ထိုင်းနိုင်ငံ လယောင်းကမ်းခြေတွင် ငါးအမြောက်အမြားသေဆုံး

March 16, 2016

ထိုင်းနိုင်ငံ လယောင်းကမ်းခြေတွင် ငါးအမြောက်အမြားသေဆုံး

ထိုင်းနိုင်ငံအရှေ့တောင်ပိုင်း လယောင်းပင်လယ်ကမ်းခြေ တလျှောက်မှာ ငါးတွေ အမြောက်အမြား သေဆုံးခဲ့တယ်လို့ sanook.com သတင်းမှာ ဖော်ပြပါတယ်။ မတ်လ ၁၅ ရက်နေ့က လယောင်းမြို့ မာတာဖွတ်ရပ်ကွက်ရှိ ဆိုင်းထောင်းနဲ့ တာကွန်း ကမ်းခြေတလျှောက် ငါးတွေ အမြောက်အမြားသေဆုံးကြောင်း ဒေသခံတွေ သတင်းပေးချက် အရ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ရာမှာ ငါးမျိုးစုံ သေဆုံးနေတာတွေ့ရသလို ဂဏန်းနဲ့ ပုစွန်တွေလည်း ကုန်းပေါ်တက်လာတာတွေ့ရကြောင်း လယောင်းခရိုင် သဘာဝနဲ့ ပတ်ဝန်းကျင်ဆိုင်ရာ ကွန်ရက်အဖွဲ့ ဥက္ကဋ္ဌ နိုင်းဆူရင်း ဆိန်ရတ်က သတင်းထောက်တွေကို ပြောပါတယ်။ သေဆုံးတဲ့ငါးတွေဟာ ရေတိမ်မှာကျက်စားတဲ့ ငါးအမျိုးအစားဖြစ်ပြီး အလေးချိန် စုစုပေါင်း၂ တန်လောက်ရှိမယ်လို့ ခန့်မှန်းရကြောင်း၊ ရေထဲမှာ ဆီတွေဝေ့နေတာလည်း တွေ့ရှိရတဲ့အတွက်  ရေထဲက ဓာတုပစ္စည်းတွေကြောင့် အောက်ဆီဂျင်ပြတ်လပ် သေဆုံးတာလို့ ခန့်မှန်းကာ  အကြောင်းရင်းတိတိကျကျကိုတော့ ဌာနဆိုင်ရာ ဓာတ်ခွဲခန်းက စစ်ဆေးပြီးမှ သိရှိနိုင်မယ်လို့  နိုင်းဆူရင်းက ဆက်ပြောပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး လယောင်းခရိုင် သဘာဝပတ်ဝန်းကျင်နဲ့ သယံဇာတ ထိန်းသိမ်းရေးဌာနမှ တာဝန်ရှိသူတဦးကလည်း အဆိုပါငါးတွေကို ဓာတ်ခွဲခန်းကို ပို့ဆောင်ပြီးဖြစ်သလို ကမ်ခြေမှာ ပြန့်ကျဲနေတဲ့ငါးတွေကိုလည်း ရှင်းလင်းနေပြီလို့ ဆိုပါတယ်။ ဒါပေမယ့် ကမ်းခြေက ကျောက်ခဲနဲ့သဲတွေမှာလည်း အနက်ရောင်ဆီတွေ ပေလူးနေတာတွေ့ရပြီး သက်ဆိုင်ရာက လာရေက်စစ်ဆေးမှုတော့ မရှိသေးဘူးလို့ ဆိုပါတယ်။ ဒေသခံတဦးဖြစ်တဲ့ နိုင်းအနုချိတ်ခုန်းဆီကတော့ သူတို့ဆီမှာ ဒီအချိန်ရောက်ရင် ရာသီဥတု ပူပြင်းတဲ့အတွက် ငါးတွေသေဆုံးလေ့ရှိတာကို တံငါသည်တိုင်းသိကြကြောင်း၊ ဒါပေမယ့် ဒီနှစ်ငါးသေဆုံးတာကတော့ မနှစ်တနှစ်ကထက် အတော်ဆိုးရွားကြောင်း၊  အဲဒီနေရာမှာ ငါးဖမ်း သင်္ဘောကြီးတွေ မလာဖို့ ကန့်သတ်ထားတဲ့အတွက် ငါးပေါက်ဖွားမှု အလွန်များပြားပြီး အခုလို ပူပြင်းတဲ့ရာသီမှာတော့ မွန်းကျပ်ပြီးသေဆုံးတာလို့ ပြောသွားပါတယ်။  
6 years Ago
Up