ထိုင်းရောက် မြန်မာအလုပ်သမားများအပေါ် တန်းတူအခွင့်အရေးပေးရန် မြန်မာသမ္မတ တောင်းဆို

August 15, 2018

ထိုင်းရောက် မြန်မာအလုပ်သမားများအရေး မြန်မာ-ထိုင်း နှစ်နိုင်ငံ ဆွေးနွေး

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေရဲ့ အခွင့်အလမ်းတွေ ကာကွယ်မြှင့်တင်ရေးအတွက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့  ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာ မွတ်ဝီနိုင်းတို့ တွေ့ဆုံဆွေးနွေးပါတယ်။ မြန်မာ-ထိုင်း နှစ်နိုင်ငံအကြား သံတမန်ဆက်သွယ်မှု ထူထောင်တဲ့နှစ် ၇၀ ပြည့် အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်ဖို့ မြန်မာနိုင်ငံသို့ ရောက်ရှိနေတဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ မနေ့က နေပြည်တော်မှာ တွေ့ဆုံစဉ် ဆွေးနွေးခဲ့တာလို့  နိုင်ငံခြားရေးဌာနက သတင်းထုတ်ပါတယ်။ တွေ့ဆုံရာမှာ နှစ်နိုင်ငံအကြား ဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ စီးပွားရေးနဲ့ လူမှု-ယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်ရေး၊ ထိုင်းရောက် မြန်မာနိုင်ငံသား အလုပ်သမားများ အခွင့်အလမ်းများ ကာကွယ်မြှင့်တင်ရေး၊ နယ်စပ်ဒေသတလျှောက်ရှိ ပြည်နယ်များအကြား ထိတွေ့ဆက်ဆံမှု မြှင့်တင်ရေးတို့ ဆွေးနွေးခဲ့ကြပါတယ်။ ဒါ့အပြင် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာအစိုးရရဲ့ ကြိုးပမ်းနေမှုတွေကို အထောက်အကူပြုရေးအတွက် လယ်ယာစိုက်ပျိုးရေး၊ မွေးမြူရေးအခြေခံ စံပြကျေးရွာတွေ တည်ဆောက်ရေး၊ ပြည်သူအချင်းချင်းအကြား ထိတွေ့ဆက်ဆံမှု မြှင့်တင်ရေး၊ နှစ်နိုင်ငံအကြား ရေလုပ်ငန်းကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာအလုပ်သမားတွေရဲ့ စွမ်းရည် မြှင့်တင်ရေးအတွက် အသက်မွေးမှုပညာ သင်တန်းကျောင်းတွေ ဖွင့်လှစ်ရေး စတာတွေ ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။ မြန်မာ-ထိုင်း နှစ်နိုင်ငံအကြား သံတမန် ဆက်သွယ်မှု ထူထောင်တဲ့ နှစ်‌ ၇၀ ပြည့် အထိမ်းအမှတ် အခမ်းအနားကိုလည်း မနေ့ညနေက နေပြည်တော်ရှိ M-Gallery Hotel ဧရာဝတီခန်းမမှာ ကျင်းပခဲ့ပါတယ်။ အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က ထိုင်းနိုင်ငံဟာ သန်းချီတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို အလုပ်အကိုင် အခွင့်အလမ်းနဲ့ အတွေ့အကြုံတွေ ပေးအပ်နေတယ်၊ အပြန်အလှန်အားဖြင့် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေက ထိုင်းနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူ ဖြစ်စေတယ်လို့ ပြောသွားပါတယ်။ ဒါ့အပြင် မြန်မာရေဘေးအတွက် ထိုင်းနိုင်ငံက နည်းပညာရှင်တွေနဲ့ လိုအပ်တဲ့ အကူအညီတွေ ပံ့ပိုးကူညီခဲ့သလို ဘတ်သုံးသန်း လှူဒါန်းခဲ့တဲ့အပေါ် ကျေးဇူးတင်ရှိပါကြောင်းနဲ့ မြန်မာအနေနဲ့လည်း  ထိုင်းနိုင်ငံမှာ ကျောင်းသား ၁၃ ယောက် ဂူထဲက ကယ်ဆယ်တဲ့ လုပ်ငန်းတွေမှာ စိတ်ရင်းစေတနာအမှန်နဲ့ ကူညီပူးပေါင်း ဆောင်ရွက်ပေးခဲ့တယ်လို့လည်း ပြောပါတယ်။ ဒါ့အပြင် မြန်မာ-ထိုင်း နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ပူးတွဲကော်မရှင်ရဲ့ ၉ ကြိမ်မြောက် အစည်းအဝေးကိုလည်း ကျင်းပခဲ့ပြီး အစည်းအဝေးမှာ နှစ်နိုင်ငံ စီးပွားရေး၊ လူမှုရေးနဲ့ ယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်ရေး၊ နှစ်နိုင်ငံ ဆက်ဆံရေးကို မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအဆင့်သို့ တိုးမြှင့်ရေး၊ နှစ်နိုင်ငံအကြား ကုန်သွယ်မှုကို ၅ နှစ်အတွင်း နှစ်ဆ တိုးမြှင့်ရေး၊ ဒုတိယမြောက် ချစ်ကြည်ရေးတံတား ဆောလျင်စွာ ဖွင့်လှစ်ရေး၊ ခရီးသွားလုပ်ငန်း တိုးမြှင့်ရေးကိစ္စတွေ အပါအဝင် ဘက်စုံကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးခဲ့ကြတယ်လို့ အစိုးရက သတင်းထုတ်ပြန်ပါတယ်။ ဓာတ်ပုံ-State Counsellor
3 years Ago

