ထိုင်းမြန်မာနယ်စပ်တွင် မူးယစ်ဆေးဝါးများ ထပ်မံဖမ်းဆီးရမိ

July 3, 2015

မြန်မာနယ်စပ်အနီး မူးယစ်ကုန်သည်အဖွဲ့နှင့် ထိုင်းစစ်တပ်ပစ်ခတ်မှု ၇ ဦးသေဆုံး

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်ခရိုင် မြန်မာနယ်စပ်အနီးမှာ မူးယစ်ဆေးဝါး မှောင်ခို ကုန်သည်တွေနဲ့ ထိုင်းစစ်တပ်ကြား ပစ်ခတ်မှုဖြစ်ပွားပြီး မူးယစ်ကုန်သည် ၇ ဦး သေဆုံးသွား တယ်လို့ ထိုင်း အမှတ် ၃၁ ရိန်းဂျား အထူးတပ်ဖွဲ့က ပြောပါတယ်။ ဇူလိုင် ၃ ရက် မနက်က ချင်းရိုင်ခရိုင် မယ်ဖာ့လုန်မြို့နယ် မယ့်ဆလောင်း ကျေးရွာအုပ်စုထဲမှာ အမှတ် ၃၁ ထိုင်းရိန်းဂျားအထူးတပ်ဖွဲ့နဲ့ အမှတ် ၃၁၀၉ နယ်ခြားစောင့် တပ်ဖွဲ့တွေက မူးယစ်ကုန်သည်တွေလာမယ့် လမ်းကြောင်းကို သတင်းအရ စောင့်ဆိုင်းဖမ်းဆီးရာကနေ တိုက်ပွဲဖြစ်ပွားခဲ့တာပါ။ ဇူလိုင် ၃ ရက် မနက် ၅ နာရီအချိန် မှောင်ရိပ်ထဲ ကျောပိုးအိတ်ကိုယ်စီပါတဲ့ လူ ၁၅ ဦးလောက် တောင်ပေါ်လမ်းအတိုင်း လျှောက်လာတာတွေ့ရပြီး တားဆီးရာမှ တဘက်က သူတို့ကို သေနတ်နဲ့ အရင်ပစ်ခတ်တာကြောင့် ၁၀ မိနစ်ကြာ အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တာလို့ အမှတ် ၃၁ ရိန်းဂျားတပ်မှူး ဗိုလ်မှူး အတွန်လ်လွဲဖာ့က သတင်းထောက်တွေကို ပြောပါတယ်။ ပစ်ခတ်မှုအပြီး နယ်မြေရှင်းလင်းရေးလုပ်ရာမှာ သေဆုံးနေတဲ့ မူးယစ်ဆေးဝါး သယ်ဆောင်သူ အလောင်း ၇ လောင်းနဲ့ ဘိန်းဖြူတွေပါတဲ့ အိတ် ၇ လုံး၊ အေကေ ၄၇  အမျိုးအစား သေနတ်တလက်နဲ့ ကျည်ဆန်တကတ်ကို သိမ်းဆည်းရရှိတယ်လို့ သူက ဆက်ပြောပါတယ်။ ဖမ်းဆီးမိတဲ့ မူးယစ်ဆေးဝါးတွေရဲ့ တန်ဖိုးပမာဏ ဘယ်လောက်ရှိသလဲဆိုတာနဲ့ သေဆုံးသွားတဲ့ မူးယစ်ဆေးဝါး မှောင်ခိုသယ်ဆောင်သူတွေဟာ ဘယ်နိုင်ငံသားတွေ ဆိုတာကိုတော့ မသိရသေးပါဘူး။ ပစ်ခတ်မှုဖြစ်ပွားရာ မယ်ဖလုန်မြို့နယ်ဟာ မြန်မာနိုင်ငံ ရှမ်းပြည် အရှေ့ပိုင်း မိုင်းဆတ်ခရိုင် တဘက်ကမ်းမှာ ရှိပါတယ်။ ထိုင်း အမှတ် ၃၁ ရိန်းဂျားတပ်မမှူးကတော့ အဲဒီမူးယစ်ဆေးဝါးတွေဟာ တဘက် အိမ်နီးချင်းနိုင်ငံက ၀င်ရောက်လာတာဖြစ်ပြီး လက်နက်ကိုင်အဖွဲ့ရဲ့ ကာကွယ်ပေးမှုတွေ ရှိနေကြောင်း၊ ဒါပေမယ့် ဘယ်အဖွဲ့ကလဲ ဆိုတာကို ဆက်လက်စုံစမ်း ဖော်ထုတ်မယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။
6 years Ago

