ထိုင်းအစိုးရမှ

March 15, 2017

ထိုင်းအစိုးရမှ ရွှေ့ပြောင်းလုပ်သားများ သင်္ကြန်ပြန်ရက် ၂၆ ရက်နှင့် ၀င်ထွက်ဗီဇာ အခမဲ့ခွင့်ပြု

ထိုင်းနိုင်ငံရောက် မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယား ၃ နိုင်ငံက ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ ဒီနှစ်သင်္ကြန်တွင်း အမိနိုင်ငံပြန်လည်ပတ်ခွင့်ကို ဧပြီ ၅ ရက်မှ ၃၀ ရက်နေ့ထိ စုစုပေါင်း ၂၆ ရက် ရရှိမှာဖြစ်သလို နယ်စပ်အ၀င်အထွက် ဗီဇာအတွက်လည်း ငွေကောက်ခံမှာ မဟုတ်ဘူးလို့ ထိုင်းအစိုးရ၀န်ကြီးများအဖွဲ့က ထုတ်ပြန်ပါတယ်။ မတ်လ ၁၄ ရက်နေ့ ထိုင်းအစိုးရအဖွဲ့အစည်းအဝေးမှာ အတည်ပြုပြီး ထိုင်းပြည်ထဲရေးဌာနက လိုအပ်တဲ့ မူဝါဒထုတ်ပြန်ဖို့ ထိုင်းဝန်ကြီးချုပ်က ညွှန်ကြားထားတယ်လို့ ထိုင်းဝန်ကြီးများရုံး တွဲဘက်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် အထိဆစ် ချိုင်းနုဝပ်က မနေ့က သတင်းစာရှင်းပွဲမှာ ပြောပါတယ်။ ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ တကွ မှီခိုသူမိသားစုတွေ အိမ်ပြန်တဲ့အခါ လမ်းခရီးမှာ အဟန့်အတားတွေ မရှိစေဖို့ အလုပ်သမားဝန်ကြီးဌာနမှ သင်္ကြန်ပြည်လည်ခွင့်စာကို ထုတ်ပေးဖို့ ထိုင်းဝန်ကြီးချုပ် ပရယုဒ်ကျန်အိုးချားက တာဝန်ပေးအပ်လိုက်တယ်လို့လည်းဆက်ပြောပါတယ်။ ဒါ့အပြင် အလုပ်သမားတွေ ထိုင်းနိုင်ငံကနေ ထွက်ခွာခွင့်နဲ့ ပြန်ဝင်ခွင့် ဗီဇတုံးထုရာမှာ အခမဲ့ ခွင့်ပြုကြောင်း ထိုင်းအမျိုးသားရဲချုပ်ရုံးမှ သက်ဆိုင်ရာ လ၀ကရဲတပ်ဖွဲ့တွေကို အကြောင်းကြားဖို့ တာဝန်ပေးအပ်သလို နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့လည်း မြန်မာ၊ လာအို နဲ့ ကမ္ဘောဒီးယား ၃ နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနကို ဆက်သွယ်အကြောင်းကြားဖို့ ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။ သင်္ကြန်ပြန်မယ့် အလုပ်သမားတွေအပေါ် လမ်းမှာ အခွင့်အရေးယူခြိမ်းခြောက်ငွေတောင်းတာ တွေ မရှိဖို့လည်း သတိထားရမယ့်အကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့လည်း အလုပ်သမား တွေ ထိုင်းနိုင်ငံထဲ ပြန်ဝင်လာတဲ့အခါ ကူးစက်ရောဂါတွေ ပါမပါ စောင့်ကြည့်စစ်ဆေးဖို့ လိုအပ် ကြောင်း ထိုင်းဝန်ကြီးချုပ်က ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။ မနေ့က ထိုင်းဝန်ကြီးများအဖွဲ့အစည်းအဝေးမှာ မတ်လ ၁၁ သန်းခေါင်မှစ ၁၈ ရက်နေ့အထိ အမြန်လမ်း ၂ ခုဖြစ်တဲ့ အမှတ် ၇ (ဘန်ကောက်- ဘန့်ချန်) နဲ့ အမှတ် ၉ (ဘန်ကောက်မြို့ပတ်လမ်း ဘန်ပအင်၊ ဘန်ဖရီ)ကို ယာဉ်ဖြတ်သန်းခ အခမဲ့ခွင့်ပြုဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။ မနှစ်သင်္ကြန်ကလည်း အခုလိုပဲ ထိုင်းအစိုးရက ပြန်ခွင့်ပြုခဲ့ကြောင်း၊ ပန်းရောင်ကတ်ရှိအလုပ်သမားနဲ့ ပတ်စပို့ကိုင်သူ အလုပ်သမားတွေပါ အကြုံးဝင်ပြီး ပတ်စပို့ရှိ သူတွေဟာ ယခင်က အ၀င်အထွက်ဗီဇာတုံးထုရင် ဘတ်တထောင် ကုန်ကျပေမယ့် သင်္ကြန်ကာလမှာ အဲဒီတထောင်ပေးစရာမလိုကြောင်း၊ ဒါပေမယ့် မိမိထွက်ခွာ သွားတဲ့ဂိတ်ကနေဘဲ ပြန်ဝင်လာရမယ်လို့ ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက်အဖွဲ့ ဒုဥက္ကဋ္ဌ ဦးအောင်ကျော်က ပြောပါတယ်။
5 years Ago
Up