ထိုင်းအိမ်ရှေ့စံမင်းသား

A d v e r t i s e m e n t With Us

December 2, 2016

၁၀ ဆက်မြောက် ရာမဘုရင်အဖြစ် ထီးနန်းဆက်ခံရန် ထိုင်းအိမ်ရှေ့စံမင်းသား ရောက်ရှိ

ထိုင်းအိမ်ရှေ့စံမင်းသားဟာ ၁၀ ဆက်မြောက် ရာမဘုရင်အဖြစ် ထီးနန်းဆက်ခံဖို့ သူ့အိမ်ရှိရာ ဂျာမနီကနေ ထိုင်းနိုင်ငံကို ဒီဇင်ဘာ ၁ ရက်နေ့ မနက်မှာ ရောက်လာပြီလို့ အကြီးတန်း စစ်ဘက်သတင်းရင်းမြစ်က ပြောပါတယ်။ ထိုင်းလွှတ်တော်ဟာ အိမ်ရှေ့စံမင်းသား မဟာဗဂျီရာလောင်ကွန် (Maha Vajiralongkorn) ကို ဘုရင်သစ်အဖြစ် ဖိတ်ခေါ်ရေး လုပ်ငန်းစဉ်တွေ စနေပြီလို့ လွှတ်တော်ဥက္ကဋ္ဌက နိုဝင်ဘာ ၂၉ ရက်နေ့မှာ ပြောခဲ့တာပါ။ အမျိုးသား ဥပဒေပြု ညီလာခံရဲ့ ဥက္ကဋ္ဌ ပွန်ပတ်ခ်ျ ဝီချစ်ချိုချိုင်က ရုပ်သံက တိုက်ရိုက်လွှင့်တဲ့ လွှတ်တော်အစည်းအဝေးအတွင်း ခုလိုပြောတာပါ။ ဘုရင်သစ်နန်းတက်ဖို့ လုပ်ငန်းစဉ်တွေ စတင်ရေး အစိုးရက လွှတ်တော်ကို တရားဝင် တောင်းဆိုပြီးရင် ထီးနန်းဆက်ခံဖို့ အိမ်ရှေ့စံကို ဖိတ်ခေါ်မယ်လို့ သူက ပြောပါတယ်။ ညီလာခံအဖွဲ့ဝင်တွေကလည်း အစည်းအဝေးအတွင်း မတ်တတ်ထရပ်ခဲ့ပြီး ဘုရင် သက်တော်ရှည်ပါစေလို့ ကြွေးကြော်ခဲ့ကြပါတယ်။ သတ်မှတ်လုပ်ငန်းစဉ်တွေအရ မင်းသားဟာ ဘုရင်အဖြစ် ကြေညာနိုင်ရေး လွှတ်တော်က ဖိတ်ခေါ်တာကို လက်ခံရမှာပါ။ ပြည်သူတွေ လေးစားချစ်ခင်တဲ့ ဘုရင် ဘူမိဘောအဒူလျာဒက်ဟာ အောက်တိုဘာ ၁၃ ရက်နေ့က နတ်ရွာစံခဲ့တာပါ။ ထိုင်းဝန်ကြီးချုပ် ပရာယွတ်သ် ချန်အိုချာကလည်း သူ့အစိုးရဟာ အိမ်ရှေ့စံကို ၂၃၄ နှစ် သက်တမ်းရှိပြီဖြစ်တဲ့ ချက်ကရီမင်းဆက်ရဲ့ ၁၀ ဆက်မြောက် ဘုရင်အဖြစ် ဆက်ခံဖို့ ဖိတ်ကြားမယ်လို့ နိုဝင်ဘာ ၂၉ ရက်နေ့က ပြောပါတယ်။ ထိုင်းနိုင်ငံ ဓလေ့ထုံးစံအရ ဘုရင်ဟာ ဖခင်ရဲ့ တော်ဝင်ဈာပနပြီးစီးမှသာ တရားဝင် ထီးနန်းဆက်ခံနိုင်ပါတယ်။ တော်ဝင်ဈာပနပွဲကို လာမယ့်နှစ်မှာ ကျင်းပမှာပါ။ အိမ်ရှေ့စံဟာ ညနေပိုင်းမှာ လွှတ်တော်ဥက္ကဋ္ဌနဲ့ တွေ့ဆုံမှာဖြစ်ပြီး အဲဒီနောက်မှာ နန်းတက်ရေး လွှတ်တော်ရဲ့ ဖိတ်ခေါ်ချက်ကို တရားဝင်လက်ခံမယ်လို့ မျှော်လင့်ရပါတယ်။ ဝန်ကြီးချုပ် ပရာယွတ်သ်ချန်အိုချာနဲ့ တော်ဝင်အကြံပေးကောင်စီ အကြီးအကဲဟောင်း ပရင့်တင်ဆူလာနွန်ဒါတို့လည်း ဒီတွေ့ဆုံပွဲကို တက်မယ်လို့ နန်းတော်ရဲ့ အချိန်ဇယား အစီအစဉ်အရ သိရပါတယ်။ နန်းတော်လုပ်ငန်းစဉ်အရ တော်ဝင်မိသားစုရဲ့ တရားဝင် ကြေညာချက်ကို မကြာခင် သိရမယ်လို့ မျှော်လင့်ထားပါတယ်။ နတ်ရွာစံထိုင်းဘုရင် ဘူမိဘော အဒူလျာဒက်အတွက် ဝမ်းနည်းခြင်းကာလ အချိန် တနှစ်ဟာ ၂၀၁၇ မှာ ကျင်းပမယ့် ရွေးကောက်ပွဲ အစီအစဉ်ကို သက်ရောက်မှုရှိမှာ မဟုတ်ဘူးလို့ ဝန်ကြီးချုပ် ပရာယွတ်သ်က ပြောခဲ့ပါတယ်။
4 years Ago
Up