ထိုင်ဝမ် ရေကစားဥယျာဉ် ပေါက်ကွဲမှု ၅၀၀ ကျော် ဒဏ်ရာရ

July 1, 2015

ပေါက်ကွဲမီးလောင်မှု ဖြစ်ခဲ့သည့် ထိုင်ဝမ် ရေကစားဥယျာဉ် စီအီးအို တောင်းပန်

ထိုင်ဝမ်မှာ ကပွဲစင်ရှေ့ ပေါက်ကွဲမီးလောင်မှုဖြစ်ခဲ့တဲ့ ရေကစားဥယျာဉ်ရဲ့ စီအီးအိုက လူ ၅၀၀ ကျော် ထိခိုက်ဒဏ်ရာ ရခဲ့ကြပြီး လူသေဆုံးခဲ့ရတဲ့ ဖြစ်ရပ်အတွက် ဇွန် ၂၉ ရက် တနင်္လာနေ့က တောင်းပန်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇွန် ၂၇ ရက်နေ့က ဖော်မိုစာ ရေကစားဥယျာဉ် စတိတ်စင်ရှေ့ မီးလောင်မှုမှာ လက်ရှိအချိန်အထိ လူ ၂၀၀ ကျော် အရေးပေါ် ဆေးကုသမှု ခံယူနေရဆဲ ဖြစ်ပါတယ်။ ရောင်စုံမှုန့်တွေဖျန်းပြီး စတိတ်စင်ရှေ့က ခုန်နေရင်း ရောင်စုံမှုန့်တွေ မီးကူးစက် လောင်ကျွမ်းခဲ့တာပါ။ ဇွန် ၂၉ ရက်က အသက် ၂၀ အရွယ် မိန်းကလေးငယ် တဦးကတော့ ခန္ဓာကိုယ် ၉၀ ရာခိုင်နှုန်း မီးလောင်ကျွမ်းခဲ့တဲ့ ဒဏ်ရာနဲ့ သေဆုံးခဲ့တယ်လို့ ဆေးရုံအာဏာပိုင်တွေက ပြောပါတယ်။ “ကျမတို့ ဒီကပွဲအတွက် အိမ်ငှားသလိုပဲ ငှားရမ်းလိုက်တာပါ။ ဒီလိုဖြစ်လိမ့်မယ် ဆိုတာလည်း ဘယ်လိုမှ မသိခဲ့ပါဘူး။ ဒီလိုလူတွေအများကြီး မီးလောင်ထိခိုက်ကြမယ် ဆိုတာလည်း ဘယ်လိုမှ မသိခဲ့ပါဘူး။ အဲဒီဖြစ်ရပ်အတွက် ကျမ အရမ်းဝမ်းနည်း စိတ်မကောင်းဖြစ်ရပါတယ်။” လို့ စီအီးအို ချန် ဝေ-ယင် (Chen Hui-ying) က တောင်းပန်ခဲ့တာပါ။ ဖော်မိုစာ ရေကစားဥယျာဉ်ဟာ ဇွန် ၂၇ ရက်က မီးလောင်မှုဖြစ်ပွားခဲ့တဲ့ ကပွဲအတွက် ထိုင်ဝမ်မြို့တော်သစ် အုပ်ချုပ်ရေးအဖွဲ့မှာ လိုအပ်တဲ့ ခွင့်ပြုချက် မတောင်းခဲ့ဘူးလို့ မြို့တော်အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။ အဲဒီကပွဲကို စီစဉ်ခဲ့သူတွေကိုတော့ ရဲက ခဏတာ ထိန်းသိမ်းစစ်မေးမှုတွေပြုလုပ်ပြီး အာမခံနဲ့ ပြန်လွှတ်ပေးလိုက်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဒေသခံ အစိုးရရှေ့နေရုံးက အသေးစိတ် ဖြေကြားခြင်း မရှိပါဘူး။
6 years Ago

June 28, 2015

ထိုင်ဝမ် ရေကစားဥယျာဉ် ပေါက်ကွဲမှု ၅၀၀ ကျော် ဒဏ်ရာရ

ထိုင်ဝမ် တိုင်ပေမြို့တော် အပြင်ဘက်က အပန်းဖြေရေကစားဥယျာဉ်တခုမှာ ဇွန် ၂၇ ရက် ညဦးပိုင်းက မတော်တဆ ပေါက်ကွဲမှုကြောင့် လူ ၅၁၉ ဦး ဒဏ်ရာရရှိသွားပါတယ်။ ဖော်မိုစာ ရေကစားဥယျာဉ်ရဲ့ စတိတ်စင်ကြီးမှာ ပေါက်ကွဲမီးလောင်ခဲ့တာဖြစ်ပြီး ဒဏ်ရာရ သူတွေထဲက ၁၈၂ ဦးကိုတော့ အထူး ကြပ်မတ်ဆောင်မှာ ကုသပေးနေတယ်လို့ ထိုင်ဝမ် အာဏာပိုင်တွေကို ကိုးကားပြီး စီအန်အန်သတင်းမှာ ဖော်ပြပါတယ်။ ဇွန် ၂၈ ရက် ညနေပိုင်းအထိ သေဆုံးတဲ့သူတွေ မရှိသေးဘူးလို့လည်း ထုတ်ပြန်ထားပါတယ်။ ၆၀ ကျော်ကတော့ ကုသမှုခံယူပြီး ဆေးရုံကနေ ဆင်းသွားပြီလို့ဆိုပါတယ်။ ဒဏ်ရာရသူ ၅၀၇ ဦးကတော့ ထိုင်ဝမ်တွေဖြစ်ပြီး မကာအိုနဲ့ ဟောင်ကောင်က ၁ ဦးစီ၊ ၇ ဦးကတော့ တခြားနိုင်ငံတွေက ဖြစ်တယ်လို့ ထိုင်ဝမ် လူထု ကျန်းမာရေး ဌာနက ထုတ်ပြန်ပါတယ်။ ထိုင်ဝမ် လူထုကျန်မာရေး စောင့်ရှောက်မှု ၀န်ကြီးဌာနကတော့ ဒဏ်ရာရသူတွေအတွက် ဆေးဝါးတွေ ထောက်ပံ့ပေးဖို့ တောင်းဆိုထားပါတယ်။ ကစားပွဲပြီးဆုံးခါနီး ရောင်စုံအမှုန့်တွေ ပက်ဖြန်းချိန်မှာ ပေါက်ကွဲမှုဖြစ်ခဲ့တာဖြစ်ပါတယ်။ အသံချဲ့စက်က ၀ါယာလျော့ကြောင့်ဖြစ်င်တယ်လို့လည်း မီးသတ်တပ်ဖွဲ့က ပြောဆိုပါတယ်။ ဖြစ်ပွားရတဲ့အကြောင်းရင်း  အသေးစိတ်ကိုတော့ စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပါတယ်။  
6 years Ago
Up