ထိုင်းနိုင်ငံ ရွေးကောက်ပွဲအကြောင်း တစေ့တစောင်းနှင့် နိုင်ငံရေးပါတီမူဝါဒများ

February 15, 2019

ထိုင်းနိုင်ငံ ရွေးကောက်ပွဲအကြောင်း တစေ့တစောင်းနှင့် နိုင်ငံရေးပါတီမူဝါဒများ

မျှော်တာကြာပေါ့ ရွေးကောက်ပွဲ ထိုင်းနိုင်ငံမှာ ၂၀၁၄ ခုနှစ်၊ စစ်အာဏာသိမ်းပြီးကတည်းက မျှော်လင့်နေခဲ့ကြတဲ့ ရွေးကောက်ပွဲက မကြာခင်လာပါတော့ မယ်။ ရွေးကောက်ပွဲရက်ကို အကြိမ်ကြိမ် ရွှေ့ဆိုင်းခဲ့ကြပါတယ်။ ဒါပေမယ့်နောက်ဆုံးမှာ ထိုင်းနိုင်ငံ ရွေးကောက်ပွဲ ကော်မရှင်က နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံပြီး မတ်လ ၂၄ ရက်နေ့ကို ရွေးကောက်ပွဲကျင်းပဖို့ ကြေညာလိုက်ပါပြီ။ လွှတ်တော်ကလည်း ဇန်နဝါရီလ ၂၃ ရက်နေ့က တော်ဝင်ဂေဇက် (royal gazette) အဖြစ် ဆုံးဖြတ်ထုတ်ပြန်ပြီး ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်က ဝန်ကြီးချုပ်ဖြစ်သူ မစ္စယင်လတ် ရှင်နာဝပ်ကို စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ပရာယွတ် ချန်အိုချာ ဖြုတ်ချပြီး၊ နောက်ပိုင်းမှာ သူကပဲ ဝန်ကြီးချုပ်တာဝန်ယူထားခဲ့တာပါ။ မစ္စယင်လတ်က ယခင်ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ရဲ့ ညီမတော်စပ်သူပါ။ ဝန်ကြီးချုပ်ဟောင်း သက်ဆင်တုန်းကလည်း စစ်တပ်က အာဏာသိမ်းဖြုတ်ချ တာခံခဲ့ရပါတယ်။ အဲဒီနောက် ရွေးကောက်ပွဲပြန်လုပ်တော့လည်း၊ ၂၀၁၁ ခုနှစ်ရွေးကောက်ပွဲမှာ ယင်လတ်တို့ပါတီက အပြတ်အသတ် အနိုင်ရပြီး၊ ဝန်ကြီးချုပ်ဖြစ်ခဲ့တာပါ။ ၂၀၁၃ ခုနှစ်မှာတော့ ရှပ်ဝါ (ဒီမိုကရက်ပါတီဂိုဏ်းသား) တွေ ဦးဆောင်တဲ့ ဆန္ဒပြပွဲတွေ ခြိမ့်ခြိမ့်သဲ ပေါ်ပေါက်လာပါတယ်။ ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာမှာတော့ ဝန်ကြီးချုပ်ယင်လတ်က လွှတ်တော်ကို ဖျက်သိမ်းပြီး၊ ၂၀၁၄ ဖေဖေါ်ဝါရီမှာ ရွေးကောက်ပွဲသစ် ကျင်းပမယ်လို့ ကြေညာခဲ့ပါတယ်။ ဆန္ဒပြပွဲတွေ ကြောင့် ရွေးကောက်ပွဲအထမမြောက်ခဲ့ပါဘူး။ ဒါနဲ့ ဖွဲ့စည်းပုံခုံရုံးက ရွေးကောက်ပွဲကို ဖျက်သိမ်းလိုက်ပါတယ်။ ၂၀၁၄ မေလမှာတော့ ဖွဲ့စည်းပုံခုံရုံးက ဝန်ကြီးချုပ်ယင်လတ်နဲ့ ဝန်ကြီး ၉ ဦးကို တရားမဝင်တော့ကြောင်း ကြေညာဖျက်သိမ်း ဖြုတ်ချလိုက်ပါတယ်။ ဆန္ဒပြပွဲတွေက ဆက်ဖြစ်နေပြီး၊ ဒါနဲ့ ကျန်ဝန်ကြီးတွေထဲက တယောက်က အိမ်စောင့်ဝန်ကြီးချုပ် သဖွယ် ဆက်လက်တာဝန်ပေးနေရင်းက စစ်အာဏာသိမ်းမှု ဖြစ်လာခဲ့တာပါ။ စစ်အာဏာသိမ်းတဲ့အချိန်တုန်းက စစ်တပ်က ၂၀၀၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းပြီး၊ ယာယီဥပဒေ အစားထိုးခဲ့ပါတယ်။ အမျိုးသား ငြိမ်းချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးကောင်စီ (NCPO) ကို ဖွဲ့စည်းပြီး အုပ်ချုပ်နေခဲ့တာပါ။ နိုင်ငံရေးသမားတချို့ကို ဖမ်းဆီးပြီး၊ နိုင်ငံရေးပါတီ လှုပ်ရှားမှုတွေကိုလည်း ပိတ်ပင်တားဆီးထားခဲ့ပါတယ်။ အာဏာသိမ်း အစိုးရက အကျင့်ပျက်ခြစားမှုတိုက်ဖျက်မယ်၊ ပြည်သူတွေကို ပျော်ရွှင်အောင်ထားမယ်ဆိုပြီး ကြွေးကြော်ခဲ့ပါတယ်။ အဲဒါ အပြင် စစ်အစိုးရက ထိုင်းနိယုံ ယန်ယင် (Thai Niyom Yangyuen) လို့ခေါ်တဲ့ အစီအစဉ် ချမှတ်လုပ်ဆောင်ခဲ့ပါသေးတယ်။ ရေရှည်တည်တံ့တဲ့ ထိုင်းဝါဒ (sustainable Thai-ism) လို့ ဘာသာပြန်ရင် ဖြစ်နိုင်ပါမယ်။ ဆိုလိုတာက ဒေသန္တရ ဖွံ့ဖြိုးရေးအတွက် ပြည်သူတွေ ဘာလိုအပ်ချက်ရှိသလဲ၊ ဘာဆန္ဒရှိသလဲ နားထောင်၊ အုပ်ချုပ်ရေးဘက်က ဖော်ဆောင်ပေးဖို့ ဖြစ်ပါတယ်။ အဲဒီ စီမံကိန်းအတွက် ဘတ် ၉၉.