ထိုင်းနိုင်ငံတွင် အလုပ်သမားအရေးဆောင်ရွက်သူ ၂ဦးဖမ်းဆီးခံပြီး အာမခံရရှိ

December 31, 2018

ထိုင်းနိုင်ငံတွင် အလုပ်မရသဖြင့် အမ်အိုယူ မြန်မာအလုပ်သမား ၂၇ ဦးပြန်ရောက်လာ

ထိုင်းနိုင်ငံကို နှစ်နိုင်ငံသဘောတူစာချုပ် (အမ်အိုယူ)နဲ့  အလုပ်လုပ်ဖို့သွားခဲ့တဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမား ၂၇ ဦးဟာ ၃ လကြာပေမယ့် အလုပ်မရရှိတဲ့အတွက် မြန်မာ-ထိုင်းနယ်စပ် မြ၀တီမြို့ကို ပြန်လည်ရောက်ရှိလာပါတယ်။ ကုမ္ပဏီက အလုပ်မပေးနိုင်တဲ့အတွက် မြန်မာ-ထိုင်းနယ်စပ်ကို ပြန်ရောက်လာတာဖြစ်ပြီး ကုန်ကျထားတဲ့ လက်မှတ်ဖိုးနဲ့  ဗီဇာ၊ ပတ်စပို့စ်စာအုပ်တန်ဖိုးငွေတွေကို ကုမ္ပဏီအနေနဲ့ ပြန်လည်ပေးအပ်စေလိုတဲ့အကြောင်းနဲ့ မပေးပါက တရားဥပဒေအရ ဆောင်ရွက်သွားမယ်လို့ ပြန်လည်ရောက်ရှိလာတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေက ပြောပါတယ်။ ကုမ္ပဏီအနေနဲ့ အာမခံကြေးတွေ ပြန်လည်မပေးတဲ့အတွက် မြန်မာရွှေပြောင်းသမား ၂၇ ဦးက မြ၀တီမြို့မှာ  ဒီဇင်ဘာ ၂၇ ရက်က အလုပ်သမားကွန်ရက်၊ အလုပ်သမား အရေးဆောင်ရွက်အသင်းအဖွဲ့တွေ၊ မီဒီယာတွေနဲ့ တွေ့ ဆုံခဲ့ပါတယ်။ မြ၀တီခရိုင်မှူးကတော့ အလုပ်သမားတွေရဲ့ ပြဿနာကိုကူညီပေးဖို့ အလုပ်သမားဦးစီးဌာနနဲ့ ဆက်သွယ်ပေးပြီး ဇန်န၀ါရီ ၃ ရက်နေ့မှာ ဖြေရှင်းဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေဟာ ထိုင်းမှာ အလုပ်မရရှိဘဲ မကြာခဏ ဆိုသလို မြ၀တီမြို့ကို ပြန်ရောက်လာနေကြပေမယ့်လည်း နှစ်နိုင်ငံသဘောတူစာချုပ်နဲ့  တရက်ကို လူဦးရေ ၅၀၀ လောက် ထိုင်းနိုင်ငံကို သွားရောက်အလုပ်လုပ်ကိုင်နေဆဲ ဖြစ်ပါတယ်။ လက်ရှိထိုင်းနိုင်ငံမှာ စက်ရုံ၊ အလုပ်ရုံနဲ့ အိမ်အကူလုပ်ငန်းတွေမှာ အလုပ်သမား မလိုအပ်သလောက်ဖြစ်နေပြီး ဆောက်လုပ်ရေးနဲ့ ရေလုပ်ငန်းတွေမှာတော့ အလုပ်သမား လိုအပ်နေတယ်လို့ အလုပ်သမားအရေးဆောင်ရွက်နေသူတွေက ပြောပါတယ်။ သတင်း - ဖိုးစီ
3 years Ago

