ထိုင်းနေအိမ်ထဲ

January 20, 2019

ထိုင်းနေအိမ်ထဲ ဝင်လာသည့် ၆ မီတာရှည် တောကြီးမြွေဟောက်နှင့် ထီဂဏန်းရှာသူများ(ရုပ်သံ)

ထိုင်းနိုင်ငံတောင်ပိုင်းက နေအိမ်တစ်ခုကို အရှည်ခြောက်မီတာ ရှည်လျားတဲ့ တောကြီးမြွေဟောက် တကောင်ဝင်ရောက်လာလို့ အရေးပေါ်အကူအညီတောင်းခံခဲ့ရတယ်လို့ Coconuts သတင်းမှာ ဖော်ပြပါတယ်။ ဒီဖြစ်စဉ်ဟာ ထရန်းပြည်နယ် ဆီခိုခရိုက်က အိမ်တလုံးမှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၃ ရက်နေ့မှာဖြစ်ပွားခဲ့တာပါ။ အသက် ၂၃ နှစ်အရွယ်ရော်ဘာခြံအလုပ်သမား နန်တာ ဒူရန်ဂလန်းဟာ သူ့သူငယ်ချင်းတွေနဲ့ အိမ်ထဲမှာ စ ကားပြောနေချိန်မှာ ဒီမြွေကြီးက အိမ်ထဲကို ဝင်လာခဲ့တာဖြစ်ပြီး ဖိတ်မခေါ်ထားတဲ့ ဧည့်သည်ကြောင့် သူတို့ရဲ့တွေ့ဆုံပွဲလည်း ပျက်စီးသွားခဲ့ရတယ်လို့ နန်တာက ပြောပါတယ်။ “ဒီမြွေကြီးက ကျမတွေ့ဖူးသမျှထဲမှာ အကြီးဆုံးပါ။ သူက အိမ်ထဲကိုဝင်လာတော့ ကျမတို့လည်း ခြေဦးတည့်ရာထွက်ပြေးရတော့တာပဲ” လို့ ဒေသတွင်းသတင်းတခု ကိုပြောပါတယ်။ နန်တာတို့ရဲ့ ကစဥ့်ကလျားထွက်ပြေးကြမှုကြောင့် ကြောက်လန့်သွားတဲ့မြွေကြီးဟာ သူမအိမ်ထဲ ကိုဝင်ရောက်ပျောက်ကွယ်သွားတာကြောင့် မြွေကိုဖယ်ရှားဖို့ နန်တာတို့လူစုဟာ ဒေသတွင်းက ကျွမ်းကျင်သူတွေကို ဆက်သွယ်အကူအညီတောင်းခံခဲ့ရပါတယ်။ မကြာခင်မှာတင် ဝမ်ဝီဆတ်ကယ်ဆယ်ရေး အဖွဲ့ရောက်ရှိလာခဲ့ပြီး မြွေကြီးကို မိနစ် ၂၀ ကြာကြော် ရှာဖွေဖမ်းဆီးကာ သူ့ကိုတောထဲကို ပြန်လွှတ်ပေးခဲ့ရပါတယ်။ ဒီမြွေကြီး ဟာ ၂၀ ကီလိုဂရမ်အလေးချိန်ရှိပြီး သူတို့အဖွဲ့ ရှာဖွေကယ်ဆယ်ခဲ့ရဖူးသမျှထဲမှာ အကြီးမားဆုံးဖြစ်တယ်လို့ ကယ်ဆယ်ရေးအဖွဲ့ခေါင်းဆောင် ဆာဝိုင်ကလည်း ပြောပါတယ်။ ဒီမြွေကြီးကို ရှာဖွေနေစဉ်အတွင်းမှာ နန်တာရဲ့ အိမ်ရှေ့မှာ အစွဲအလန်းကြီးသူ အချို့လည်း စုရုံးရောက်ရှိလာခဲ့ကြပြီး ဒီဖြစ်ရပ်ကနေ သူတို့အတွက် ထီလက်မှတ်ဝယ်ယူဖို့အတွက် ဂဏန်းကို လာရောက်ရှာဖွေခဲ့တယ်လို့လည်း သတင်းတွေမှာ ဖော်ပြပါတယ်။ ရှေးဟောင်းထိုင်းးလူမျိုးတွေက အိမ်ထဲကို မြွေဝင်ရောက်လာခြင်းဟာ ကံကောင်းစေတဲ့ နိမိတ်အဖြစ် ယူဆကြတယ်လို့လည်း Coconuts သတင်းမှာ ဖော်ပြပါတယ်။
2 years Ago
Up