ထိုင်းနိုင်ငံတွင် ပေါက်ကွဲမှုဖြစ်၊ မြန်မာအလုပ်သမား ၆ ဦးသေဆုံး

May 6, 2016

ထိုင်းနိုင်ငံတွင် ပေါက်ကွဲမှုဖြစ်၊ မြန်မာအလုပ်သမား ၆ ဦးသေဆုံး

ထိုင်းနိုင်ငံအလယ်ပိုင်း ဆုဖန်းပူရီခရိုင် အူထောင်းမြို့နယ်ထဲမှာ မေလ ၅ ရက်နေ့ ညက ပေါက်ကွဲမှုတခုဖြစ်ပွားပြီး မြန်မာအလုပ်သမား ၆ ဦး သေဆုံးသွားပါတယ်။ ပေါက်ကွဲမှုဖြစ်ပွားရာနေရာမှာ အူထောင်းမြို့နယ် ဖလပ်ဖလာချိုင်းကျေးရွာအုပ်စု ရပ်ကွက် ၇ ရှိ မီးရှူးမီးပန်းထုတ်လုပ်ရာ ဂိုဒေါင်တခုမှာဖြစ်ပြီး သေဆုံးသူတွေမှာ မြန်မာအလုပ်သမားတွေ ဖြစ်တယ်လို့ အူထောင်းမြို့နယ်ရဲစခန်း တာဝန်ကျဒုရဲမှူး ဆယာမ် ဆွန်အင်းမှ ဒီဗွီဘီကို ပြောပါတယ်။ “ကျနော်တို့ သွားကြည့်တော့ ပေါက်ကွဲစတွေကြားမှာ သေဆုံးသူတွေ ခန္ဒာကိယ်အစိပ်အပိုင်းတွေ ပြန့်ကျဲနေတယ်။ တချို့လည်း ခေါင်းပြတ်၊ တချို့လည်း ခြေပြတ်၊ တချို့ အသားစတွေလည်း သစ်ပင်ပေါ် ချိတ်နေတယ်။ အဲဒီမှာရှိတဲ့ လူတွေ အကုန်လုံးသေတယ်။ အကုန်လုံးကို ပြန်စုလိုက်တော့ အမျိုးသားက ၂ ဦး၊ အမျိုးသမီးက ၄ ဦး ဖြစ်ပါတယ်။ အကုန်လုံး လူကြီးပဲ၊ ကလေးမပါဘူး။ သူတို့ အားလုံး မြန်မာအလုပ်သမားတွေလို့ ယူဆရပါတယ်။ ၅ ယောက်က အထောက် အထားရှိတယ်။ တယောက်က အထောက် အထားမရှိဘူး။ အထောက်အထားက ဓာတ်ပုံနဲ့ နာမည်ပါတယ်။ ထိုင်းက ထုတ်ပေးတဲ့ လက်မှတ်မဟုတ်ဘူး။ မြန်မာမှတ်ပုံတင်လို့ ထင်ရတယ်။ အဲဒီအထောက်အထားတွေ သိရဖို့ စစ်ဆေးနေဆဲ ဖြစ်ပါတယ်။ အလုပ်သမားရုံးက လာယူသွားတယ်။” သေဆုံးသူရဲ့ အလောင်းတွေကို အူထောင်းမြို့နယ် ကျောက်ဖယားဆေးရုံမှာထားရှိပြီး အထောက်အထားတွေ စစ်ဆေးပြီးရင် သက်ဆိုင်ရာ မြန်မာသံရုံးကို စာနဲ့ အကြောင်းကြားမယ် လို့ သူက ဆက်ပြောပါတယ်။ အဆိုပါ ပေါက်ကွဲရာနေရာမှာ အိမ်နံပတ်မရှိသော ဂိုဒေါင်ဟောင်းတခုသာဖြစ်ပြီး မီးရှူးမီးပန်း ထုတ်လုပ်ရာမှာလည်း တရားဝင်ခွင့်ပြုချက်မရှိတဲ့အတွက် မြေကွက်ပိုင်ရှင်ကိုတော့ မသိရသေး ဘူးလို့ ဒုရဲမှူးက ပြောသွားပါတယ်။
6 years Ago
Up