စနေ့က ကျင်းပခဲ့တဲ့ ထိုင်ဝမ်သမ္မတရွေးကောက်ပွဲမှာ အတိုက်အခံ DPP ပါတီရဲ့သမ္မတလောင်း ဆိုင်ဝမ်င်း Tsai Ing-wen အနိုင်ရရှိခဲ့ပါတယ်။ ဒါဟာ ထိုင်ဝမ်အတွက်ရော၊ တရုတ် ဘာသာစကားပြောနိုင်ငံတွေထဲမှာရော ပထမဆုံးအမျိုးသမီးသမ္မတဖြစ်လာတာပါ။
တရုတ်နိုင်ငံနဲ့ ပေါ်လစီကတော့ လက်ရှိအခြေအနေအတိုင်း ဆက်သွားမှာဖြစ်ပြီး ထိုင်ဝမ်ရဲ့ ဒီမိုကရေစီလွတ်လပ်ခွင့်ကို တရုတ်နိုင်ငံက လေးစားရမှာဖြစ်တယ်။ တဖက်နဲ့တဖက် ရန်လို တိုက်ခိုက်တာမျိုးမဖြစ်စေရဘူးလို့ ရွေးကောက်ပွဲနိုင်အပြီး သမ္မတသစ်ကပြောဆိုပါတယ်။
တရုတ်နိုင်ငံက ထိုင်ဝမ်ကို ခွဲထွက်ပြည်နယ်တခုအဖြစ် သဘောထားပြီး လိုအပ်ရင် အင်အားသုံး သိမ်းပိုက်မယ်လို့ ခြိမ်းခြောက်ထားတာပါ။ သမ္မတသစ် ဆိုင်ဝမ်းက ထိုင်ဝမ်အတွက် စာမျက်နှာ သစ် ဖွင့်လှစ်လိုက်တာဖြစ်ပြီး သူ့ရဲ့သက်တမ်းအတွင်း ထိုင်ဝမ်ပြည်သူတွေရဲ့ စကားကို နားထောင်ပြီး တခြားနိုင်ငံရေးပါတီတွေနဲ့ ပူးပေါင်းအလုပ်လုပ်သွားမယ်လို့ပြောဆိုပါတယ်။
တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးမူဝါဒဟာ ထိုင်ဝမ်ပြည်သူတွေရဲ့ ဆန္ဒပေါ်မူတည်တယ်လို့လည်း ပြောဆိုပါတယ်။ သူ့ကို ထောက်ခံကြိုဆိုခဲ့ကြတဲ့ တရုတ်နိုင်ငံနဲ့ ဂျပန်နိုင်ငံတို့ကို ကျေးဇူးတင်ရှိပြီး ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ကာကွယ်ထိန်းသိမ်းမယ်လို့လည်းပြောပါတယ်။
ဒီထိုင်ဝမ်ရွေးကောက်ပွဲဟာ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက ထိုင်ဝမ်နဲ့ တရုတ်ခေါင်းဆောင်တွေ ပထမဆုံး သမိုင်းဝင်တွေ့ဆုံမှုအပြီး ပထမဆုံးကျင်းပတဲ့ ရွေးကောက်ပွဲလည်းဖြစ်ပါတယ်။ ထိုင်ဝမ်ရဲ့ အနှစ် ၇၀ ကြာသက်တမ်းအတွင်း ကူမင်တန်ပါတီနဲ့ DPP ပါတီတို့ကသာ အဓိကယှဉ်ပြိုင်ခဲ့ကြပြီး ကူမင်တန်ပါတီက အဓိကကြီးစိုးခဲ့တာပါ။ အတိုက်အခံ DPP ပါတီအတွက်ကတော့ သမ္မတ ချန်ရွှေဗျင်းပြီးရင် ဒါ ဒုတိယအကြိမ် သမ္မတရွေးချယ်ခံရတာပါ။
လက်ရှိအင်အားနည်းနေတဲ့ ထိုင်ဝမ်စီးပွားရေးနဲ့ တရုတ်ပြည်မကြီးအပေါ် လက်ရှိထိုင်ဝမ်ပြည်သူ တွေရဲ့ သဘောထားဟာ ဒီသမ္မတသစ်ကို ရွေးချယ်လိုက်တဲ့အပေါ်မှာ အများကြီး အကျိုးသက်ရောက်မှုရှိတယ်လို့ ထိုင်ဝမ်သတင်းတွေက ရေးသားဖော်ပြကြပါတယ်။
5 years Ago