June 7, 2018

ထိုင်းနိုင်ငံတွင် အလုပ်သမားအရေးဆောင်ရွက်သူ ၂ဦးဖမ်းဆီးခံပြီး အာမခံရရှိ

ထိုင်းနိုင်ငံရောက်  မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့ အခွင့်အရေးအတွက် တက်ကြွလှုပ်ရှားနေတဲ့ အေအေစီ အလုပ်သမားကူညီစောင့်ရှောက်ရေးမဟာမိတ်အဖွဲ့ (ယာယီဖျက်သိမ်း)က အဓိက ခေါင်းဆောင် ဦးခိုင်ကြီးနဲ့ ကိုရဲမင်းတို့ကို ဖစ်ခ်ျပူရီခရိုင်မှာ ထိုင်း အာဏာပိုင်တွေက ဖမ်းဆီးခဲ့ပါတယ်။ သူတို့အဖွဲ့ဟာ ပြီးခဲ့တဲ့ အပတ်က ဖစ်ခ်ျပူရီခရိုင် ခေါင်ယွဲ့မြို့နယ်မှာ တေးဂီတဖျော်ဖြေပွဲ လုပ်ဖို့ ရန်ပုံငွေသွားရောက်ရှာဖွေစဉ် ထိုင်းနိုင်ငံသားတချို့နဲ့ ခိုက်ရန်ဖြစ်ပွား ထိခိုက် ဒဏ်ရာရသူတွေရှိတာကြောင့် တဘက်နဲ့တဘက်အပြန်အလှန် တရားစွဲဆိုခဲ့ကြတာပါ။ အေအေစီအဖွဲ့ဘက်က ဦးခိုင်ကြီး၊ ကိုရဲမင်းနဲ့ ကိုဇင်ဖြိုးတို့ ၃ ဦး တရားစွဲခံထားရပြီး  ပြီးခဲ့တဲ့ ဇွန်၅ ရက်က ဖစ်ခ်ျပူရီခရိုင်တရားရုံးမှာ အမှုကြားနာပြီးတဲ့နောက် ကိုဇင်ဖြိုးဟာ အာမခံငွေ ဘတ် ၂၅၀၀၀ခွဲနဲ့ ပြန်လွတ်လာပေမယ့် ကျန်နှစ်ယောက်ကို အာမခံမပေးတဲ့အပြင် လက်ထိပ်ခတ် ကတုံးတုံးကာ ဖစ်ခ်ျပူရီခရိုင် အကျဉ်းထောင်ကို ပို့လိုက်တယ်လို့ အာမခံနဲ့ ပြန်လွတ်လာတဲ့ ကိုဇင်ဖြိုးက ဒီဗွီဘီကို ပြောပါတယ်။ “တရားရုံးမှာ တရားသူကြီးကိုယ်တိုင်က ကျနော်တို့သုံးယောက်လုံးကို အာမခံပေးမယ်ပြောပြီးပြီ။ ကျနော်တို့လည်း အာမခံအတွက်ပေးဖို့ငွေစောင့်နေတုန်းမှာဘဲ  ထိုင်းဘက်က အရာရှိတဦးက တရားရုံးကိုပြောလာတယ်တဲ့၊ ဆရာဦးခိုင်နဲ့ ကိုရဲမင်းကို အာမခံမပေးဖို့၊ အဲဒါနဲ့ သူတို့ နှစ်ယောက်ကို အာမခံပယ်ချလိုက်တယ်။ ကျနော်တယောက်ထဲ ဘဲ ဘတ် ၂၅၀၀၀နဲ့ အာမခံရတယ်။ အဲကနေ တရားရုံးကနေပြီး သူတို့ နှစ်ယောက်ကို ထောင်ကြီးထဲကို တန်းပို့ပစ်တယ်။ ပို့တာတောင်မှ လက်ထိပ်ကို နောက်ပြန် ခတ်တယ်။ ထောင်ထဲရောက်တာနဲ့ တန်းပြီး ကတုံးတုံးပစ်တယ်။ ကျနော်တို့သိထားတာက ထောင်ကျတဲ့တရားခံတွေကိုဘဲ ထောင်ထဲရောက်ပြီး ၁ ပတ် ၂ ပတ်နေမှ တုံးတာလေ၊ အခုက အမှုစီရင်ချက်တောင် မချသေးဘူး။” ဦးခိုင်ကြီးနဲ့ ကိုရဲမင်းတို့ လွတ်မြောက်ရေးအတွက် ကိုရဲမင်း အလုပ်လုပ်ရာ ရတ်ထိုင်း ဖောင်ဒေးရှင်းတာဝန်ရှိသူတွေက ထိုင်းရှေ့နေတွေနဲ့ တိုင်ပင်ဆောင်ရွက်နေရာမှာ ဒီကနေ့ အာမခံရပြီလို့ ကြားသိရပြီး ညနေကျရင် ပြန်လွှတ်မှာဖြစ်ကြောင်း ကိုဇင်ဖြိုးက ပြောပါတယ်။ အေအေစီအဖွဲ့ဟာ ပြီးခဲ့တဲ့ မေ ၂၅ ရက်က ဖစ်ခ်ျပူရီခရိုင် ခေါင်ယွဲ့မြို့ရှိ မြန်မာ အလုပ်သမားတွေရာနဲ့ချီပြီးအလုပ်လုပ်တဲ့ စီဒီပြားစက်ရုံမှာ စတိတ်ရှိုးရန်ပုံငွေအတွက် ဦးထုပ် တွေ သွားရောက်ဖြန့်ဝေခဲ့ပါတယ်။ ဖြန့်ဝေစဉ်မှာ အရင်ကသူတို့အဖွဲ့နဲ့ မသင့်မမြတ်ဖြစ်ခဲ့ဖူးသူ ပွဲစားအမျိုးသမီးတဦးက လာရောက်မောင်းထုတ်ပြီး သူ့ဘက်ကလူတွေနဲ့ စတင်ရိုက်နှက်ခဲ့ကြောင်း၊ သူတို့ကလည်း ပြန်ရိုက်တဲ့အတွက် နှစ်ဘက်လုံး ထိခိုက်ဒဏ်ရာရသူရှိလို့ အပြန်အလှန်တရားစွဲခဲ့ကြောင်း၊ ဒါပေမယ့် ရဲစခန်းက အေအေစီအဖွဲ့ကိုပဲ အရေးယူခဲ့တာလို့ အေအေစီက ဒီဗွီဘီကို ပြောပါတယ်။
3 years Ago
Up