ထိုင်းတောင်ပိုင်း ရိုဟင်ဂျာ

May 11, 2015

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် လှေစီး ဒုက္ခသည် ၅၀၀ အင်ဒိုနီးရှား ဆိုက်ကပ်

မေ ၁၀ ရက်က မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကလာတဲ့ ဘင်္ဂလီ ရိုဟင်ဂျာ လှေစီးဒုက္ခသည် ၅၀၀ လောက်ဟာ အင်ဒိုနီးရှား အနောက်ဖက် အာချေး ကမ်းခြေကို လှေတွေနဲ့ ဆိုက်ကပ်ခဲ့ပါတယ်။ ပထမ အသုတ် စီးလာတဲ့ လှေမှာ ရိုဟင်ဂျာ ၄၃၀ လောက် ရှိပြီး နောက်အသုတ်မှာ ၇၀ ရှိ တယ်လို့ ဂျာကတာက လာတဲ့ သတင်းတွေမှာ ဖော်ပြထားပါတယ်။ ဒီအထဲမှာ မိန်းကလေး ၉၈ ယောက်နဲ့ ကလေး ၅၁ ယောက်ပါဝင်ပါတယ်။ အစားအစာနဲ့ ရေပြတ်လပ်တာတွေကြောင့် လူ ၅၀ လောက် ဖျားနာပြီး ဆေးဝါးကုသပေးဖို့ ဆေးရုံကို ပို့ထားတယ်လို့ ရိုက်တာ သတင်းမှာ ဖော်ပြပါတယ်။ သူတို့တွေဟာ လှေပေါ်မှာ ၂ လ နီးပါးကြာခဲ့ပြီး စားစရာတွေမရှိဘဲ ဆုတောင်းတာက လွဲပြီး ဘာမှလုပ်လို့ မရဘူးလို့ သူတို့တွေရဲ့ အတွေ့အကြုံကိုပြောပါတယ်။ “ကျနော်တို့ ပင်လယ်ပင်မှာ နှစ်လလောက်ကြာခဲ့ရပါတယ်။ လှေတစီးမှာ လူ ၂၀၀ လောက်ဆန့်တယ်၊ ကျနော် တို့ လှေ ၃ စီးမှာ လူဦးရေ ၅၀၀ ကျော်လောက်ပါပါတယ်။ ကျနော်တို့ မလေးရှားကိုသွားပြီး ပိုက်ဆံ ရှာဖို့ ဖြစ်ပါတယ်” လို့ လှေစီးဒုက္ခသည် တဦးက ပြောပါတယ်။ အင်ဒိုနီးရှားအာဏာပိုင်တွေကတော့ လွန်ခဲ့တဲ့ အပတ်လောက်ကတည်းက ထိုင်းကနေ ထွက်လာတာဖြစ်နိုင်ပြီး လမ်းမှာ သေဆုံးသွားတဲ့သူတွေရှိတယ်လို့ ပြောပါတယ်။ တချို့ကလည်း သူတို့ မလေးရှားရောက်နေပြီလို့ မှတ်ထင်နေပါတယ်။ ထိုင်းနဲ့ မလေးရှားနိုင်ငံတွေက လူကုန်ကူးမှုတိုက်ဖျက်ရေးဆောင်ရွက်မှုတွေ တိုးမြှင့် လုပ်ဆောင်နေတဲ့ အတွက် လှေစီး ဒုက္ခသည် ၇ ထောင်ကနေ ၈ ထောင် လောက်စီးလာတဲ့ လှေတွေဟာ မာလာကာ ရေလက်ကြားမှာ ကမ်းမကပ်နိုင်ဘဲ အခက်ကြုံ နေရတယ်လို့ အာရကန် ပရောဂျက် ဒါရိုက်တာ ခရစ္စလေးဝါးက ကပြောပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက ထိုင်းအာဏာပိုင်တွေက ထိုင်း မလေးနယ်စပ် တောထဲမှာ ဘင်္ဂလီ ရိုဟင်ဂျာတွေကို ထားရှိတဲ့ စခန်း ၉ ခုကို ရှာဖွေတွေ့ရှိခဲ့ပြီး အလောင်း ၃၀ ကျော်ကိုလည်း ဖော်ထုတ်စစ်ဆေးတာတွေပြုလုပ်ခဲ့ ပါတယ်။ လူကုန်ကူး တရားခံအဖြစ် သံသယရှိသူ ၈ ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီး လိုက်ပြီး အမှုနဲ့ ပတ်သက်နိုင်သူ ၁၀ ဦးကိုလည်း ဖမ်းဝရမ်း ထုတ်ထားပါတယ်။ မေ ၈ ရက် ကုလသမဂ္ဂက ထုတ်ပြန်တဲ့ စာရင်းတွေမှာ အခုနှစ် ပထမ ၃ လပတ်အတွင်းမှာ လူပေါင်း ၂ သောင်း ၅ ထောင်လောက်ဟာ ဘင်္ဂလားပင်လယ်အော်ကို ဖြတ်ကျော်ပြီး နေရာ ပြောင်းရွှေ့ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ [gallery ids="92563,92565,92564,92566"]
7 years Ago

