ထိုင်းနိုင်ငံတွင် တောတွင်းလူရိုင်းပုံစံဖြင့် သတို့သမီးတင်တောင်း (ရုပ်သံ)

August 29, 2015

ထိုင်းနိုင်ငံ တွင် တောတွင်းလူရိုင်းပုံစံဖြင့် သတို့သမီးတင်တောင်း (ရုပ်သံ)

ထိုင်းနိုင်ငံတောင်ပိုင်း နခွန်းရာ့ခ်ျဆီမားခရိုင် ချအွတ်မြို့နယ်မှာ သတို့သားဖြစ်သူက သတို့သမီးဖြစ်သူကို တောတွင်းလူရိုင်းလိုဝတ်ပြီး သတို့သမီးတင်တောင်းကာ နန်းတွင်းပုံစံ မင်္ဂလာပွဲ ကျင်းပခဲ့ပါတယ်။ မိရိုးဖလာပုံပြင်တခုပေါ် မှီငြမ်းပြီး သတို့သားအရံ ၁၀ ဦး၊ သတို့သမီးအရံ ၁၀ ဦးနဲ့ ထူးကဲစွာကျင်းပတဲ့ အဲဒီမင်္ဂလာပွဲဟာ ဧည့်ပရိသတ်တွေကို အံ့အားသင့် ပျော်ရွှင်စေခဲ့သလို သူငယ်ချင်းတယောက်က တင်လိုက်တဲ့ ဗွီဒီယိုကလစ်ဟာလည်း ထိုင်းလူမှုကွန်ရက်မှာ ရေပန်းစားနေပါတယ်။ သတို့သားနဲ့ သတို့သမီး ၂ ယောက်လုံးမှာ ဆီရိနာ့သ်ဆိုတဲ့ အမည်တူရှိပြီး  ခရိုင်တခုတွင်းက ဆေးရုံ ၂ ခုမှာ တဦးက အမျိုးသမီးသူနာပြု၊ တဦးက အမျိုးသားသူနာပြုဖြစ်ကာ အလုပ်အကိုင်ကလည်း တူနေပါတယ်။ သူတို့ ၂ ဦးဟာ လွန်ခဲ့တဲ့ ၃ နှစ်ကတည်းက သမီးရည်းစားဖြစ်ခဲ့ပြီး သတို့သားက သူဟာ ရုပ်ဆိုးတဲ့အတွက် တောတွင်းလူရိုင်းသားနဲ့ ဘုရင့်သမီးတော် ပုံပြင်ထဲကလို မင်္ဂလာပွဲ ကျင်းပရတာဖြစ်ကြောင်း၊ အခုလို အများနဲ့မတူ တမူထူးကဲတဲ့ မင်္ဂလာဆောင်ပွဲကို ကျင်းပရတာဟာ အိမ်ထောင်သက်တခုလုံး အမှတ်ရနေစေဖို့ဖြစ်တယ်လို့ ဒေးလီးနယူးစ် သတင်းထောက်ကို ပြောသွားပါတယ်။ ထိုင်းနိုင်ငံက (ဆန်ထောင်းန် ခေါ် ငေါ့ပါကပ်ရို့ဂျနား) ဆိုတဲ့ မိရိုးဖလာ ပုံပြင်တခုမှာ သမီးတော် ၁၁ ပါးရှိတဲ့ ဘုရင်ကြီးက သမီးတော်များရဲ့ ကြင်ယာတော်တွေကို ပန်းကုံးစွပ် ရွေးချယ်စေခဲ့ရာမှာ အမတော် ၁၀ ဦးက ကျက်သရေရှိ မင်းညီမင်းသားတွေကို ပန်းကုံးစွပ်ခဲ့ပေမယ့် အထွေးဆုံးသမီးတော်က အသားမည်းမည်း၊ ဆံပင်ကောက်ကောက်၊ ရုပ်ဆိုးဆိုး လူရိုင်းသားကိုမှ ပန်းကုံးစွပ်မိတဲ့အတွက် ဘုရင်ကြီး အရှက်တော်ရပြီး ပြည်နှင်ဒဏ်ပေးခဲ့တယ်လို့ ဆိုပါတယ်။ အမှန်က အရုပ်ဆိုးတဲ့ လူရိုင်းဟာ အခြားတိုင်းပြည်က ရှင်ဘုရင်ရဲ့ သားတော်ဖြစ်ပြီး  သူတို့နန်းတွင်း အာဏာလုပြဿ  နာကြောင့် မိခင်နဲ့အတူ တောတွင်းမှာ တိမ်းရှောင်ခဲ့ရစဉ် ဘီလူးမတကောင်က သူ့ဂူထဲမှာ ပြုစုစောင့်ရှောက်ကာ ဂါထာအစွမ်းကောင်းကိုလည်း မင်းသားလေးကို ပေးခဲ့ပါတယ်။ မင်းသားဟာ သူ့ရဲ့လုံခြုံရေးအတွက် ရုပ်ပြောင်းရုပ်လွှဲ လုပ်ထားပေမယ့် သူ့ဖူးစာရှင် မင်းသမီးရဲ့ မျက်စိထဲမှာတော့ ရွှေရောင်တောက်နေတဲ့ မင်းသားကိုပဲ မြင်တဲ့အတွက် ပန်းကုံးစွပ်ခဲ့တာပါ။ မင်းသမီးလေးဟာ တောထဲမှာ မင်းသားနဲ့ ဆင်းရဲစွာ နေထိုင်ပြီး တနေ့မှာ မင်းသမီးရဲ့ တိုင်းပြည်ကို ရန်သူတွေ ၀င်တိုက်ရာ ဘုရင်ကြီးရဲ့သားမက် ၁၀ ယောက်လုံးက မစွမ်းဆောင်နိုင်တဲ့ ရန်သူနဲ့ အလောင်းအစားကိစ္စကို လူရိုင်းသားက သူ့ဂါထာနဲ့ အနိုင်ယူပေးလိုက်တဲ့အတွက် နောက်ဆုံး ဘုရင်ကြီးက သဘောကျပြီး နန်းတော်ကို ပြန်ခေါ်ခဲ့ပါတယ်။ အဲဒီနောက် မင်းသားရဲ့ တိုင်းပြည်က နန်းတွင်းပြဿ    နာလည်း ပြေလည်ပြီး ခမည်းတော်မှ သူ့ကို ထီးနန်းအပ်ဖို့ ပြန်ခေါ်ယူလိုက်တဲ့ ပုံပြင်လေးပဲ ဖြစ်ပါတယ်။ ဒီမိရိုးဖလာပုံပြင်ကို ၀တ္ထု၊ ကာတွန်း၊ ပြဇာတ်၊ ရုပ်သံဇာတ်လမ်းတွဲ အနေနဲ့လည်း ပြန်လည်ရိုက်ကူး ပြသတဲ့အတွက် ထိုင်းလူမျိုးတိုင်း သိရှိတဲ့ ပုံပြင်တပုဒ်ဖြစ်ပါတယ်။ သတင်းဓာတ်ပုံနှင့် ရုပ်သံ www.bigza.com
6 years Ago
Up