ကျပ်သိန်း နှစ်သောင်းကျော် တန်ဖိုးရှိ မူးယစ်ဆေးများ ဖားကန့်တွင် ဖမ်းမိ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းဒေသမှာ  ရဲတပ်ဖွဲ့နဲ့ ဒေသခံလူမှုအခြေပြုအဖွဲ့တို့ ပူးပေါင်းပြီး  ကျပ်သိန်းပေါင်း နှစ်သောင်းကျော်  တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိပါတယ်။ ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု အောင်ရာကျေးရွာ ရပ်ကွက် ၅ က အိမ်တအိမ်မှာ မူးယစ်ဆေးဝါးရောင်းဝယ်မှုရှိကြောင်း ကြိုတင်သတင်းရရှိချက်အရ ဇူလိုင် ၁ ရက်နေ့ မနက်မှာ  ၀င်ရောက်ဖမ်းဆီးခဲ့တာလို့ လုံးခင်းရဲစခန်းမှ တာဝန်ကျရဲတပ်ကြပ် စောထွန်းအောင်က ဒီဗွီဘီကို ပြောပါတယ်။ “ကျနော်တို့ လုံးခင်းနယ်မြေရဲတပ်ဖွဲ့ဝင်က ၃ ယောက်၊ မူးယစ်ရဲ တပ်ဖွဲ့က ၅ ယောက်နဲ့ လူထုအခြေပြုဘာသာရေးအဖွဲ့က ၁၀ ယောက်ပါတယ်။ ကာလတန်ဖိုး သိန်းပေါင်း နှစ် သောင်းကျော်ရှိ ဘိန်းဖြူ နဲ့ စိတ်ကြွဆေးတွေကို သူတို့ အိမ်ဝင်းထဲရပ်ထားတဲ့ လင့်ခရိုဇာကားပေါ်ကနေ ဖမ်းမိတယ်။ အဲဒီကားကိုရော အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားနှစ်ဦးကို ဖမ်းထားပါတယ်။ မနေ့က ယမန်ယူပြီး ဖားကန့်မြို့နယ် ရဲစခန်းကို လွှဲပေးလိုက်တယ်။ ဒီမှာက ယာယီအချုပ်ခန်းပဲရှိတယ်။” ဖမ်းဆီးရမိ မူးယစ်ဆေးဝါးတွေထဲမှာ  ဘိန်းဖြူ  ၄ ဒသမ ၄၇၂ ကီလိုဂရမ်၊ စိတ်ကြွဆေး အလုံးရေ ၂၉၆၅၀၀ ပါဝင်ပြီး  အိမ်ရှင်ဒေါ်ကိုင် (၆၀ နှစ်)၊ ကိုမိုးမင်းဇော် ( ၂၃ ) နှစ်နဲ့ ကိုနော်လန် (၂၇) နှစ်တို့ ၃ ဦးကို မူးယစ်ဆေးဝါး ဥပဒေပုဒ်မ ၁၅ / ၁၉ ( က ) / ၂၁ နဲ့ ဖားကန့်မြို့နယ်ရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ ရဲစခန်းက သိရပါတယ်။ လုံးခင်းဒေသခံတဦးဖြစ်သူ ဦးတင်စိုးကတော့ ဒါဟာ ကြီးကျယ်တဲ့ ဖမ်းဆီးရမိမှုဖြစ်ကြောင်း၊ အဲဒီအိမ်ဟာ သူတို့ဒေသမှာ မူးယစ်ဆေးဝါးဒိုင်အဖြစ် နာမည်ထွက်နေတာ ၅ နှစ်လောက်ရှိပြီဖြစ်ပေမယ့် အခုမှဖမ်းမိတာလို့ ပြောပါတယ်။ “အရင်က ရဲတွေချည်းသွားဖမ်းတာမမိဘူး၊ လူမှုအခြေပြုဘာသာရေးအဖွဲ့တွေကလည်း မူးယစ်ဆေးဝါး မလုပ်ဖို့ သွားပြောကြတယ်။ သူတို့က မလုပ်တော့ပါဘူးဆိုပြီး ဘုရားရှိခိုး ဆုတောင်းပွဲတွေဘာတွေ လုပ်လိုက်သေးတယ်။ ပြီးတော့ ဆက်လုပ်နေတာပဲ၊ ရောင်းတာမှ ပေါ်တင်ရောင်းတာ။ လူငယ်တွေရော၊ ကျောင်းသားတွေရော သွားတန်းစီပြီးဝယ်ကြတယ်။ ဘူတာရုံမှာ လက်မှတ်တိုးဝယ်တဲ့အတိုင်းပဲ၊ အဲဒါကျနော်ကိုယ်တိုင်မြင်ဖူးတာ။” လုံးခင်းဒေသထဲမှာ မူးယစ်ဆေးဝါးတွေ မကြာခဏဖမ်းဆီးရမိလေ့ရှိပြီး တလအတွင်း ပျှမ်းမျှ ၆ ကြိမ်မှ ၇ ကြိမ်ထိ ဖမ်းဆီးရမိကြောင်း၊ ဒီတခေါက်ကတော့ ပမာဏအများဆုံးဖြစ်တယ်လို့  လုံးခင်းရဲတပ်ဖွဲ့က ပြောပါတယ်။
6 years Ago

