ထိုင်းနိုင်ငံရေး

August 27, 2017

ထိုင်းနိုင်ငံရေး ရှင်နာဝပ်ထရာမျိုးဆက် ဆုပ်ကိုင်ထားမှုကြီး တခန်းရပ်ဇာတ်သိမ်းသွားပြီ

ယင်လပ်ရှင်နာဝပ်ထရာက တရားရုံးအမှုကို ရင်မဆိုင်ဘဲ သြဂုတ် ၂၅ ရက်နေ့က နိုင်ငံခြားကို ထွက်ပြေးပြီးနောက် ထိုင်းနိုင်ငံရေးကို ရှင်နာဝပ်ထရာမျိုးဆက်တွေ ဆုပ်ကိုင်ထားမှုကြီးက တခန်းရပ်ဇာတ်သိမ်းသွားပြီလို့ နိုင်ငံရေးလေ့လာဆန်းစစ်သူတွေက ပြောလိုက်ပါတယ်။ ထွက်ပြေးတိမ်းရှောင်နေတဲ့ အကိုဖြစ်သူ သက်ဆင်ရဲ့ ခြေရာအတိုင်း နင်းသွားပြီလို့ ဆိုပါတယ်။ မစ္စယင်လပ်ရဲ့ ဆုံးချက်မပါဘဲ ပွေ့ထိုင်းပါတီရဲ့ အနာဂတ်ကလည်း သံသယရှိစရာပဲလို့ ဒေသခံ နိုင်ငံရေးကျွမ်းကျင်သူတွေက ပြောါပတယ်။ သူမရဲ့ ရုတ်တရက် နိုင်ငံက ထွက်ပြေးမှုက တနိုင်ငံလုံးနဲ့ လက်ရှိဝန်ကြီးချုပ် ပရာရွတ်ချန်အိုချာတို့ ထိတ်လန့်တုန်လှုပ်သွားတယ်လို့ ဆိုပါတယ်။ “သူမ တရားရုံးမှာ ရင်ဆိုင်ဖို့ သတ္တိရှိမယ်လို့ ကျနော်ထင်ခဲ့တာ။ လုံခြုံရေးတွေကို သူမ တကယ် နေမကောင်းတာ ဟုတ် မဟုတ်၊ သူမ ဘယ်မှာလဲ ကျနော် မေးခဲ့တယ်။ ထွက်ပြေးတဲ့ သူမကို ဆက်ရှာဖို့ အလုပ်တခုအနေနဲ့ နယ်စပ်ဖြတ်တာတွေကိုလည်း စစ်ဆေးနေပါတယ်။” “သူမက တရားရုံးအဆုံးအဖြတ်အတိုင်း ကြားနာမယ်လို့ အမြဲပြောခဲ့တယ်။ ဒါပေမယ့် အဆုံးကျတော့ သူမ တရားရုံးကို ရောက်မလာခဲ့ဘူး” လို့ ဝန်ကြီးချုပ်က ပြောပါတယ်။ အစိုးရနဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်တွေနဲ့ ရှင်နာဝပ်ထရာ မိသားစုက သူမ ထိုင်းနယ်စပ် ထရက်ကို လေယာဉ်နဲ့ သွားခဲ့ပြီးနောက် ကမ္ဘောဒီးယားကို သြဂုတ် ၂၃ ရက်နေ့က ပုံမှန်မြေပြင်လမ်းခရီးကနေ ဖြတ်ပြီး သွားခဲ့ကြောင်း၊ ကမ္ဘောဒီးယား မြို့တော်ဖနွမ်းပင်မှာ သြဇာရှိတဲ့ ပုဂ္ဂိုလ်တွေက နိုင်ငံခြားဗီဇာတွေနဲ့ ပတ်စပို့တွေ သူမကို စီစဉ်ပေးလိုက်ကြောင်း ဘန်ကောက်ပို့စ် သတင်းဌာနကို ပြောပါတယ်။ အဲဒီနောက်မှာ သူမက ၂၀၀၆ ခုနှစ် အာဏာသိမ်းကတည်းက နိုင်ငံခြားကို ထွက်ပြေးတိမ်းရှောင်နေတဲ့ အကိုဖြစ်သူ သက်ဆင်နဲ့ ဆက်သွယ်ဖို့ ဒူဘိုင်းကို မထွက်ခွာခင် စင်ကာပူနိုင်ငံကို ကိုယ်ပိုင်ဂျက်လေယာဉ်နဲ့ သွားခဲ့ကြောင်း အစိုးရသတင်းအရင်းအမြစ်နဲ့ မိသားစုဝင်တွေက ပြောခဲ့တာပါ။ သူမအစိုးရရဲ့ ဆန်ချေးငွေ စီစဉ်မှုမှာ ပေါ့လျော့မအောင်မြင်ခဲ့တဲ့အတွက် ထောင်ဒဏ် ၁၀ နှစ် ကျခံရမယ့် အခြေအနေကနေ ထွက်ပြေးလွတ်မြောက်အောင် စစ်အစိုးရကိုယ်တိုင်က ပါဝင်ကူညီ ဆောင်ရွက်ပေးနေတယ်လို့ အချို့လေ့လာအကဲခတ်သူတွေက အခိုင်အမာပြောဆိုပြီး ဝေဖန်နေကြပါတယ်။ ဒီအမိန့်ပေးစီစဉ်မှုကြောင့် အစိုးရအနေနဲ့ ထိုင်းဘတ်ငွေ ၅၀၀ ဘီလျံဘတ် ဆုံးရှုံးခဲ့ရတယ်လို့ ဝေဖန်သူတွေက ပြောပါတယ်။ လုံခြုံရေးတပ်တွေက ရည်ရွယ်ချက်ရှိရှိနဲ့ သူမ လွတ်မြောက်ဖို့ ခွင့်ပြုခဲ့တာဆိုတဲ့ ဒီဝေဖန်မှု ကောလာဟလကို ဒုတိယဝန်ကြီးချုပ် ပရာဝစ်ကတော့ ငြင်းဆန်လိုက်ပြီး အကူအညီတွေ ရကောင်းရနိုင်ပြီး သူမကတော့ တိုင်းပြည်က ထွက်ပြေးသွားတယ်ဆိုတာကို အတည်ပြု ပြောကြားခဲ့ပါတယ်။ “သူမက အရင်ဝန်ကြီးချုပ်ဟောင်းဆိုတော့ အာဏာပိုင်အချို့က သူမကို ကူညီကောင်း ကူညီမယ်” လို့ ပရာဝစ်က ပြောပါတယ်။ သူမ ထရက်ကိုသွားတာနဲ့ ကမ္ဘောဒီးယား နယ်စပ်ကို ဖြတ်ကျော်ခဲ့တာတွေအတွက် မှတ်တမ်းမရှိဘူးလို့လည်း ပရာဝစ်က ပြောခဲ့ကြောင်း သတင်းတွေမှာ ထုတ်ပြန်ထားပါတယ်။ အထက်တရားရုံးက မစ္စယင်လပ်ကို သြဂုတ် ၂၅ ရက်နေ့မှာ ဖမ်းဝရမ်းထုတ်လိုက်တယ်လို့ သိရကြောင်း ဘန်ကောက်ပို့စ်သတင်းမှာ သြဂုတ်လ ၂၆ ရက်နေ့က ဖော်ပြထားပါတယ်။
4 years Ago
Up