ထိုင်းအမျိုးသမီးများကို

August 19, 2017

ထိုင်းအမျိုးသမီးများကို လိင်အလုပ်သမအဖြစ်ခိုင်းစေခဲ့သည့် တောင်ကိုရီးယားအမျိုးသား ဖမ်းဆီးခံရ

ထိုင်းအမျိုးသမီး အယောက် ၂၀ ကျော်ကို သူ့ရဲ့မွေးရပ်နိုင်ငံဖြစ်တဲ့ တောင်ကိုရီးယားနိုင်ငံမှာ အဓမ္မ လိင်လုပ်သားအဖြစ် လိမ်ညာခိုင်းစေခဲ့မှုနဲ့ စွပ်စွဲခံရတဲ့ တောင်ကိုရီးယားအမျိုးသားကို ဘန်ကောက်မှာ ဖမ်းဆီးလိုက်တယ်လို့ အရာရှိတဦးက ဒီနေ့ ပြောလိုက်ပါတယ်။ အသက် ၃၉ နှစ်အရွယ် ကင်မ်ရုန်ဂျွန်းက တောင်ကိုရီးယားနိုင်ငံမှာ ထိုင်းအမျိုးသမီးတွေကို ဦးတည်လိမ်ညာပြီး လိင်လုပ်ငန်း လုပ်ဆောင်ခိုင်းခဲ့တဲ့ နိုင်ငံတကာဂိုဏ်းကြီးတခုရဲ့ အစိတ်အပိုင်းတခုအဖြစ် ယူဆနေကြပြီး ဘန်ကောက်နဲ့ ဆိုးလ်ရဲတွေက သူ့ကို ဖမ်းဆီးပြီးနောက် ဒီဂိုဏ်းကြီးကို ဖြိုခွဲနိုင်ခဲ့တာပါ။ ဂျွန်းက ထိုင်းအမျိုးသမီးတွေကို တောင်ကိုရီးယားမှာ အနှိပ်သမတွေအဖြစ် လုပ်ရမယ်လို့ ကတိကဝတ်ပြုခဲ့ပေမယ့် အမျိုးသမီးတွေ ရောက်ချိန်မှာ အနှိပ်သမအဖြစ် လုပ်ကိုင်ရမယ့်အစား သူတို့ရဲ့ နိုင်ငံကူးလက်မှတ်တွေကို သိမ်းပြီး ထွက်မပြေးနိုင်အောင် ပိတ်ဆို့တားမြစ်တဲ့ လိင်ခေါင်းတွေရဲ့ ဖိအားနဲ့ လိင်အလုပ်သမအဖြစ် လုပ်ကိုင်ရတယ်လို့ ထိုင်းရဲတွေက ပြောပါတယ်။ “ပြီးခဲ့တဲ့ ၂ နှစ်၊ ၃ နှစ်အတွင်း ထိုင်းအမျိုးသမီး အယောက် ၂၀ ကျော်က ဒီဂိုဏ်းရဲ့ သွေးဆောင်ဖြားယောင်းတာ ခံခဲ့ရတယ်” လို့ ထိုင်းနိုင်ငံ အထူးစုံစမ်းရေးဌာန (ဒီအက်စ်အိုင်) ရဲ့ လက်ထောက်ဒါရိုက်တာဖြစ်သူ ဆုန်ဆက်က်က ပြောပါတယ်။ kor1 “ခံရသူအများစုက အသက် ၂၅ နှစ်နဲ့ ၄၀ ကြားဖြစ်ပြီး လိင်ခေါင်းတွေက သူတို့တွေကို တချိန်လုံး စောင့်ကြည့်နေတယ်” လို့ ဆုန်ဆက်က်က ပြောပါတယ်။ ဂျွန်းကို သူ့ရဲ့ ဘန်ကောက်ရုံးခန်းမှာ သြဂုတ်လ ၁၇ ရက်နေ့က ဖမ်းဆီးခဲ့ပြီး လူကုန်ကူးမှုနဲ့ တရားစွဲဆိုထားတယ်လို့ သိရပါတယ်။ ထိုင်းနဲ့ တောင်ကိုရီးယား အာဏာပိုင်တွေက ဂျွန်းရဲ့ ထိုင်းအမျိုးသမီးအဖော်လို့ ယူဆရပြီး အိမ်နီးချင်းနိုင်ငံတခုကို ထွက်ပြေးသွားတဲ့ အမျိုးသမီးကို ပူးပေါင်းပြီး လိုက်လံရှာဖွေခဲ့ကြပါတယ်။ ဖေဖော်ဝါရီလမှာတော့ တောင်ကိုရီးယားရဲတွေက အခြားသံသယရှိသူ ၈ ဦးကို ဖမ်းဆီးနိုင်ခဲ့ပြီး လိင်ကုန်ကူးခံရသူ ထိုင်းအမျိုးသမီး တော်တော်များကို ကယ်ဆယ်နိုင်ခဲ့ပါတယ်။ ထိုင်းနိုင်ငံဟာ အကူအကယ်မဲ့နေတဲ့ အမျိုးသမီးတွေ၊ အမျိုးသားတွေ၊ ကလေးတွေကို လိင်လုပ်ငန်းနဲ့ အခြားအဓမ္မအလုပ်တွေဆီ ပို့ဆောင်ဖို့ လူကုန်ကူးမှုလုပ်ငန်းအတွက် ပြောင်းရွှေ့ပေးမယ့် နေရာဌာနနဲ့ ဆိုက်ရောက်နိုင်ငံဖြစ်နေတဲ့ အမည်ဆိုးနဲ့ကျော်ကြားရာ ရင်းမြစ်နေရာ တခုဖြစ်နေတယ်လို့ ဆိုပါတယ်။ အမေရိကန်နိုင်ငံတဝှမ်းက လိင်လုပ်ငန်းလုပ်ဆောင်ရာ ရုံတွေဆီ ထိုင်းအမျိုးသမီး ရာဂဏန်းကို လူကုန်ကူးမှု လုပ်ဆောင်ခဲ့လို့ ထိုင်းလူမျိုး ၁၀ ဦးအပါအဝင် လူ ၂၁ ဦးကို အမေရိကန်နိုင်ငံမှာ မေလတုန်းကလည်း တရားစွဲခဲ့တယ်လို့ သိရပါတယ်။
4 years Ago
Up