ထိုင်းရေတပ် အရာရှိများ ဖုန်းရိုက်ခွဲသည့် ရုပ်သံ ဝေဖန်ခံရ

September 19, 2015

ထိုင်းရေတပ် အရာရှိများ ဖုန်းရိုက်ခွဲသည့် ရုပ်သံ ဝေဖန်ခံရ

ထိုင်းရေတပ်အရာရှိတွေ အဲပယ်လ်တံဆိပ် အိုင်ဖုန်းနဲ့ ဆမ်ဆောင်းတံဆိပ် စမတ်ဖုန်းတွေကို ရိုက်ခွဲနေတဲ့ ဗွီဒီယိုဖိုင် လူမှုရေးကွန်ရက် အင်တာနက် စာမျက်နှာမှာ ပျံ့နှံ့ခဲ့ပြီးနောက် ဒီဖြစ်ရပ်အပေါ် ဝေဖန်ခံနေရပါတယ်။ တော်ဝင်ရေတပ် သင်တန်းမှာ အရာရှိလောင်းတွေက ဖုန်းတွေကို ယူလာပိုင်ခွင့်မရှိပါဘူး။ ဒီစည်းကမ်းကို ချိုးဖောက်တဲ့အတွက် အရာရှိတွေက ဖုန်းတွေကို ရိုက်ခွဲခိုင်းတာဖြစ်ပါတယ်။ ယူနီဖောင်းဝတ်ထားတဲ့ အရာရှိလောင်းတွေ တန်းစီပြီး ကွန်ကရစ်တုံးပေါ်မှာ ဖုန်းတွေကို ရိုက်ခွဲနေပါတယ်။ အမိန့်ပေးနေတဲ့ အရာရှိက ဒီဖုန်းကို အခုမှဝယ်တာလား တန်ဖိုးကြီးသလားလို့ မေးပြီး ရိုက်ခွဲဖို့ အမိန့်ပေးခဲ့တာ ဖြစ်ပါတယ်။ ဒီရုပ်သံဖိုင်ကို သိန်းနဲ့ ချီတဲ့လူတွေက ဖေ့စ်ဘွတ်ခ်၊ ယူကျူနဲ့ ထိုင်းက လူသိများတဲ့ ဖိုရမ်ပေါ်မှာ တင်ခဲ့ပါတယ်။ အပြစ်ပေးတာဟာ ကျူးလွန်တဲ့ ရာဇ၀တ်မှုနဲ့ မညီဘူးဆိုတဲ့ ဝေဖန်မှုတွေနဲ့ စစ်တပ်က ရိုက်ခွဲခိုင်းမယ့်အစား သင်တန်းပြီးဆုံးတဲ့အချိန်ထိ သိမ်းပြီးမှ ပြန်ပေးရမယ်ဆိုတဲ့ ဝေဖန်သံတွေ ညံစီနေပါတယ်။ တချို့ကလည်း ဒါဟာ ထိုင်းရဲ့နှိပ်စက်နည်းတမျိုးလို့ မှတ်ချက်ပေးပါတယ်။ ထိုင်းဟာ ကမ္ဘာပေါ်မှာ လူမှုရေး ကွန်ရက်အသုံးပြုဆုံး နိုင်ငံတခုဖြစ်ပြီး အင်စတာဂရမ် အသုံးပြုတဲ့စာရင်းမှာ နှစ်စဉ် ထိပ်တန်းက ရပ်တည်နေပါတယ်။ ရုပ်သံဖိုင်ကို ဘယ်သူက ရိုက်သလဲဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ရေတပ်ကလည်း သတင်းနဲ့ဆက်သွယ်ရေး နည်းပညာကျေင်းမှာ ဖြစ်ပွားခဲ့တဲ့ ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ထုတ်ပြန်ချက်တခု ပြုလုပ်ခဲ့ပါတယ်။ ကျောင်းမှာ စမတ်ဖုန်းအသုံးပြုတာကို တားမြစ်ထားပေမယ့် ဒီတားမြစ်ချက်ကို ချိုးဖောက်လေ့ရှိသလို စည်းကမ်းဖောက်တဲ့သူတွေက ဖုန်းတွေကို စိတ်ဆန္ဒအတိုင်း ဖျက်ဆီးတာလို့ ဆိုပါတယ်။ ဒီလုပ်ဆောင်ချက်ကို ကျောင်းက အသိအမှတ်မပြုသလို ကျောင်းရဲ့မူဝါဒမဟုတ်တဲ့ အတွက် ဒီလိုအပြစ်ပေးတာကို ရပ်တန့်ဖို့ အမိန့်ပေးထားတယ်လို့ ဆိုပါတယ်။ ဒီဖြစ်ရပ်အတွက် ထိုင်းစစ်တပ်အနေနဲ့ အတွေးအခေါ် ခေတ်နဲ့ညီဖို့လိုအပ်တဲ့အကြောင်း ဘန်ကောက်ပိုစ့်သတင်းစာက စက်တင်ဘာ ၁၆ ရက် အတွေးအမြင် ကဏ္ဍမှာ ရေးသားခဲ့ပါတယ်။
6 years Ago
Up