ထိုင်းနိုင်ငံက တရုတ်နှင့် ဖက်စပ်လက်နက်စက်ရုံ တည်ဆောက်ရန် စီစဉ်

November 17, 2017

ထိုင်းနိုင်ငံက တရုတ်နှင့် ဖက်စပ်လက်နက်စက်ရုံ တည်ဆောက်ရန် စီစဉ်

ထိုင်းနိုင်ငံဟာ တရုတ်နိုင်ငံနဲ့ပူးတွဲပြီး စစ်လက်နက်ပစ္စည်းထုတ်လုပ်မှု ဖက်စပ်စက်ရုံ တည်ထောင်ဖို့ စီစဉ်နေတယ်လို့ ရိုက်တာသတင်းတပုဒ်မှာ ဒီကနေ့ ဖော်ပြပါတယ်။ ဒီအစီအစဉ်ဟာ ထိုင်းအစိုးရ ကာကွယ်ရေးနည်းပညာသိပ္ပံ (ဒီတီအိုင်) အနေနဲ့ တရုတ်နိုင်ငံနဲ့ ဖက်စပ်လုပ်ကိုင်မယ့် ပထမဆုံးသော စီမံကိန်းတခုဖြစ်လာပြီး နိုင်ငံအရှေ့မြောက်ပိုင်း၊ ခွန်ကရန်ခရိုင်မှာ လာမယ့်ဇူလိုင်လအတွင်း စတင်သွားမယ်လို့ ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရသူတဦးက ပြောပါတယ်။ ဒါဟာ ၂၀၁၄ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးခဲ့ချိန်မှစကာ လုံခြုံရေးအင်အား ပိုမိုတောင့်တင်း ခိုင်မာလာစေဖို့ ဖြစ်တယ်လို့ သတင်းက ဆိုပါတယ်။ “ကျနော်တို့ရဲ့ ထုတ်လုပ်မှုအားလုံးကို ပြည်တွင်းမှာ တရားဝင်အသုံးပြုနိုင်ဖို့ပါပဲ” လို့ ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရသူ ခေါင်ချိဖ် တန်ထရာဗန်နစ်ခ်ျက ပြောပါတယ်။ ဒီပူးတွဲစီမံကိန်းမှာ စစ်လက်နက်ပစ္စည်းထုတ်လုပ်၊ တပ်ဆင်၊ ထိန်းသိမ်းမှုတွေ ပါဝင်မှာဖြစ်ပြီး အာဆီယံဒေသတွင်း နိုင်ငံတွေအတွက် လက်နက်တပ်ဆင်ထိန်းသိမ်းရေး စင်တာတခုလည်း ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။ ဒီစီမံကိန်းမှာ မြောက်ပိုင်း တရုတ်စက်မှုလက်မှုကော်ပိုရေးရှင်း (နော်ရင်ကို) နဲ့ ပူးပေါင်းလုပ်ဆောင်မှာဖြစ်ကာ ဝန်ကြီးဌာနနဲ့ ကော်ပိုရေးရှင်းကြား အသေးစိတ် ဆွေးနွေးမှုတွေ ထပ်မံလုပ်ဆောင်ရဦးမယ်လို့ ဆိုပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး မြောက်ပိုင်း တရုတ်စက်မှုလက်မှုကော်ပိုရေးရှင်း (နော်ရင်ကို) ကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် တုံ့ပြန်မှု တစုံတရာ မပေးခဲ့ဘဲ သူတို့ရဲ့ အင်တာနက်စာမျက်နှာပေါ်မှာတော့ ပထမဆုံးသော စစ်ဘက်ဆိုင်ရာ ကုန်သွယ်ရေးနဲ့ ကမ္ဘာလုံးဆိုင်ရာ တရုတ်နိုင်ငံရဲ့ မဟာဗျူဟာလုပ်ဆောင်မှုအဖြစ် ဖော်ပြခဲ့တာပါ။ စီမံကိန်းမှာ တရုတ်နိုင်ငံက လိုအပ်တဲ့ လေ့ကျင့်သင်ကြားမှုတွေနဲ့ နည်းပညာ လွှဲပြောင်းမှုတွေ ပေးမှာဖြစ်ပြီး အသေးစိတ် အခြေအနေတွေကိုတော့ ဆွေးနွေးဆဲဖြစ်တယ်လို့ ခေါင်ချိဖ်က ပြောပါတယ်။ တရုတ်ကာကွယ်ရေးဝန်ကြီးဌာနကို ရိုက်တာသတင်းဌာနက ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အကြောင်းပြန်ကြားခြင်း မရှိခဲ့ဘူးလို့ သတင်းမှာ ဖော်ပြပါတယ်။
3 years Ago
Up