ထိုင်းနိုင်ငံပုံရိပ်

May 4, 2017

ထိုင်းနိုင်ငံပုံရိပ်ကို ဖော်ပြသည့် ပြိုင်ပွဲဝင်ဓာတ်ပုံများ ဖိတ်ခေါ်

ထိုင်းနိုင်ငံကို သွားရောက်လည်ပတ်ဖူးသူ ဒါမှမဟုတ် ထိုင်းနိုင်ငံမှာ တရားဝင် ရောက်ရှိနေတဲ့ နိုင်ငံခြားသားတွေအနေနဲ့ ထိုင်းနိုင်ငံပုံရိပ် သရုပ်ဖော်ဓာတ်ပုံပြိုင်ပွဲဝင်ဖို့ အမှတ် ၃ ဒေသ ပြန်ကြားရေးဌာနက ၂၀၁၇ မေလ ၂ ရက်နေ့မှ စတင် ဖိတ်ခေါ်လိုက်ပါတယ်။ ဓာတ်ပုံပြိုင်ပွဲကို “Thailand in your mind” လို့ အမည်ပေးထားပြီး အထူးသဖြင့် ထိုင်းအစိုးရရဲ့ နိုင်ငံတော် တည်တံ့ခိုင်မြဲရေး ဆောင်ရွက်ချက်တွေမှာ နိုင်ငံခြားသားတယောက်ရဲ့ ရှုမြင်ချက်တွေပေါ် အခြေခံ ရိုက်ကူးထားတဲ့ပုံတွေနဲ့ ယှဉ်ပြိုင်ရမှာဖြစ်တယ်လို့ ချင်းမိုင်အခြေစိုက် အမှတ် ၃ ဒေသ ပြန်ကြားရေးဌာန ညွှန်ကြားရေးမှူး နိုင်းချူးချတ် ထောင်းတလုန်က သတင်းထောက်တွေကို ပြောပါတယ်။ ဒီအစီအစဉ်ဟာ အမှတ် ၃ ပြန်ကြားရေးဌာနရဲ့ ၂၀၁၇ ခုနှစ် ပရောဂျက်များထဲက တခုဖြစ်ပြီး ထိုင်းနိုင်ငံရဲ့ ကောင်းမွန်သောပုံရိပ်ကို တင်ပြလိုတဲ့ ရည်ရွယ်ချက်နဲ့ ဆောင်ရွက်တာလို့ ဆိုပါတယ်။ ပြိုင်ပွဲဝင်မယ့်သူတွေဟာ မိမိရိုက်ကူးထားတဲ့ ဓာတ်ပုံတွေထဲက အကြိုက်ဆုံး ၂ ပုံကို ရွေးချယ်ပြီး http://www.thailandinyourmind.com/ ဝက်ဘ်ဆိုက်ကို ၂၀၁၇ မေလ ၂ ရက်မှ - ၃၀ ရက်နေ့ နောက်ဆုံးထားပေးပို့ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပြိုင်ပွဲဝင်ဓာတ်ပုံနဲ့ ပတ်သက်တဲ့ ရှင်းလင်းချက်ကိုလည်း အင်္ဂလိပ်စာနဲ့ စာလုံးရေ ၂၀၀ ထက်မနည်း ပူးတွဲရေးသားပေးပို့ရမယ်လို့ ဆိုပါတယ်။ လက်ခံရရှိတဲ့ ဓာတ်ပုံတွေကို အကဲဖြတ်ဘုတ်အဖွဲ့က အလင်းအမှောင်၊ အရာင်အသွေးနဲ့ ရှုထောင့်ယူပုံတွေအပေါ် အဓိကထား အကဲဖြတ်သွားမှာဖြစ်သလို ပရိသတ်တွေအနေနဲ့လည်း အွန်လိုင်းကနေ ပါဝင်အကဲဖြတ်ပြီး မဲပေးနိုင်ကြောင်း၊ ဘုတ်အဖွဲ့ကပေးမယ့်ရမှတ် ၇၀ နဲ့ အွန်လိုင်းပရိသတ်ရဲ့ ရမှတ် ၃၀ ပေါင်းကာ ဆုရဓာတ်ပုံတွေ ရွေးချယ်မယ်လို့ ဆိုပါတယ်။ ဆုရရှိ ဓာတ်ပုံများစာရင်းကို လာမယ့် ဇူလိုင် ၁၆ ရက်နေ့မှာ ကြေညာပေးသွားမှာဖြစ်ပြီး  အကောင်းဆုံးဓာတ်ပုံဆုရရှိသူဟာ ဘတ်ငွေ ၂ သောင်း၊ ဂုဏ်ထူးဆောင်တံဆိပ်နဲ့ ဂုဏ်ထူးဆောင်လက်မှတ် ရရှိမှာဖြစ်ပါတယ်။ ဒါ့အပြင် ပထမ၊ ဒုတိယနဲ့ တတိယဆု ၃ ဆုကိုလည်း ရွေးချယ်ပြီး ပထမဆု ဘတ် ၁၅၀၀၀၊ ဒုတိယဆု ဘတ် ၁၀၀၀၀၊ တတိယဆု ဘတ် ၅၀၀၀ တို့ကိုပါ ချီးမြှင့်ပေးသွားမယ်လို့ အမှတ် ၃ ဒေသ ပြန်ကြားရေးညွှန်မှူးက ပြောသွားပါတယ်။
4 years Ago
Up