ထိုင်းနိုင်ငံတွင် မြန်မာ ၉ ဦးအပါအ၀င် နိုင်ငံခြားသား ၃၆ ဦး ဖမ်းဆီးခံရ

May 17, 2018

ထိုင်းနိုင်ငံတွင် မြန်မာ ၉ ဦးအပါအ၀င် နိုင်ငံခြားသား ၃၆ ဦး ဖမ်းဆီးခံရ

  ထိုင်းနိုင်ငံတ၀န်း နေရာပေါင်း ၁၀၀ ကျော်မှာ ခရီးသွားရဲတပ်ဖွဲ့က ဦးဆောင်ပြီး ဒီမနက် အစောပိုင်းက ၀င်ရောက်စီးနင်းဖမ်းဆီးမှုတွေအတွင်း မြန်မာ ၉ ဦးအပါအ၀င် နိုင်ငံခြားသား ၃၆ ဦးနဲ့ ထိုင်းနိုင်ငံသား ၁ဦးကို ဖမ်းမိတယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။ ဘန်ကောက်မြို့ အပါအ၀င် ကမ္ဘာလှည့်ခရီးသွားတွေ အလာများတဲ့ ဖူးကတ်၊ ပတ္တယား၊ ဟတ်ရိုင်၊ ဆောင်ခလာနဲ့ ချင်းမိုင်စတဲ့မြို့တွေမှာ ရဲတပ်ဖွဲ့ဝင်တွေနဲ့ တခြားဌာနဆိုင်ရာ အရာရှိတွေက  ပူးပေါင်းရှာဖွေဖမ်းဆီးခဲ့တာပါ။ နိုင်ငံတကာစာသင်ကျောင်း ၁၂ ကျောင်း၊ ဘာသာစကားသင်တန်းကျောင်း ၉ ကျောင်း၊ အလယ်တန်းကျောင်း ၂၇ ကျောင်းနဲ့ တခြားနေရာ ၅၆ နေကို ပစ်မှတ်ထားပြီး စီးနင်းရှာဖွေရာမှာ နိုင်ငံခြားသား ၃၆ ယောက်နဲ့ ထိုင်းတယောက်ကို ဖမ်းမိတာလို့  ထိုင်းရဲဗိုလ်ချုပ် ဆူရာချာတီ ဟာကပန်က ပြောပါတယ်။ ဖမ်းမိတဲ့ နိုင်ငံခြားသားတွေထဲမှာ ဆွစ်ဇာလန်၊ ရုရှား၊ ဆီနီဂေါ၊ အိန္ဒိယ၊ ဗီယက်နမ်နဲ့ အိုင်ဗရီကို့စ်နိုင်ငံသား ၆ ယောက်ကို ဗီဇာရက်လွန်နေထိုင်မှုနဲ့ တရားစွဲထားပါတယ်။ မြန်မာ ၇ ဦးအပါအ၀င် အလ်ဂျီးယား ၁ဦး၊ အိန္ဒိယ ၆ ဦး၊ လာအို ၄ ဦး၊ ကမ္ဘောဒီးယား ၄ ဦး စုစုပေါင်း ၂၇ ဦးကိုတော့ တရားမ၀င် ၀င်ရာက်မှုနဲ့ တရားစွဲဆိုထားပါတယ်။  နောက်ထပ်မြန်မာနိုင်ငံသား ၂ ဦး၊ အိန္ဒိယ ၁ ဦးနဲ့ ထိုင်း ၁ ဦး တို့ကိုတော့ တခြားအမှုတွေနဲ့ တရားစွဲထားပါတယ်။ ထိုင်းနိုင်ငံမှာ လုံခြုံရေး၊ လူကုန်ကူးမှုပပျောက်ရေး၊ ရာဇဝတ်မှုပပျောက်ရေးအတွက် X-RAY OUTLAW FOREIGNER ဆိုတဲ့ စီမံချက်နဲ့ နိုင်ငံခြားသားအများစု နေထိုင် ကျက်စားရာ နေရာတွေကို ဒီကနေ့ ၁၁ကြိမ်မြောက်အဖြစ်  လိုက်လံစစ်ဆေးဖမ်းဆီးခဲ့တာပါ။ ပြီးခဲ့တဲ့ ဧပြီလကလည်း ဘန်ကောက်မြို့မှာ နိုင်ငံတကာစာသင်ကျောင်းပေါင်း ၇၄ ကျောင်း အပါအဝင် နေရာပေါင်း ၁၁၈ နေရာကို ရဲတပ်ဖွဲ့က  ဝင်ရောက်စစ်ဆေးရာမှာ မြန်မာ အပါအဝင် နိုင်ငံခြားသား ၉၉ ဦးကို ဖမ်းဆီးရမိခဲ့ပါတယ်။ ထိုင်းရဲက လက်ရှိအချိန်အထိ နိုင်ငံတ၀န်း နေရာပေါင်း ၃၄၇၄ နေရာမှာ ၀င်ရောက်စီးနင်းဖမ်းဆီးရာမှာ သံသယရှိတဲ့ နိုင်ငံခြားသား စုစုပေါင်း ၁၁၆၁ဦးကို ဖမ်းမိခဲ့ တယ်လို့ ဘန်ကောက်ပို့စ် သတင်းအရ သိရပါတယ်။ ဓာတ်ပုံ-Bangkok Post
4 years Ago
Up