June 29, 2015

တအာင်းတပ်ဖွဲ့မှ သိန်း ၂၀၀၀ ခန့်တန်သည့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် မိုင်းဝီး - မန်တုံသွား ကားလမ်းအပိုင်းမှာ တီအန်အယ်လ်အေ တအာင်းတပ်ဖွဲ့က ကျပ်သိန်းပေါင်း ၁၉၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ပါတယ်။ တအာင်းတပ်မတော် တပ်ရင်း ၆၈၃ က အဖွဲ့ဝင်တွေဟာ မိုင်းဝီး - မန်တုံလမ်းပေါ်မှာ ဇွန်လ ၂၇ ရက်နေ့ တနေ့တည်းမှာပဲ အဆိုပါ မူးယစ်ဆေးဝါးတွေ ဖမ်းမိခဲ့တာလို့ တီအန်အယ်လ်အေ ပြန်ကြားရေးတာဝန်ခံ မိုင်အိုက်ကျော်က ဒီဗွီဘီကို ပြောပါတယ်။ “အဲဒီနေ့မှာ ကျနော်တို့အဖွဲ့ဝင် ၃၀ ကျော်က ယာဉ်သွားယာဉ်လာ ဆိုင်ကယ်တွေ ကားတွေကို စစ်ဆေးတာ မနက် ၁၀ နာရီမှာ ဆိုင်ကယ် ၅ စီးကနေ ဘိန်းမည်း ၁၀ ပိာာာာခွဲကျော်၊ ရာဘ အလုံးရေ ၈ သောင်းမိတယ်။ ညနေ ၂ နာရီခွဲကျော်မှာတော့ နောက်ထပ် ဆိုင်ကယ်တစီးပေါ်ကနေ ရာဘအလုံးရေ ၃ သောင်း ၉ ထောင်ကျော် ဖမ်းမိတယ်။ မူးယစ်ဆေးဝါး သယ်လာတဲ့ အမျိုးသား ၅ ယောက်၊ အမျိုးသမီး ၁ ယောက်ကို စခန်းမှာ ထိန်းသိမ်းထားပါတယ်။” ဒီမူးယစ်ဆေးဝါးတွေဟာ ပန်းဆေးပြည်သူ့စစ် ထိန်းချုပ်နယ်မြေ မိုင်းဝီး တောင်ကုန်းတွေဘက်ကနေ ထွက်လာတာဖြစ်ပြီး မန်တုံ၊ မိုးကုတ်၊ ပြင်ဦးလွင်နဲ့ မန္တလေးတိုင်းအထိ သယ်ဆောင်ဖြန့်ဖြူးသွားဖို့ ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။ မူးယစ်မှုနဲ့ ဖမ်းထားသူတွေကို ကြိမ်ဒဏ်အပြစ်ပေးခြင်း၊ ၀န်ခံကတိလက်မှတ်ထိုးခြင်း၊ ပညာပေးခြင်းတွေလုပ်ပြီး ဖမ်းဆီးရမိ မူးယစ်ဆေးဝါးတွေကိုတော့ နှစ်စဉ် ဇန်န၀ါရီလ ၁၂ ရက်နေ့မှာ ကျင်းပတဲ့ တအာင်းတော်လှန်ရေးနေ့ အခမ်းအနားမှာ မီးရှို့ဖျက်ဆီးတယ်လို့ မိုင်အိုက်ကျော်က ပြောပါတယ်။ ဒီနှစ် တအာင်းတော်လှန်ရေးနေ့ အခမ်းအနားမှာလည်း ကာလတန်ဘိုး ကျပ်သိန်းပေါင်း ၂ ထောင်ကျေ်ရှိ မူးယစ်ဆေးဝါးတွေ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ တီအန်အယ်လ်အေက ပြောပါတယ်။
6 years Ago
More News
Up