၅ ဘီလီယံ သုံးစွဲဖို့ လျာထားပါတယ်။ ဒေသန္တရအုပ်ချုပ်ရေး မြှင့်တင်ရေးဌာနက အဖွဲ့ ၇,၈၀၀ ကျော်ဖွဲ့ပြီး ပြည်သူ့နဲ့ဆွေးနွေး၊ အသံနားထောင်ကြဖို့ပါ။ ဒါပေမယ့် အခုတလော နိုင်ငံတကာစံချိန် စံညွှန်းတိုင်းတာမှုတွေမှာတော့ မျက်နှာပန်းလှစရာ သိပ်မရှိခဲ့ပါဘူး။ ပွင့်လင်းမြင်သာမှုဆိုင်ရာ အပြည်ပြည်ဆိုင်ရာအဖွဲ့ (Transparency International) က တိုင်းတာတဲ့ အကျင့်ပျက်ခြစားမှုအပေါ် ထင်မြင်ချက်ညွှန်းကိန်း (CPI) မှာ ၂၀၁၉ ခုနှစ် နိုင်ငံပေါင်း ၁၉၀ မှာအဆင့်က ၉၉ ဖြစ်သွားပါတယ်။ (ယခင်နှစ်က ၉၆ ကနေ ဆင်းသွားတာပါ။) အလားတူပဲ စီးပွား ရေးလုပ်ကိုင်ရ လွယ်ကူမှုညွှန်းကိန်း (Ease of doing business) (ကမ္ဘာ့ဘဏ်တိုင်းတာမှု) မှာလည်း မနှစ်က ၂၆ ကနေ၊ အခုနှစ် (၂၀၁၉) မှာ ၂၇ ကို တဆင့် ဆင်းခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် ရွေးကောက်ပွဲဖြစ်လာပါတော့မယ်။ ထိုင်းအစိုးရက ရွေးကောက်ပွဲကျင်းပမယ်၊ ကျင်းပပေးမယ်ဆိုပြီး ရွှေ့ဆိုင်းလာခဲ့တာ ၅ ကြိမ် ရှိပါပြီ။ အခုတော့ တကယ်မဲပေးရပါတော့မယ်။ ထိုင်းနိုင်ငံ ရွေးကောက်ပွဲတွေက ပျော်ရွှင်စရာတော့ ကောင်းပါတယ်။ လုပ်ငန်းပိုင်ရှင်တွေက အလုပ်ပိတ်ပေးပြီး၊ မြို့ပေါ်က လူတွေကနယ်ပြန်ကြ၊ မဲပေးကြ ကြာရှည် မတွေ့ကြတဲ့ မိသားစု ပြန်ပေါင်းစည်းချိန်နဲ့တောင်တူပါတယ်။ ထိုင်းနိုင်ငံမှာက မဲမပေးမနေရသဘော စနစ်လုပ်ထား ပါတယ်။ မြန်မာနိုင်ငံမှာက မိမိဆန္ဒအလျောက် မဲပေးချင်ပေး-မပေးလည်း နေလို့ရပါတယ်။ ထိုင်းနိုင်ငံမှာက အဲသလို မဟုတ်ပါဘူး။ မဲမပေးတဲ့ နိုင်ငံသားကို ဒဏ်ခတ်တဲ့အနေနဲ့ အဲဒီရွေးကောက်ပွဲ သက်တမ်းအတွင်း မကျေနပ်လို့ တိုင်ကြားတာ၊ စောဒကတက်တာတွေ လုပ်ခွင့် မရှိတော့ပါဘူး။ ဘာပဲဖြစ်ဖြစ် မတ်လ ၂၄ မှာ ထိုင်းနိုင်ငံသားတွေ တကယ်မဲပေးကြရပါတော့မယ်။ မဲပေးတဲ့အခါ မဲဆန္ဒရှင်တွေက မဲ ၂ ခုပေးရပါမယ်။ တခုကတော့ ကိုယ်ကြိုက်တဲ့ ကိုယ်စားလှယ်ကို ရွေးချယ်တာဖြစ်ပြီး၊ ကျန်တမဲကတော့ (party lists) ပါတီစာရင်းက ကိုယ်စားလှယ်အတွက် ကြိုက်တဲ့ ပါတီကို မဲထည့်ရမှာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံရေး အရှုပ်နဲ့ ပုဂ္ဂိုလ်ရေး အာဃာတတွေ ထိုင်းနိုင်ငံမှာ ယခင်ဝန်ကြီးချုပ်ဟောင်း သက်ဆင် (၂၀၀၁-၂၀၀၆) နဲ့ နောက်တခါ သူ့ညီမ ဝန်ကြီးချုပ်ဟောင်း ယင်လတ် ရှင်နာဝပ် (၂၀၁၁-၂၀၁၄) တို့က တရားခံပြေးအဖြစ်နဲ့ ပြည်ပမှာ ရှိနေကြပါတယ်။ ထိုင်းနိုင်ငံကို ပြန်လာခွင့်မရကြသေးပါဘူး။ သူတို့အပေါ်မှာလည်း တော်ဝင်မိသားစုနဲ့ စစ်တပ်က ရန်ညှိုးထားတယ်လို့ ယူဆနိုင်ပါတယ်။ အဂတိလိုက်စားမှု၊ ဘဏ္ဍာအလွဲသုံးစားမှုတွေနဲ့ အမှုဖွင့်ထားပါတယ်။ သက်ဆင်မိသားစုကလည်း ပြောရရင်- မိသားစုမျိုးဆက်အလိုက် နိုင်ငံရေးနယ်ပယ်မှာ ထိန်းချုပ်ထားနိုင်သလို ဖြစ်နေခဲ့ပါတယ်။ သက်ဆင်ရဲ့ ထိုင်းက ထိုင်းကိုချစ်သည်ပါတီ (Thai Rak Thai party) ဖျက်သိမ်းခံရပြီး၊ နောက်ပြန်လည်ဖွဲ့စည်းတဲ့ ဖွေ့ထိုင်းပါတီ (ထိုင်းလူမျိုးတို့အတွက် ပါတီ) (Pheu Thai Party) ကလည်း မဲထပ်နိုင်ပြန်တာပါပဲ။ သက်ဆင်-ယင်လတ်အပြင် ကြားထဲမှာ သက်ဆင်ရဲ့ ယောက်ဖတော်စပ်သူ ဆုမ်ချိုင်း ဝုန်ဆဝပ် (၂၀၀၈) (People’s Power Party) ကလည်း ဝန်ကြီးချုပ်ခဏ ဖြစ်ခဲ့ပါသေးတယ်။ ဘာဖြစ်လို့ သက်ဆင်တို့ပါတီ မဲနိုင်သလဲဆိုတာတော့ ထိုင်းနိုင်ငံ လူဦးရေဖွဲ့စည်းထားပုံနဲ့ ဆိုင်ပါတယ်။ သူတို့က ထိုင်းနိုင်ငံမြောက်ပိုင်း နဲ့ အရှေ့မြောက်ပိုင်း (အိဆန်) ဒေသကို အမာခံပြုထားကြပါတယ်။ ကျန်ဒီမိုကရက်ပါတီက ဘန်ကောက်နဲ့ ထိုင်းတောင်ပိုင်း အခြေစိုက်ပါ။ လူဦးရေအရ မြောက်ပိုင်းနဲ့ အိဆန်ဒေသဟာ ထိုင်းနိုင်ငံလူဦးရေရဲ့ သုံးပုံနှစ်ပုံလောက်ရှိတော့ သူတို့ထောက်ခံတဲ့ပါတီက အမြဲမဲနိုင်ပါတယ်။ ဒီဒေသကဆင်းရဲတော့ သက်ဆင်အပါအဝင် ဝန်ကြီးချုပ်တွေက လူထု သည်းခြေကြိုက် ထောက်ပံ့ရေးအစီအစဉ်တွေ လုပ်ကြပါတယ်။ ဘန်ကောက်သားတွေကတော့ သူတို့က အခွန်တွေအများ ကြီးဆောင်ရတယ်။ ဒီငွေတွေကို လူဆင်းရဲတွေအတွက် သုံးပြီး အစိုးရက မဲဆွယ်နေတယ်လို့ ယူဆကြပါတယ်။ ဒီတော့ အခုတခါ ဖွဲ့စည်းပုံရေးတဲ့အခါ၊ မြောက်ပိုင်းအခြေပြုပါတီတွေ မဲနိုင်သော်လည်း မနိုင်ရအောင် ကြံဖန်ညစ်တဲ့ အကွက်မျိုးတွေ ထည့်ပြီးစီရင်လာပါတော့တယ်။ စစ်အစိုးရဆွဲတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ထိုင်းနိုင်ငံရဲ့စစ်အစိုးရဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်လို့ ဝေဖန်သုံးသပ်မှုတွေလည်း အများအပြား ရှိပါတယ်။ အဲဒါအပြင် စစ်အစိုးရက နှစ် ၂၀ မဟာဗျူဟာစီမံကိန်းကိုလည်း ဆွဲထားတာ ရှိပါသေးတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို အဓိက ဝေဖန်နေကြတာကတော့ ဒီမိုကရေစီအားနည်းပြီး၊ စစ်အစိုးရ လွှမ်းမိုးမှု ဆက်ရှိနေမှာ ဖြစ်ပါတယ်။ အခု ဖွဲ့စည်းပုံက ၁၉၃၂ သက်ဦးဆံပိုင်ဘုရင်စနစ်ကို ဖျက်သိမ်းပြီးနောက်ပိုင်းမှာ အကြိမ် ၂၀ မြောက် ဖွဲ့စည်းပုံ ဥပဒေပါ။ အဓိကဝေဖန်နေကြတာကတော့ နိုင်ငံရေးပါတီတွေရဲ့ အခန်းကဏ္ဍ၊ အာဏာကို လျှော့ချထားတာပါ။ အထက်လွှတ်တော်ကို စစ်အစိုးရက တိုက်ရိုက်ခန့်အပ်ထားနိုင်ပြီး၊ ဆီးနိတ်မှာ ကိုယ်စားလှယ် ၂၅၀ ရှိပါမယ်။ အဲဒီမှာ စစ်တပ်က ကိုယ်စား လှယ် ၆ ဦး နေရာရှိပါတယ်။ ရွေးကောက်ပွဲ စနစ်က အချိုးကျစနစ် (PR) စနစ်ဖြစ်လို့၊ ပါတီတွေရဲ့ သြဇာကို နည်းစေနိုင် ပါသေးတယ်။ ဖွဲ့စည်းပုံခုံရုံးကို အာဏာတိုးပေးထားပြီး၊ လူထုရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရကို ပြစ်တင်ရှုတ်ချခြင်း အယုံအကြည်မရှိ အဆို တင်တာမျိုးလည်း လုပ်ခွင့်ပေးထားပါတယ်။ အောက်လွှတ်တော်အတွက် ကိုယ်စားလှယ် ၅၀၀ ကို ရွေးချယ်တင်မြှောက်ရမှာပါ။ ဆီးနိတ်ရဲ့ အရေအတွက် နှစ်ဆ ဖြစ်ပါတယ်။ ကိုယ်စားလှယ် ၅၀၀ ထဲက ၃၅၀ ကို၊ တိုက်ရိုက်ရွေးချယ် မဲပေးရမှာပါ။ ကျန်တဲ့ ၁၅၀ ကတော့ ကိုယ်စားပြုအချိုးကျစနစ် (PR) နဲ့ နိုင်ငံရေးပါတီတွေထဲက စာရင်းတို့ထားသူ (Party-lists) က ပါတီက မဲရတဲ့အရေအတွက် အချိုးအလိုက် တက်လာမှာ ဖြစ်ပါတယ်။ အဓိကအားဖြင့် ပြိုင်ဆိုင်ကြမယ့် ပါတီကြီး ၃ ခု ရှိနေပါတယ်။ ရွေးချယ်ခံမဟုတ်တဲ့ သူကလည်း ဝန်ကြီးချုပ်ဖြစ်ဖို့ အလားအလာ ရှိနေပါသေးတယ်။ ဝန်ကြီးချုပ်အဖြစ် မဲပေးရာမှာ ဆီးနိတ် + အောက်လွှတ်တော် စုစုပေါင်း ကိုယ်စားလှယ် ၇၅၀ က မဲပေးရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ပါတီတခုက အပြတ်အသတ်နိုင်မှသာ ဝန်ကြီးချုပ်ဖြစ်နိုင်ပါတယ်။ အောက်လွှတ်တော်မှာ ကိုယ်စားလှယ်အနည်းဆုံး ၃၇၆ ဦး (၇၅၀ ရဲ့ တဝက်ကျော်) နိုင်ထားဖို့ လိုပါသေးတယ်။ ဒါပေမယ့် စစ်အစိုးရကို လိုလားတဲ့ နိုင်ငံရေးပါတီကျတော့ အောက်လွှတ်တော်မှာ ကိုယ်စားလှယ် ၁၂၆ ဦးပဲ နိုင်ဦး၊ အထက်လွှတ်တော်က ခန့်အပ်ထားတဲ့ ဆီးနိတ်မဲများနဲ့ ဝန်ကြီးချုပ်ရနိုင်ပါသေးတယ်။ ထိုင်းလူထုတွေအတွက်တော့ ရွေးချယ်စရာ သိပ်မရှိလှပါဘူး။ တဝက်တပျက် ဒီမိုကရေစီကို ယူမလား၊ စစ်အစိုးရ အုပ်ချုပ်မှုအောက်ဆက်နေမလားဆိုတာ ရွေးချယ်ရမယ့် ကိန်းဖြစ်နေပါတယ်။ ထူးထူးခြားခြား ပဏာမရွေးကောက်ပွဲ (Primary elections) ဒီတခေါက် ထိုင်းနိုင်ငံရွေးကောက်ပွဲမှာ ထူးခြားတာက နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်ရွေးချယ်ရာမှာPrimary လို့ ခေါ်တဲ့ အောက်ခြေထုကနေ ကိုယ်စားလှယ်ရွေးချယ်ရေး မဲပေးစေရတာ ဖြစ်ပါတယ်။ ဒီလိုစနစ်မျိုးက အမေရိကန်သမ္မတ ရွေးကောက်ပွဲတွေမှာ ရှိပါတယ်။ သမ္မတလုပ်မယ့် ကိုယ်စားလှယ်လောင်းက သူပါတီအောက်ခြေထုကြားထဲမှာ အကြိတ်အနယ် ပြိုင်ဖက်တွေနဲ့ နွှဲပြီးမှ နိုင်ငံအဆင့် ရွေးကောက်ပွဲကို တက်လာရတဲ့ သဘောဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာလည်း ဒီလို ပဏာမရွေးကောက်ပွဲစနစ်ကို ကျင့်သုံးဖို့ စစ်အစိုးရခန့်အပ်ထားတဲ့ လွှတ်တော်က ဥပဒေဆွဲရာမှာ အတည်ပြုခဲ့ပါတယ်။ ဒီအကြံကိုစပြီးအဆိုပြုသူက စစ်အစိုးရကို ထောက်ခံသူ ဆီးနိတ်တာဟောင်း ဗိုလ်ချုပ်ကြီး ဆုမ်ဂျက် ဘွန်ထနွန် (Somjet Boonthanom) ဖြစ်ပါတယ်။ သူက နိုင်ငံရေးပါတီတွေအတွက် စည်းမျဉ်းဥပဒေတွေ ရေးဆွဲဖို့ ကော်မတီကို ဦးဆောင်ရသူပါ။ ကြားဖြတ်လွှတ်တော်က ၂ နာရီကြာ ဆွေးနွေးပြီး၊ မဲ ၁၈၀-၀နဲ့ အတည်ပြုခဲ့ ပါတယ်။ နိုင်ငံရေးပါတီတွေကတော့ ကန့်ကွက်ကြပါတယ်။ ဒါဟာ ပါတီနိုင်ငံရေးကို ဝင်စွက်ဖက်တဲ့သဘောဆန်တယ်လို့ ဆိုကြပါတယ်။ ဒီမိုကရက်တစ်ပါတီ MP ဟောင်း နီပစ် အင်တရာဆုမ်ဘတ် (Nipit Intrasombat) ကတော့ အခုလို ပဏာမရွေးကောက်ပွဲတွေက ဒေသခံတွေအတွင်း ကိုယ့်ဆွေမျိုးကောင်းစားရေးကြည့်တဲ့ ဝါဒ (local nepotism) ဖြစ်လာစေမယ်၊ ဒေသခံ အကျိုးစီးပွားအုပ်စုတွေအတွက် ဖြစ်လာစေမယ်လို့ ဝေဖန်ပါတယ်။ “ဆိုပါစို့၊ တယောက်ယောက်က မပြိုင်ဘူးဆိုရင်တောင် သူ့ဇနီး၊ သူ့သားသမီးတွေကို ထည့်ပြီး ပြိုင်စေနိုင်တာပေါ့” လို့ ဆိုပါတယ်။ ထောက်ခံသူတွေလည်း ရှိပါတယ်။ ဒီမိုကရက်ပါတီ MP ဟောင်း နောက်ပိုင်းမှာ စစ်အစိုးရပြုပြင်ပြောင်းလဲရေး ကောင်စီမှာ ခန့်အပ်ခံရသူ အလောင်ကောင် ပွန်လာဘုတ် (Alongkorn Ponlaboot) ကတော့ “အခုလို primary ရွေးကောက်ပွဲတွေ ကျင်းပစေတာဟာ ပါတီ နိုင်ငံရေးကို ဗဟိုချုပ်ကိုင်မှုလျှော့ချတာ (decentralize party politics) ဖြစ်တယ်။ မဲဆန္ဒရှင်တွေအတွက် ခွန်အားအာဏာ တိုးစေတယ်လို့ ဆိုပါတယ်။ ထိုင်းနိုင်ငံရေးက နှစ်ပေါင်း ၇၀ ရှိလာပြီ။ ဆွေမျိုးကောင်းစားရေး (Nepotism)၊ ငွေကြေး၊ ထိပ်သီး အီလိုက်လူနည်းစုက ချယ်လှယ်လွှမ်းမိုးတာတွေပဲ ဖြစ်နေတယ်။ ပြဿနာဟောင်းတွေအတွက် အဖြေဟောင်းတွေနဲ့ သွားလို့ မဖြစ်နိုင်ဘူး” လို့ သူက ဆိုပါတယ်။ ဝေဖန်သူ နိပစ်ကတော့ “အခု ဖွဲ့စည်းပုံဥပဒေက ရွေးချယ်တင်မြှောက် မခံရသူကို ဝန်ကြီးချုပ်ပေးနိုင်အောင် လုပ်ထားတဲ့ ဥပဒေ၊ အခုလို ပရိုင်မရီစနစ်က နိုင်ငံရေးပါတီတွေကို ပိုအားနည်းချိနဲ့ စေမယ်လို့ ဆိုခဲ့ပါတယ်။ အခု ဥပဒေအသစ်အရ မှတ်ပုံတင်ထားတဲ့ ပါတီဝင်တွေဟာ သူတို့ဒေသခံကိုယ်စားလှယ်ကို အောက်ခြေပါတီရွေးကောက်ပွဲတွေကတဆင့် မဲပေးရွေးချယ်ရမှာ ဖြစ်ပါတယ်။ အရင်အမတ်ဟောင်း၊ ရှပ်နီ တက်ကြွလှုပ်ရှားသူတဦး ဖြစ်တဲ့ ဝင်တိုဂျီရာကန် (Weng Tojirakarn) ကတော့ ထောက်ခံပါတယ်။ “မဲဆန္ဒနယ်မြေတခုက လူထုတွေက ဘယ်သူက MP အဖြစ်သူတို့ကို ကိုယ်စားပြုတာ ပိုကောင်းတယ်ဆိုတာ ကောင်းကောင်းရွေးချယ်ပေးနိုင်ပါတယ်” လို့ ဆိုပါတယ်။ ထူးခြားတာကတော့ အတိုက်အခံဝါရင့်ပါတီ ဒီမိုကရက်ပါတီက သူတို့ရဲ့ ပရိုင်မာရီ ရွေးကောက်ပွဲတွေကို ဘလော့ချိန်း နည်းပညာ (Blockchain) နဲ့ ကျင်းပခဲ့တာပါ။ သူတို့က နိုဝင်ဘာ ၁ ရက်ကနေ ၉ ရက်အထိ Live e-voting system အွန်လိုင်းမဲပေးစနစ်ကို သုံးပြီး၊ ဇက်ကွိုင်း ဘလော့ချိန်း Zcoin blockchain နည်းပညာပံ့ပိုးမှုကို သုံးခဲ့ကြပါတယ်။ မဲပေးသူ ပေါင်း ၁၂၀,၀၀၀ ရှိခဲ့ပါတယ်။ မိုင်းဘိုင်းမဲပေး Mobile voting apps နဲ့ မဲပေးနိုင်ပြီး၊ အဲသလိုပေးမယ်ဆိုရင်တော့ ဓာတ်ပုံ ID လိုအပ်ပါတယ်။ မဲရုံကို လူကိုယ်တိုင်လာပေးလည်း ရပါတယ်။ အဲဒီမှာတော့ Raspberry Pi system သုံးပြီး မှတ်တမ်းယူပါတယ်။ သူတို့ရွေးကောက်ပွဲကို IPFS စနစ် (ကျနော်လည်း သေချာမသိပါ) သုံးပြီး မှတ်တမ်းမှတ်ရာတွေရဲ့ မှန်ကန်မှုကို အာမခံပါတယ်။ ဒီမှတ်တမ်းတွေကို ထိုင်းနိုင်ငံ ရွေးကောက်ပွဲကော်မရှင်ကလည်း စစ်ဆေးကြည့်နိုင်သလို၊ ပြိုင်ဆိုင်တဲ့ ကိုယ်စားလှယ်လောင်းတွေကလည်း ပြန်လည် စစ်ဆေးကြည့်ရှုနိုင်ကြောင်း အာမခံမှုရှိတယ်လို့ ဆိုပါတယ်။ ဒါဟာ ထိုင်းနိုင်ငံရေးပါတီတွေမှာ ပထမဦးဆုံးနည်းပညာသုံး ရွေးကောက်ပွဲပါပဲ။ ကျန်ပါတီတွေကတော့ သူတို့နည်း၊ သူတို့ဟန် ဆောင် ရွက်ကြပါတယ်။ ဒီလိုနဲ့ ဝန်ကြီးချုပ်လောင်းအဖြစ်လျာထားသူတွေ ပါတီ ၄ခုက ပေါ်လာပါတယ်။ စစ်အစိုးရကို ထောက်ခံတဲ့ Phalang Pracharath (ပြည်သူ့ခွန်အား) ပါတီက လက်ရှိဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယွတ် ချန်အိုချာ၊ ဒီမိုကရက်ပါတီက အဖိချစ်ဝိချာချီဝ၊ Pheu Thai (ပြည်သူ့အတွက်ပါတီ) က အမျိုးသမီးခေါင်းဆောင် ဆူဒါရတ် ခီယူရာဖန်၊ အနာဂတ်သစ်ပါတီ (Future Forward Party) က ခေါင်းဆောင်လူငယ်စီးပွားရေးလုပ်ငန်းရှင် ထနာထွန် ဂျုံရောင်းရူအန်ကစ် တို့ပါပဲ။ ထိုင်းနိုင်ငံက လူထုဆန္ဒသဘောထား စစ်တမ်း (Poll) ကောက်ယူမှုတွေအရတော့ ဗိုလ်ချုပ်ကြီး ပရာယွတ်ပဲ ဝန်ကြီးချုပ်ပြန် ဖြစ်မယ်လို့ ရှေ့ပြေးနေတာ တွေ့ရပါလိမ့်မယ်။ ကျနော်တို့ မြန်မာနိုင်ငံက ရွေးကောက်ပွဲတွေမှာလည်း ပရိုင်မာရီတို့၊ ဘလော့ချိန်းတို့ ဘယ်တော့ကြားရမှန်း မသိပါဘူး။ ထိုင်းနိုင်ငံ ရွေးကောက်ပွဲမှာ စောင့်ကြည့်စရာဆိုလို့ ပါတီကြီး ၃ ခုနဲ့ တက်သစ်စပါတီတခု ရှိတယ်။ ဒါပေမယ့် အခု ရွေးကောက်ပွဲအတွက် မဲဆွယ်ကြတော့ မူဝါဒတွေက လူထုသည်းခြေကြိုက် (populist) မူဝါဒတွေချည်း ဖြစ်နေတယ် လို့ ဝေဖန်သူတွေက ဆိုကြတယ်။ သမ္မာဆတ်တက္ကသိုလ်က ပညာရှင်တဦးဖြစ်တဲ့ ဆုမ်ဂျိုင် ဖာဂါဖာဝိဝတ် (Somjai Phagaphasvivat) ကတော့ “နိုင်ငံရေးပါတီတော်တော်များများရဲ့ စီးပွားရေး မူဝါဒတွေက အနည်းနဲ့အများ ဆိုသလို လူထုသည်းခြေကြိုက်ဝါဒ (populism) ဖက် ဦးတည်နေကြတယ်” လို့ ပြောတယ်။ “ဒါမှပဲ မဲဆန္ဒရှင်တွေကို ထိထိရောက် ရောက် ဆွဲဆောင်နိုင်မယ်၊ (အရင်) ထိုင်းရတ်ထိုင်းပါတီလို အလားတူ မူဝါဒတွေပေါ့။ လူထုသည်းခြေကြိုက်ဝါဒမှာ အကောင်းရော၊ အဆိုးရော အကျိုးဆက်တွေရှိပါတယ်။ မူဝါဒ အဆိုးဘက်အကျိုးဆက်ကတော့ ဘဏ္ဍရေးစည်းမျဉ်းတွေ ချိနဲ့လာမယ်၊ အစိုးရဘက်ဂျက်ငွေတွေ လျော့မယ်၊ အစိုးရကြွေးမြီတွေ ပိုတိုးလာမယ်” လို့ သူက ဆိုပါတယ်။ ထိုင်းနိုင်ငံကို စောင့်ကြည့်လေ့လာနေတဲ့ လိဒ်တက္ကသိုလ် (University of Leeds) က ပါမောက္ခ ဒန်ကန် မက်ကာဂိုကတော့ “ထင်ရှားတာက ပါတီတွေအားလုံးက ဒီအပြော၊ ဒီအဆို အတူတူတွေပဲ။ သူတို့မူဝါဒတွေကြောင့် သာမန်မဲဆန္ဒရှင် ပြည်သူတွေရဲ့ သက်မွေးဝမ်းကျောင်းမှု တိုးတက်လာမယ်လို့ ဆိုကြတာချည်းပါပဲ” လို့ ပြောပါတယ်။ ဘယ်ပါတီကမှ အလယ်အလတ်နဲ့ ရေရှည် စီးပွားရေးမူဝါဒတွေကို ချပြတာ မရှိပါဘူး။ ဘဏ္ဍာရေးစည်းမျဉ်းတွေ ကြပ်မတ် လိုက်နာဖို့ဆိုတာလည်း ချို့တဲ့နေကြပါတယ်။ မစ္စတာဆုမ်ဂျိုင်ကတော့ လက်တင်အမေရိကနိုင်ငံတွေမှာ ဖြစ်ခဲ့တဲ့ လူထု သည်းခြေကြိုက်မူဝါဒတွေရဲ့ ဆိုးကျိုးကို သတိထားသင့်တယ်လို့ ဆိုပါတယ်။ သက်ဆင်နောမစ် (Taksinomics) ထိုင်းနိုင်ငံမှာ ၁၉၉၇ ငွေကြေး အကျပ်အတည်ပြီးနောက် ၂၀၀၁ ခုနှစ်မှာ သက်ဆင်ဝန်ကြီးချုပ်ဖြစ်၊ အာဏာရလာပါတယ်။ သူက ကက်ဘိနက် ဝန်ကြီးအဖွဲ့ကို CEO တယောက်လို အုပ်ချုပ်သလို၊ လူထုသည်းခြေကြိုက် အစီအစဉ်တွေ အများအပြားလည်း ချမှတ်ဆောင်ရွက်ခဲ့ပါတယ်။ အထူးသဖြင့် ဆင်းရဲသားပြည်သူတွေ (ထိုင်းနိုင်ငံ မြောက်ပိုင်းနဲ့ အရှေ့မြောက် အိဆန်ဒေသ) က ထောက်ခံကြပါတယ်။ အဲဒီမှာ ဆေးရုံတခါပြ ဘတ် ၃၀ (Unversal health insurance) လို ကိစ္စမျိုးတွေ ပါဝင်ပါတယ်။ ကျေးရွာတရွာ ဘတ်တသန်းချေးပေးတာ၊ ကျေးရွာတခု ထုတ်ကုန်တခု (OTOP) စီမံကိန်းမျိုး၊ ကြွေးမြီ လျော်ပစ်တာတွေ၊ သက်သာခွင့်ပေးတာတွေ၊စိုက်ပျိုးရေးထွက်ကုန်ပစ္စည်း ဈေးနှုန်းအာမခံပေးတာမျိုးတွေ ပါဝင်ပါတယ်။ ထိုင်းနိုင်ငံက ဒီလိုမူဝါဒတွေနဲ့ ၁၈ နှစ်ကျော် ဖြတ်သန်းခဲ့ရပါတယ်။ သက်ဆင်ရဲ့ ထိုင်းရတ်ထိုင်းပါတီ၊ နောက်ပိုင်းဖျက်သိမ်းခံရပြီး ပြန်ဖွဲ့တဲ့မျိုးဆက် Pheu Thai ပါတီတို့က ဒီလိုမူဝါဒကို ဆက်ခံလုပ်ဆောင်ခဲ့ကြတာပါ။ မဲရဖို့အတွက် အလုပ်လည်း ဖြစ်ခဲ့ပါတယ်။ မကြာခင် ရက်ပိုင်းက ဆောင်းပါးရှင် လယ်ရီယေဂင်က Sukyinomics ဆိုပြီး ဆောင်းပါးတပုဒ်ရေးပါသေးတယ်။ သူဘာဆိုလိုတာလည်း ကျနော်တော့ နားမလည်ပါဘူး။ ဖွေ့ထိုင်းပါတီ (Pheu Thai) ယခင် သက်ဆင်ဝါဒီတွေကို ဆက်ခံသူတွေလို့ ဆိုနိုင်ပါတယ်။ အာဏာရခဲ့ဖူး- အာဏာကလည်း ဖြုတ်ချခဲ့ရဖူးပါတယ်။ ရှပ်နီ အုပ်စုတွေနဲ့ ဆက်စပ်တဲ့ပါတီလည်း ဖြစ်ပါတယ်။ အဲဒီပါတီရဲ့ အမျိုးသမီးခေါင်းဆောင် ဆူဒါရတ် ခီယူရာဖန်ကို ဝန်ကြီးချုပ်လောင်းအဖြစ် လျာထားကြပါတယ်။ အရင်ကာလတွေမှာ ဒု-ဝန်ကြီးချုပ် တာဝန်ယူဖူးသူပါ။ ၄ နှစ်တာ စစ်အစိုးရအောက်မှာ ပြည်သူတွေဟာ စီးပွားရေးကျပ်တည်း အခက်အခဲကြားထဲ ဖြတ်သန်းနေရတာ ကြာပါပြီလို့ ဆူဒါရတ်က ပြောပါတယ်။ ကြွေးမြီဝန်ပိလာတယ်။ အခြေအနေတွေ ယိုယွင်းလာတယ်လို့သူက ဆိုပါတယ်။ ဒါ့အပြင် တရုတ်- အမေရိကန် ကုန်သွယ်ရေးစစ်ပွဲကြောင့် စီးပွားရေးထိုင်းမှိုင်းမယ့် အလားအလာတွေလည်း ရှိနေပါသေးတယ်။ “ကျမတို့က စီးပွားရေးကို အလေးမထားတဲ့ အစိုးရမျိုးသာရခဲ့ရင်တော့၊ လူထုတွေ ပိုပြီးနစ်နာကျပ်တည်းရမှာပဲ” လို့ ဆူဒါရတ်က ပြောပါတယ်။ သူတို့ပါတီအနေနဲ့ ပြည်သူတွေ ဝင်ငွေတိုးအောင် ဆောင်ရွက်ပေးဖို့ နည်းလမ်းတွေ မခက်ခဲပါ ဘူးလို့လည်း ဆိုပါသေးတယ်။ ပါတီရဲ့ စီးပွားရေးမူဝါဒ ၅ ချက် ရှိတယ် ဆိုပါတယ်။ ပထမအချက်က လယ်သမားတွေက သူတို့စိုက်ချင်တာ စိုက်နိုင်အောင် ခွန်အားအာဏာ ရှိစေမယ်။ ဖေ့ထိုင်းပါတီအနေနဲ့ ထိုင်း အမှတ်တံဆိပ် (Thai brand) ကို အားကောင်းစေမယ်၊ ထိုင်းတံဆိပ်နဲ့ ဈေးကွက်ထိုးဖောက်မှု မြှင့်ပြီးလုပ်မယ်။ ဒုတိယအချက်ကတော့ အငယ်စားနဲ့ အလတ်စားလုပ်ငန်းများ (SMEs) ကို နည်းပညာသုံးစေမယ်။ ကမ္ဘာ့ဈေးကွက်ထိုး ဖောက်နိုင်အောင် အားပေးမယ်။ တတိယအချက်ကတော့ လွတ်လပ်တဲ့ကုန်သွယ်မှု သဘောတူညီချက်များ (Free trade agreements) ကို ညှိနှိုင်းပြီး ပြည်ပပို့ကုန် ပမာဏ မြင့်စေမယ်။ စတုတ္ထအချက်ကတော့ ခရီးသွားလုပ်ငန်းက ဝင်ငွေမြင့်စေမယ် ပြည်နယ်တွေအနေနဲ့ အခြေခံအဆောက်အဦ စီမံကိန်းတွေအတွက် ငွေမရှိလို့ စောင့်နေရတာမျိုး မဖြစ်အောင် ဆောင်ရွက်မယ်။ ပဉ္စမအချက်အနေနဲ့ နိုင်ငံတစ်ဝန်းက မျိုးဆက်သစ်စီးပွားရေးလုပ်ငန်းတွေကို အားပေးမယ်၊ လူထုတွေရဲ့ ဝယ်လိုအား (purchasing power) ကို မြင့်စေမယ် ဆိုပါတယ်။ ဒီမိုကရက်ပါတီ (Democratic party) ဝါရင့်သက်တန်းရှည် ထိုင်းနိုင်ငံရေးပါတီလို့ ဆိုနိုင်ပါတယ်။ သူတို့က ဘုရင့်ဘက်တော်သားတွေလို့ ဆိုနိုင်သလို၊ ဘန်ကောက်နဲ့ ထိုင်းတောင်ပိုင်းမှာ အားကောင်းပါတယ်။ ရှပ်ဝါ အုပ်စု တွေနဲ့ ဆက်နွယ်နေကြပါတယ်။ သူတို့ကတော့ နိုင်ငံရဲ့ ရေရှည်ကြာ ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ ဖက်စုံ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ ဆောင်ရွက်မယ်လို့ ဆိုပါတယ်။ ဆင်းရဲမွဲတေမှုက ထိုင်းနိုင်ငံ စီးပွားရေးအတွက် အဓိကပြဿနာလို့ သူတို့က ယူဆကြပြီး၊ လယ်သမားတွေအတွက် သီးနှံ (ဆန်၊ ပလောပီနံ၊ ပြောင်း၊ ရာဘာ၊ ဆီအုန်း.. စသဖြင့်) ကနေ အနိမ့်ဆုံးဝင်ငွေကို အာမခံပေးမယ်လို့ ဆိုပါတယ်။ သူတို့ ဒီမိုကရက်ပါတီသာ အစိုးရဖြစ်ရင် လယ်သမားတွေကို အငယ်စား သမဝါယများ ဖွဲ့စည်းစေပြီး၊ သီးနှံအမျိုးအစားအလိုက် ဖွဲ့စည်းထားတဲ့ အကြီးစား သမဝါယမကြီးတွေနဲ့ ဈေးနှုန်းညှိနှိုင်းနိုင်တဲ့ အာဏာရအောင် လုပ်ဆောင်ပေးမယ် ဆိုပါတယ်။ အဲဒါအပြင် လယ်သမားတွေကို အော်ဂဲနစ်စိုက်ပျိုးနည်းတွေနဲ့ သူတို့အတွက် အကောင်းဆုံးသီးနှံထုတ်ကုန် ဈေးကွက် ဖန်တီးဖို့ အားပေးမယ် ဆိုပါတယ်။ ဆင်းရဲမှုကိုတိုက်ဖျက်နိုင်ဖို့ နည်းနာတခုအနေနဲ့ အမျိုးသားဆင်းရဲမှုသတ်မှတ်မျဉ်း (National poverty line) ကို တနှစ်လူတဦး ၁၂၀,၀၀၀ ဘတ် (ဒေါ်လာ ၃၈၀၀ ခန့်) ထားမယ်၊ အဲဒီမျဉ်းအောက်ကျသူ တွေကို အစိုးရက ထောက်ပံ့ကြေးတွေပေးမယ်၊ လက်ရှိ အနိမ့်ဆုံး လုပ်ခလစာကို ပြင်ဆင်သတ်မှတ်မယ်လို့ ပြောပါတယ်။ နိုင်ငံစီးပွားတက်နေတာကို ပြသမှုအနေနဲ့ ထိုင်းနိုင်ငံ စတော့ဈေးကွက်ညွှန်းကိန်း အမှတ် (SET) ကို ၂၀၂၃ ကျရင် ရမှတ် ၂,၅၀၀ မှာ ထားမယ်လို့ ဆိုပါတယ်။ အဲဒါအပြင် ဒစ်ဂျစ်တယ်ငွေကြေး ပိုင်ဆိုင်မှုကို ရောင်းဝယ်၊ ဖလှယ်ဖို့ တရားဝင် ဈေး ကွက်သတ်မှတ် လုပ်ဆောင်မယ် ဆိုပါတယ်။ ဒီမိုကရက်ပါတီကတော့ ထိုင်း-တရုတ် မြန်နှုန်းမြင့်ရထား စီမံကိန်းကို ပြန်လည်သုံးသပ်ချင်တယ်၊ ဘာဖြစ်လို့ဆိုတော့ ထိုင်းနိုင်ငံကသာ အဓိကရင်းနှီးမြှုပ်နှံသူ ဖြစ်နေရတဲ့အတွက်ကြောင့်လို့ ဆိုပါတယ်။ အဲဒါအစား ဟိုက်ဝေး (motor way) နဲ့ ချိတ်ဆက်မယ်၊ နှစ်လမ်းသွား ရထားလမ်း ချိတ်ဆက်တာက ပိုအကျိုးဖြစ်စေမယ်လို့ ဆိုပါတယ်။ တောင်ပိုင်းဒေသမှာ လည်း Motorway ဖောက်ဖို့ (ဘန်ကောက်ကနေ၊ မလေးရှားနယ်စပ် ပဒန်း ဘာဆာ (Padand Besar) ကို ဟိုက်ဝေးလမ်း) သူတို့က လိုလားပါတယ်။ ဖလန်ပရာချာရသ် ပါတီ (Palang Pracharath Party) စစ်အစိုးရရဲ့ ကျောထောက်နောက်ခံပါတီပါတီ ဖြစ်ပြီး၊ ဒီပါတီရဲ့ ဝန်ကြီးချုပ်အဖြစ် အခုစစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်ကြီး ပရာယွတ် ချန်အိုချာကိုပဲ လျာထားပါတယ်။ ဒီပါတီ (PPRP) ကတော့ သူတို့ရဲ့ စီးပွားရေးမူဝါဒများအဖြစ် အဓိကလုပ်ငန်း တာဝန် ၃-ခု (3 core missions) လုပ်မယ်လို့ ဆိုထားပါတယ်။ အဲဒါတွေကတော့ ၁။ ဝင်ငွေနည်းပြည်သူများအတွက် လူမှု ဖူလုံရေး အထောက်အပံ့များပေးခြင်း၊ ၂။ ပရာချာရသ် လူမှုအဖွဲ့အစည်း (အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု) ထူထောင်ခြင်း၊ ၃။ ထိုင်းနိုင်ငံရဲ့ ပြိုင်ဆိုင်နိုင်စွမ်း (competitiveness) မြင့်လာအောင် လုပ်ဆောင်ခြင်းတို့ ဖြစ်ပါတယ်။ ဒီပါတီရဲ့ စီးပွားရေးမူဝါဒကတော့ ယေဘုယျပြောရင် လက်ရှိအစိုးရဆောင်ရွက်နေတဲ့ လုပ်ငန်းများကို ဆက်လက်ဆောင် ရွက်ရေးပဲ ဖြစ်ပါတယ်။ ပါတီခေါင်းဆောင်ဖြစ်သူဖြစ်သူ ဥတ္တမ ဆာဗာနာရန (Uttama Savanayana) ကတော့ သူတို့ရဲ့ မူဝါဒတွေဟာ သာမန်ပြည်သူတွေနဲ့ စကားပြောဆိုရာကနေ၊ ပါတီအဖွဲ့ဝင်တွေနဲ့ ဦးနှောက်မုန်တိုင်းဆင် ပြောဆိုဆွေးနွေးရာကနေ ပေါ်ထွက်လာတာလို့ ဆိုပါတယ်။ သူတို့ပါတီ PPRP ကတော့ လက်ရှိ လူမှုဖူလုံရေးထောက်ပံ့ပေးနေတဲ့ စမတ်ကတ်စနစ် (social welfare smartcard) ကို ဆက်ပြီး လုပ်ချင်တယ်၊ ဝင်ငွေနည်းသူတွေအတွက် သင်တန်းတွေပံ့ပိုးပေးပြီး၊ သူတို့အလုပ်အကိုင် အခွင့်အလမ်း တိုးတက်လာအောင် ဖန်တီးပေးချင်တယ်လို့ ဆိုပါတယ်။ ဒါအပြင် မတူကွဲပြားတဲ့အုပ်စုတွေ ဖြစ်တဲ့ သက်ကြီးရွယ်အိုတွေ၊ မသန်စွမ်းသူတွေ၊ မြို့ကြီးတွေပေါ်က လုပ်သားတွေ၊ ကျောင်းဆရာတွေ၊ SMEs၊ ကျောင်းသားတွေ စသည်ဖြင့်အတွက် အခြေခံလိုအပ်ချက်တွေကို ဖြည့်ဆည်းထောက်ပံ့ပေးချင်တယ်လို့ ပါတီခေါင်းဆောင် ဥတ္တမက ပြောပါတယ်။ လယ်သမား၊ အလုပ်သမား၊ ဝန်ထမ်း၊ ကျောင်းဆရာ၊ ကျောင်းသားတွေ ထမ်းနေရတဲ့ ကြွေးမြီ ဝန်ထုပ်ဝန်ပိုးသက်သာလာအောင် အစီအစဉ်တွေ ရှိပါတယ်လို့လည်း ဆိုပါတယ်။ PPRP ပါတီအနေနဲ့ အဖိုးနည်းအိမ်ယာ စီမံကိန်းတွေဆက်လုပ်မယ်၊ လယ်သမားတွေကို စိုက်ပျိုးမြေ ဝေပေးမယ်လို့ ပြောပါတယ်။ အဲဒါအပြင် လယ်ယာကဏ္ဍမှာတော့ အခြားရွေးချယ်စရာ သီးနှံများ (alternative crops) အပေါ် အလေးထားခြင်း၊ တီထွင်ဖန်တီးမှု၊ ထုတ်လုပ်မှုတို့ကို အခြေခံပြီး စိုက်ပျိုးရေးကဏ္ဍ ပြန်လည်ဖွဲ့စည်းမှု အစီအစဉ်များဆောင်ရွက် သွားမယ်လို့လည်း ဆိုပါတယ်။ ပါတီအနေနဲ့ ရပ်ရွာကဦးဆောင်တဲ့ စီးပွားရေးလုပ်ငန်းတွေကို အားပေးမယ်၊ ရပ်ရွာအခြေခံ ခရီးသွားလုပ်ငန်းကို အားပေးမယ်၊ တိုးရစ်တွေ များများပေါက်ရောက်နိုင်ဖို့ အခြေခံအဆောက်အဦ စီမံချက်တွေကို လုပ်မယ်လို့ ဆိုပါတယ်။ ပါတီ ဒု-ခေါင်းဆောင်က ပြောတာကတော့ အရှေ့ပိုင်း အထူးစက်မှုဇုန် စင်္ကြံ (Eastern Economic Corridor) အပြင်၊ အခြားစက်မှုဇုန်ဒေသတွေပါ တိုးချဲ့ချင်တယ်လို့လည်း ပြောပါတယ်။ အထူးသဖြင့် ထိုင်းတောင်ပိုင်းဒေသကိုပါ။ ဒါအပြင် အိမ်နီးချင်း နိုင်ငံတွေဖြစ်တဲ့ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ်တွေနဲ့ ချိတ်ဆက်ပြီး မြောက်ပိုင်း စီးပွားရေးစင်္ကြံ၊ လန်းနား စီးပွားရေးစင်္ကြံတွေ ချဲ့ထွင်သွားမယ်၊ ထိုင်းနိုင်ငံကို အာဆီယံ ဖွံ့ဖြိုးမှုနည်း ၄-နိုင်ငံ (CLMV) ရဲ့ ဆုံချက် (hub) အဖြစ် ဖန်တီးသွားမယ်လို့လည်း ဆိုထားပါတယ်။ အဲဒါအပြင် ၂၀၁၈ ဇူလိုင်လက ထိုင်းလွှတ်တော်က အတည်ပြုထားတဲ့ နှစ်၂၀ အစီအစဉ်ကိုလည်း ဆက်လက်အကောင်အထည်ဖော်မှာ ဖြစ်ပါတယ်။ နှစ် ၂၀ အစီအစဉ်အကြောင်း ကျနော်ရေးဖူးပါတယ်။ ထိုင်း နှစ်၂၀ အစီအစဉ်မှာတော့ ဧရိယာ ၆ ခု ပါဝင်ပါတယ်။ (၁) လုံခြုံရေး၊ (၂) ပြိုင်ဆိုင်နိုင်စွမ်း (competitiveness) မြှင့်တင်ရေး၊ (၃) လူသား အရင်းအမြစ်ဖွံ့ဖြိုးရေး၊ (၄) လူမှုရေးတန်းတူညီမျှမှု၊ (၅) အစိမ်းရောင်ဖွံ့ဖြိုးမှုနဲ့ (၆) အစိုးရကဏ္ဍ ဖွံ့ဖြိုးမှု ပြန်လည် ချိန်ညှိရေးတို့ ဖြစ်ပါတယ်။ အနာဂတ်သစ်ပါတီ (Future Forward Party) သူတို့ပါတီက တက်သစ်စ လူငယ်ပါတီပါ။ အချိန်တိုအတွင်း လူအာရုံစိုက်မှု၊ စိတ်ဝင်စားမှု ရရှိခဲ့ပါတယ်။ ပါတီကို ဦးဆောင်သူတွေက လူငယ်တွေ၊ ထိုင်းနိုင်ငံက ကားအစိတ်အပိုင်းတွေ ထုတ်တဲ့ လူငယ်သန်းကြွယ်သူဌေးတဦးဖြစ်သူ ထနာထွန် ဂျုံရောင်းရူအန်ကစ်ကို ဝန်ကြီးချုပ်လောင်းအဖြစ် လျာထားပါတယ်။ အခြားဦးဆောင်သူတွေက အရပ်ဘက်လူမှုအဖွဲ့ အစည်းက၊ တက္ကသိုလ်က ဆရာတွေ ပါဝင်ကြပါတယ်။ သူတို့ကတော့ ဖွံ့ဖြိုးမှုစနစ် မူဘောင် (development paradigm) ကို ပြောင်းလဲပစ်ချင်ပုံရပါတယ်။ နိုင်ငံရေးအဟောင်းကို စိတ်ပျက်နေကြတဲ့သူတွေကို ဆွဲဆောင်နိုင်မလား စောင့်ကြည့်ရ ပါလိမ့်မယ်။ သူတို့စည်းရုံးပုံ ကြွေးကြော်သံတွေကိုလည်း သဘောကျမိပါတယ်။ Thailand 2X (ထိုင်းနိုင်ငံ ၂ ဆ) လို့ အဓိပ္ပါယ်ရမှာပေါ့။ 2X ဆိုတာကတော့ (ကျနော်တို့ အင်္ကျီဆိုဒ်တွေမှာ X, XX ဆိုသလိုမျိုးပါ။ ထိုင်းနိုင်ငံမှာ တန်းတူညီမျှမှုနဲ့ ခေတ်ပေါ်ဖြစ်မှု (equality and modernity) ၂ဆ ဖြစ်လာစေရမယ်လို့ ဆိုလိုတာပါ။ သူတို့ပြောတာကတော့ ထိုင်းစီးပွားရေးစနစ်က အပေါ်အလွှာမှာ ထိုင်နေသူကသာ မောင်းနှင်နေကြတာ၊ သာမန်အောက်ခြေထုတွေ မပါဘူးလို့ ဆိုပါတယ်။ ဥပမာအားဖြင့်- ထိုင်းက ပြည်ပပို့ကုန်ကို မှီခိုနေရတာပါ။ တိုင်းပြည်ရဲ့ ပြည်ပပို့ကုန်တန်ဖိုး (export value) ၄၀% က ဒေသခံ ကုမ္ပဏီကြီး ၅၀ လောက်က ဆောင်ရွက်နေတာပါ။ ဒါကိုကြည့်ရင် စီးပွားရေးအရ တနေရာမှာ သိပ်သည်းဆများနေတယ်။ ထိုင်းနိုင်ငံ စီးပွားရေးကို လှုံ့ဆော်ဖို့ ကုမ္ပဏီကြီးအနည်းငယ်ကိုပဲ မှီခိုနေရတယ်။ အကြမ်းဖျဉ်းပြောရရင် ကုမ္ပဏီ ၁၀၀၀ ပတ်ဝန်းကျင်ပဲ၊ သူတို့က ကော်ပိုရိတ်အခွန် ၇၀-၈၀% လောက်ကို ပေးဆောင်နေတာလို့ Future forward party ရဲ့ မူဝါဒ ရေးရာ ဒါရိုက်တာ ဆီရီကန်ယာ (Sirikanya Tansakul) က ပြောပါတယ်။ သူတို့ပါတီကတော့ အောက်ခြေကစတဲ့ ချည်းကပ်ပုံနဲ့ စီးပွားရေးအရ ထက်မြက်တိုးတက်မှုရှိဖို့ လုပ်ဆောင်မယ် ဆိုပါတယ်။ နည်းနာ ၃-ခုပါ။ ၁။ ဗဟိုချုပ်ကိုင်မှု လျှော့ချရေး (decentralization)၊ ၂။ အခြေခံ အဆောက်အဦတိုးတက်မှု၊ ၃။ စိုက်ပျိုးရေး အခြေခံခရီးသွားလုပ်ငန်း (agricultural tourism) နဲ့ လုပ်ဆောင်မယ်ဆိုပါတယ်။ အဲဒါအပြင် ဆီရီကန်ယာက ပြောတာက ထိုင်းနိုင်ငံက သူများနောက်လိုက်မဖြစ်သင့်ဘူး။ လူနည်းနည်းပဲရှိသေးတဲ့လုပ်ငန်းကဏ္ဍ industry တွေမှာ တိုးတက်အောင် ကြိုးစားသင့်တယ်လည်း ဆိုပါသေးတယ်။ သူပြောချင်တာက ဉာဏ်ရည်တု (AI) နဲ့ စက်မှုပြောင်းလုပ်ငန်း (automation) ကိစ္စမျိုးကို ဦးဆောင်ဖို့ပါ။ ကျွမ်းကျင်လုပ်သားများ ထွက်ပေါ်လာစေရေးအတွက် ပညာရေးကဏ္ဍ ပြုပြင် ပြောင်းလဲဖို့၊ ရေရှည် ဝင်ငွေရရှိစေမယ့် လုပ်ငန်းများ တိုးပွားလာစေဖို့လည်း ဆိုထားပါသေးတယ်။ ကဲ… မတ်လ ၂၄ ရွေးကောက်ပွဲကိုတော့ အဖြေကြိုသိပြီးသား ဖြစ်သလို ရှိပေမယ့်၊ ရင်ခုန်ကြရအောင်ပါ။ အောင်သူငြိမ်း (အကိုးအကား) -Masuyuki Yuda, 5 Things to Know about Thailand’s Long-awaited Elections, Jan 4, 2019. Nekki Asian Review. -Charuvastra, Teeranai. “Primary system proposed for Thailand’s next election”. (Khaosod - June 20, 2017) http://www.khaosodenglish.com/…/primary-system-proposed-th…/ -Hundayin, David. Thailand’s Main Opposition Party Holds Primary Election on (Blockchain”- CCN November 18, 2018.) https://www.ccn.com/thailands-main-opposition-party-holds-p… -Post reporters. “The More Things to Change”. Bangkok Post. Feb 4, 2019.
2 years Ago
Up