ထိုင်းလေဆိပ် မီးလောင်၊ ခရီးသည် ၁၀၀ ကျော် ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့

January 26, 2018

ထိုင်းလေဆိပ် မီးလောင်၊ ခရီးသည် ၁၀၀ ကျော် ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့

ထိုင်းလေဆိပ်တခုတွင်းမှာ ဒီကနေ့မနက်ပိုင်းက လျှပ်စစ်ဝါယာရှော့ခ်ဖြစ်ပြီး မီးလောင်ကျွမ်းခဲ့လို့ လေကြောင်းခရီးစဉ်တွေ ရွှေ့ဆိုင်းခဲ့ရပြီး ခရီးသည် ၁၀၀ ကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။ ဒီအဖြစ်အပျက်ဟာ ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်းဒေသရဲ့ လေကြောင်းပို့ဆောင်ရေးဆိုင်ရာ အချက်အချာကျတဲ့ ဝင်ပေါက်ဂိတ်လေဆိပ်ဖြစ်တဲ့ ခွန်ကရန်ပြည်တွင်းလေဆိပ်မှာ ဖြစ်ခဲ့တာလို့ ဆိုပါတယ်။ ဒီမီးလောင်ကျွမ်းမှုဟာ လေဆိပ်အဆောက်အအုံရဲ့ တတိယထပ်ကနေ စတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး ခေါင်မိုးပိုင်းထိ ပျံ့နှံ့ခဲ့ကာ မီးခိုးငွေ့တွေနဲ့ ဖုံးလွှမ်းသွားခဲ့တာလို့ သတင်းမှာ ဖော်ပြပါတယ်။ မီးသတ်သမားတွေဟာ အချိန်တနာရီလောက်ကြာအောင် ငြှိမ်းသတ်ခဲ့ရပြီး ခေါင်မိုးရဲ့ ၄၀ ရာခိုင်နှုန်းလောက် ပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။ မီးလောင်မှုကြောင့် လေဆိပ်ရဲ့ အဝင်အထွက် လေကြောင်းခရီးစဉ်တွေကို ပိတ်ထားခဲ့ရကာ လေကြောင်းလိုင်းတွေကိုလည်း ဥဒုံဌာနီလေဆိပ်ဆီ ပြောင်းလဲဆင်းသက်နိုင်ဖို့ လွှဲပြောင်းခဲ့ပြီးနောက် နေ့လယ် ၁၂း၄၀ နာရီလောက်မှာတော့ လေဆိပ်တွင်း ခရီးသည်တွေကို ယာယီဝန်ဆောင်မှုတွေနဲ့ ပြန်လည်ပတ်နိုင်အောင် ဖွင့်လှစ်ခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ ခွန်ကရန်လေဆိပ်တွင်းဟာ ပြည်တွင်းလေကြောင်းလိုင်း ၄ လိုင်း ဆိုက်ရောက်ပြေးဆွဲတဲ့ မြို့တမြို့ဖြစ်ပြီး တနေ့ကို လေယာဉ် ၁၈ စီး ဆင်းသက်တယ်လို့ ဆိုပါတယ်။ ဆိုက်ရောက်ပြေးဆွဲတဲ့ ပြည်တွင်းလေကြောင်းလိုင်း ၄ လိုင်းကတော့ ထိုင်းအဲဝေး လေကြောင်းလိုင်း လက်အောက်ခံ ထိုင်းစမိုင်း လေကြောင်းလိုင်းနဲ့ နုတ်ခ်အဲ၊ ထိုင်းအဲအေးရှား၊ ထိုင်းလိုင်းယွန်း လေကြောင်းလိုင်းတွေ ဖြစ်ကြပါတယ်။
3 years Ago
Up