ထိုင်းအစိုးရက သက်သေခံကတ်ပြားများ ထုတ်ပေး

March 31, 2017

တာ့ခ်ခရိုင်ရှိ နိုင်ငံမဲ့ကလေး ၂၈၀ ကို ထိုင်းအစိုးရက သက်သေခံကတ်ပြားများ ထုတ်ပေး (ရုပ်သံ)

  ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်ရှိ မြို့နယ် ၅ မြို့နယ်က နိုင်ငံမဲ့ကလေး ၂၈၀ အတွက် သက်သေခံ ကတ်ပြားတွေကို ထိုင်းအစိုးရက မတ်လ ၂၉ ရက်နေ့မှာ အခမ်းအနားနဲ့ ထုတ်ပေးလိုက်ပါတယ်။ ထိုင်းနိုင်ငံမှာ သက်သေအထောက်အထားမဲ့ ကလေးတွေ သောင်းနဲ့ချီရှိရာမှာ သူတို့တွေကို သက်သေခံကတ်ပြားထုတ်ပေးဖို့ အစိုးရက ပေါ်လစီရှိပြီးသားဖြစ်ပြီး တာ့ခ်ခရိုင်ကတော့ ပထမဆုံး ထုတ်ပေးခဲ့တာလို့ ကလေးတွေကို ကိုယ်တိုင်သက်သေခံကတ်ပြား အပ်နှင်းပေးခဲ့တဲ့ ထိုင်းနိုင်ငံ လူ့အခွင့် အရေးဥပဒေနဲ့ နိုင်ငံသားများဆိုင်ရာဥပဒေ ကျွမ်းကျင်သူ နိုင်းဆူရဖုန်း ကောင်းကျန်ထိုက်က ဒီဗွီဘီကို ပြောပါတယ်။ “ထိုင်းနိုင်ငံပညာရေးဝန်ကြီးဌာနနဲ့ ပြည်ထဲရေးဌာနတို့ ပူးပေါင်းထုတ်ပေးတဲ့ အစီအစဉ်ဖြစ်ပါတယ် ခင်ဗျ။ ထိုင်းကျောင်းတွေမှာ အထောက်အထားမရှိဘဲ ပညာသင်ကြားနေတဲ့ ကလေးတွေ သောင်းနဲ့ချီရှိတယ်။ သူတို့အားလုံးကို သက်သေခံကတ်ပြားထုတ်ပေးသွားဖို့ အစီအစဉ်ရှိပါတယ်။ တာ့ခ်ခရိုင်ကတော့ ပထမဆုံးလက်တွေ့အကောင်အထည်ဖော်တာပေါ့။  တာ့ခ်ခရိုင်မှာ ကျောင်းသားလေးတွေကို ဒီကတ်ပြားထုတ်ပေးတာ ၃ ကြိမ်ရှိပြီ။ ကလေးပေါင်း တစ်ထောင်ကျော် ရပြီးသွားပြီ။ ဒါပေမယ့် ထိုင်း နိုင်ငံသားမှတ်ပုံတင် မဟုတ်သေးဘူးနော်။ သူတို့က  ဘယ်သူဘယ်ဝါဖြစ်ကြောင်း သက်သေပြနိုင်ဖို့ ဒီကတ်ပြားတွေထုတ်ပေးတာ၊ သူတို့အမည်စာရင်းတွေက ထိုင်းပြည်ထဲရေးဌာန မှတ်ပုံတင်စာရင်းထဲ မှာ ရှိနေမယ်၊ ပညာသင်ကြားခွင့်တော့ ရတာပေါ့။ ဒါပေမယ့် ခရီးသွားလာခွင့်တွေ မရသေးဘူး။  ကျန်းမာရေးခံစားခွင့်တွေ ဘာတွေလည်း နောက်မှလိုက်လာမှာ၊ ကျန်တဲ့ ခရိုင်က ကလေးတွေလည်း ဆက်ပြီးထုတ်ပေးသွားဖို့အတွက် နောက်အပတ်ထဲ ကျနော်တို့ အစည်းအဝေး ရှိပါတယ်ခင်ဗျ။” မဲဆောက်မြို့နယ်  မဲတောဝ်းအခြေခံပညာကျောင်းမှ ကျောင်းအုပ်ကြီး နိုင်းဆစ်တဖုန်း ဆီဆုဝမ်းကတော့ ဒီကလေးတွေဟာ အများအားဖြင့် ထိုင်းနိုင်ငံမှာ မွေးဖွားကြီးပြင်းလာတာကြောင့်  သူတို့ မိဘများရဲ့ မူရင်းနိုင်ငံဆီ ပြန်လည်နေ ထိုင်အခြေချဖို့ အခြေအနေလွန်စွာနည်းပါးကြောင်း၊  ဥပဒေဋ္ဌာန်းချက်တွေ ပေါ်ပေါက်လာရင် ထိုင်းနိုင်ငံသားကတ်တွေရရှိ အလားအလာရှိကြောင်း၊ လောလောဆယ် ဒီသက်သေခံကတ်တွေ ထုတ်ပေးခြင်းအားဖြင့်  သူတို့ဘ၀တွေ ပိုမိုတိုးတက်ကောင်းမွန်ရေး ကောင်းမွန်စွာ ပညာသင်ကြား နိုင်ဖို့ အထောက် အကူပြုမှာဖြစ်သလို မှတ်ပုံတင်အမည်ထပ်ခြင်း၊ အမည်လွဲမှားခြင်းပြဿနာဖြေရှင်းရာရောက်ကြောင်း  သက်သေခံကတ်ပေးအပ်ပွဲအပြီးမှာ သတင်းထောက်တွေကို ပြောပါတယ်။ အခုတခေါက် သက်သေခံကတ်ရတဲ့ကလေးတွေဟာ တာ့ခ်ခရိုင် မဲဆောက်၊ ဖုတ်ဖရ၊ အုန်းဖျံ၊ မယ်လမတ်၊ ထာ့ဆောင်ယန်း စတဲ့ ၅ မြို့နယ်ရှိ အခြေခံပညာကျောင်းက ကလေးတွေဖြစ်ပါတယ်။ စစ်တမ်းကောက်ယူချက်တွေအရ တာ့ခ်ခရိုင်ထဲမှာ ကျောင်းသူကျောင်းသားပေါင်း ၄၅၇၃၁ ဦးရှိပြီး သက်သေအထောက်အထားမရှိသူက ၈၁၅၁ ဦးရှိတယ်လို့  ဆိုပါတယ်။ အဲဒီထဲမှာ  သက်သေခံကတ်ပြားရှိသူက ၅၄၃၁ ဦး၊ ကတ်ပြားရဖို့ဘောင်ဝင်တဲ့သူက ၃၂၁၃ ဦး၊ ထုတ်ပေးဖို့ ဆောင်ရွက်ဆဲစာရင်းပါသူက ၁၅၂၆ ဦး ရှိတယ်လို့ နိုင်းဆုရဖုန်းက ပြောသွားပါတယ်။
5 years Ago
Up