ထိုင်းတောင်ပိုင်းတွင် ဆိုင်ကယ်ချိန်ကိုက်ဗုံးပေါက်ကွဲ၊ ၃ ဦးသေဆုံး

January 22, 2018

ထိုင်းတောင်ပိုင်းတွင် ဆိုင်ကယ်ချိန်ကိုက်ဗုံးပေါက်ကွဲ၊ ၃ ဦးသေဆုံး

ထိုင်းနိုင်ငံ သားငါးဈေးတခုမှာ ဒီကနေ့မနက်အစောပိုင်းက မော်တော်ဆိုင်ကယ် ချိန်ကိုက်ဗုံး ပေါက်ကွဲမှုတခုဖြစ်ခဲ့လို့ လူ ၃ ဦးသေဆုံးကာ ၁၈ ဦး ဒဏ်ရာရရှိခဲ့ကြတယ်လို့ ဘန်ကောက်ပို့စ်သတင်းတပုဒ်မှာ ဖော်ပြပါတယ်။ ဒီအဖြစ်အပျက်ဟာ ထိုင်းတောင်ပိုင်း၊ မောင်ခရိုင်၊ ယာလဒေသတွင်းမှာ ဒေသစံတော်ချိန် မနက်အစောပိုင်း ၆ နာရီလောက်က ဖြစ်ခဲ့တာပါ။ ဒေသတွင်းရဲတွေရဲ့ အဆိုအရ ဗုံးပေါက်ကွဲခဲ့တဲ့ ဆိုင်ကယ်ကို လူငယ်တဦးက စီးလာခဲ့တာဖြစ်ပြီး ပီမိုလ်ချိုင်ဈေးရဲ့ ဝက်သားတန်းအနီးမှာ ထိုးရပ်ခဲ့တာလို့ ဆိုပါတယ်။ လူငယ်ဟာ ဆိုင်ကယ်ရပ်လိုက်ချိန် အသားတန်းဆိုင်ပိုင်ရှင် အမျိုးသမီးက ဆိုင်ကယ်ကို ရွှေ့ပေးဖို့ ပြောချိန်မှာ သူက ထွက်ပြေးသွားခဲ့တာပါ။ ဆိုင်ရှင်အမျိုးသမီးဟာ ဆိုင်ကယ်ကို ရွှေ့လိုက်ချိန်မှာပဲ ဗုံးပေါက်ကွဲခဲ့တာဖြစ်ပြီး အနီးနားက လူတွေလည်း ထိခိုက်ဒဏ်ရာတွေ ရရှိသွားကြတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ထိခိုက်ဒဏ်ရာရရှိသွားသူတွေကို ယာလဆေးရုံဆီ ပို့ဆောင်ထားပြီး ဆေးကုသပေးနေတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ လုံခြုံရေးတာဝန်ရှိသူတွေဟာ အခင်းဖြစ်တဲ့နေရာမှာ ပျက်စီးနေတဲ့ မော်တော်ဆိုင်ကယ်နဲ့အတူ လျှပ်စစ်ပစ္စည်းအပိုင်းအစတွေ၊ စတီးလ်ချောင်းတွေနဲ့အတူ အလေးချိန် ၂၀ ကီလိုဂရမ်လောက်ရှိမယ့် ဗုံးကို တွေ့ခဲ့ကြရတာ ဖြစ်ပါတယ်။ ဒီဗုံးပေါက်ကွဲမှုကြောင့် ဝက်သားတန်းအပါအဝင် တခြားဆိုင်တန်းတွေနဲ့ အနီးမှာရပ်ထားတဲ့ ဆိုင်ကယ်တွေလည်း ထိခိုက်မှုတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။ ထိုင်းပြည်ထဲရေးဝန်ကြီးဌာန တောင်ပိုင်းလုံခြုံရေးဌာနခွဲမှ တာဝန်ရှိသူတဦးဖြစ်တဲ့ ဖရာမုတ်တ် ဖရွမ်မင်ကတော့ ဒါဟာ ဒေသတွင်း ထကြွလှုပ်ရှားနေတဲ့ သောင်းကျန်းသူတွေရဲ့ လက်ချက်ဖြစ်မယ်လို့ ပြောပါတယ်။ ဒီအဖွဲ့တွေဟာ ဒေသတွင်း ပြည်သူတွေရဲ့ အိုးအိမ်စည်းစိမ်တွေနဲ့ အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်နေကြပြီး တရားခံကို အမြန်ဆုံး ဖော်ထုတ်နိုင်အောင် ကြိုးစားသွားမယ်လို့ သူက ဆိုပါတယ်။
3 years Ago
Up