဲခဲ့ပါတယ်။

"ဒါဟာ မသမာတဲ့ အာဏာရှင်စနစ် ဒါမှမဟုတ် အဲဒီစနစ်ကို ကျင့်သုံးဖို့ ကြိုးစားမှု စစ်စစ်ပဲ”လို့လည်း လာဗ်ရော့ဗ်က ပြောပါတယ်။

ဖေဖော်ဝါရီလက ရုရှားက ယူကရိန်းကို ကျူးကျော် ဝင်ရောက်လာပြီးတဲ့နောက် အမေရိကန်နဲ့ သူ့ရဲ့ အနောက်မဟာမိတ်တွေက ရုရှားအစိုးရအပေါ် ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ထားပါတယ်။

1 week Ago
More News
Up