May 5, 2015

ထိုင်းတောင်ပိုင်းတွင် ရိုဟင်ဂျာအလောင်းများတွေ့ရှိမှု ဖော်ထုတ်ဖမ်းဆီး

ထိုင်းတောင်ပိုင်း မလေးရှားနယ်စပ် ဆုန်ခလာခရိုင် ဆဒေါင်းမြို့နယ်ထဲမှာ လူကုန်ကူး ခံရသူတွေလို့ယူဆရတဲ့ လူသေ အလောင်းတွေ တွေ့ရှိပြီးတဲ့နောက် တရားခံအဖြစ် သံသယရှိသူ ၄ ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီး လိုက်ပြီး အဲဒီထဲမှာ မြန်မာတစ်ဦး ပါဝင်တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ ထိုင်းရဲချုပ်ကြီး ဆုမ်ယုဒ် ဖုန့်ဖန်းမုန့်က မေ ၄ ရက် ဆုန်ခလာခရိုင် ဟတ်ယိုင်ရဲစခန်းမှာ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ရိုဟင်ဂျာ ၂၆ ဦးသေဆုံးမှုကို ဆက်လက်စစ်ဆေးနေ တယ်လို့ ပြောဆိုခဲ့ပါတယ်။ အမှုမှာ သံသယရှိသူ စုစုပေါင်း ၈ ဦးရှိပြီး ၄ ဦးကို ဖမ်းဆီးထားကြောင်း၊ အဆိုပါ ၄ ဦးထဲမှာ ဆဒေါင်းမြို့နယ် ထဲက လွှတ်တော်ကိုယ်စားလှယ် ၁ ဦး၊ လက်ထောက်ကျေးရွာအုပ်ချုပ်ရေးမှူး၂ ဦးနဲ့ မြန်မာတစ်ဦး ( ဇော်နိုင် ခေါ် အဏ္ဏ၀ါ - ၄၀ နှစ် ) တို့ဖြစ်တယ်လို့ ရဲချုပ်ကြီးက ပြောပါတယ် ။ သူတို့အားလုံးကို လူကုန်ကူးမှု၊ တရားမ၀င်သူများကို လက်ခံထားမှု၊ တပါးသူကိုချုပ်နှောင်မှု၊ အလောင်းဖျောက် ဖျက်မှု၊ ပြန်ပေးဆွဲမှုစတဲ့စွဲချက်တွေနဲ့ အမှုဖွင့်ထားကြောင်း၊ ကျန် ၄ ဦး ထွက်ပြေးလွတ်မြောက်နေတဲ့ အတွက် ဖမ်းဝရမ်း ထုတ်ထားတယ်လို့ ဆိုပါတယ်။ စစ်ဆေးချက်တွေအရ သူတို့ဟာ တရားမ၀င်သူတွေ သယ်ဆောင်လာပြီး မလေးနယ်စပ် တောထဲမှာ ထိန်းသိမ်း ထားကြောင်း၊ အဲဒီတောထဲမှာလည်း စခန်း ၉ ခုကို ရှာဖွေတွေ့ရှိ ခဲ့ကြောင်း၊ သူတို့သယ်ဆောင် လာတဲ့ သူတွေဟာ အများအားဖြင့် ရနောင်းဘက်ကနေ ၀င်ရောက်လာပြီး ဆုန်ခလာကနေ မလေးရှားနိုင်ငံထဲ ၀င်ရောက်ဖို့ဖြစ်ကာ မလေးရှားဘက်က ဆွေမျိုးတွေ အသိတွေက ငွေနဲ့လာရွေးယူရကြောင်း၊ ဒီအလုပ် လုပ်နေတာ ၃-၄ နှစ် ရှိပြီဖြစ်ကြောင်း၊ သေဆုံးသူတွေဟာ ခြိမ်းခြောက်ပစ်သတ်ခံရသူ ၊ အစာရေ စာပြတ် လပ်သူ ၊ နာမကျန်း သူတွေ ဖြစ်နိုင် တယ်လို့ ယူဆပြီး ကွင်းဆက်တွေကို ဆက်လက်စစ်ဆေး သွားမယ်လို့ ရဲချုပ်ကြီးက ပြောပါတယ်။ မေလ တစ်ရက်နေ့က ဆုန်ခလာခရိုင် ဆဒေါင်းမြို့နယ် ပါဒန့်ပေဆာကျေးရွာအုပ်စု တောထဲ မှာတွေ့ရှိတဲ့ အလောင်းတွေကတော့ ကျား ၂၅ ဦးနဲ့ မ ၁ဦး စုစုပေါင်း၂၆ ဦး ဖြစ်ကာ တချို့မှာ မကြာသေးခင် ကမှ သေဆုံး ထားတာလို့ ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။ ကိုးကားသတင်းများ -မန်နေဂျာအွန်လိုင်း၊ အိုင်အဲန်အဲန်၊ ထိုင်းသတင်းဌာန (ဓာတ်ပုံ-မန်နေဂျာ အွန်လိုင်း) [gallery ids="91672,91668,91669,91670,91671"]
7 years Ago
Up