September 16, 2016

ထိုင်းရောက် မြန်မာအလုပ်သမားတဦး အထပ်မြင့်အဆောက်အဦပေါ်မှ ပြုတ်ကျသေဆုံး

ထိုင်းနိုင်ငံ၊ ဖူးခက်မြို့၊ ပထုံကမ်းခြေမှာ စက်တင်ဘာ ၁၅ ရက်နေ့ မနက်ပိုင်းက မြန်မာအလုပ်သမားတဦး ဆောက်လက်စ အဆောက်အဦတလုံးပေါ်မှ ပြုတ်ကျ သေဆုံးခဲ့တယ်လို့ ဖူးခက်ဂေဇက်သတင်းမှာ ဖော်ပြပါတယ်။ သူဟာ အဆိုပါ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင်းမှ အလုပ်သမားတဦးဖြစ်ပြီး သူ့ရဲ့အလောင်းကို မနက် ၁၀ နာရီခွဲလောက်မှာ လုပ်ဖော်ကိုင်ဘက်တွေက တွေ့ရှိခဲ့ကြတာပါ။ သေဆုံးသူ အသက် ၅၆ နှစ်အရွယ် မြန်မာအလုပ်သမား ဦးထီးဟာ ဆွိုင်ပီဆစ်ခ် ခိုရာနီး-၁၅ အရပ်မှ ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုမှာ အလုပ်လုပ်နေတာဖြစ်ပြီး အခင်းဖြစ်တဲ့နေရာမှာ မျက်နှာမှောက်လျက်သား အနေအထားနဲ့ သွေးအိုင်ထဲမှာ တွေ့ခဲ့ရတယ်လို့  ပထုံခရိုင်ရဲချုပ် တီရာဆက်ခ် ဘွန်ဆမ်က ပြောပါတယ်။ “သူဟာ သစ်ငြမ်းဆင်တဲ့ လုပ်ငန်းခွင်မှာ လုပ်နေတာပါ။ ၄ လွှာ အမြင့်က နံရံကို ပလာစတာကိုင်ရင်း ကိုယ်အရှိန်မထိန်းနိုင်ဘဲ ပြုတ်ကျခဲ့တာပါ။ မြေကြီးပေါ်ပြုတ်ကျချိန်မှာ ခေါင်းနဲ့ရိုက်မိပြီး ဒဏ်ရာတွေရခဲ့လို့ သေသွားခဲ့တာပါ။ ဒါပေမယ့် ဒါကို ကျနော်တို့ အတည်ပြုနိုင်ဖို့ ဆက်ပြီး စုံစမ်းစစ်ဆေးမှုတွေ ဆက်လုပ်သွားမှာပါ။” လက်ရှိမှာတော့ အလောင်းကို ပထုံဆေးရုံဆီ ပို့ဆောင်ထားပြီး ဆေးစစ်ချက်ယူ စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
5 years Ago
Up