အနောက်တိုင်းသား လိင်တူ စုံတွဲက ထိုင်းအမျိုးသမီးတဦး အငှားကိုယ်ဝန်ဆောင် မွေးဖွားခိုင်းခဲ့တဲ့ ကလေးကို မိဘအဖြစ် စောင့်ရှောက်ခွင့်ရဖို့ ဥပဒေကြောင်းအရ ဆက်လက် ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။
အငှားကိုယ်ဝန်ဆောင် မိခင်က မွေးဖွားပေးခဲ့တဲ့ ကမ်မန် လိတ်ဒ် ရဲ့ အုပ်ထိန်းသူ မိဘတွေ အဖြစ် အမေရိကန်လူမျိုး ဂေါ်ဒန် လိတ်ခ် Gordon Lake နဲ့ စပိန် လူမျိုး Manuel Santos မန်နူရယ် ဆန်းတို့စ်တို့ကို ထိုင်းတရားရုံးက ဧပြီ ၂၃ ရက်နေ့မှာ ဆုံးဖြတ်ပေးခဲ့ပါတယ်။
ဒါပေမယ့် အငှားကိုယ်ဝန်ဆောင်ပေးခဲ့တဲ့ ထိုင်းအမျိုးသမီး ပက်တီတာက တရားရုံး ဆုံးဖြတ်ချက်ကို လက်မခံသေးဘဲ အယူခံ ၀င်ဦးမယ်ဆိုတာကြောင့် ကလေးကို ခေါ်ဆောင်ပြီး ထိုင်းမြေကနေ ထွက်ခွာခွင့် မရသေးပါဘူး။
စပိန်ကို စီးပွားရေး ခရီးစဉ်သွားအပြီး ထိုင်းမှာရှိတဲ့ မိသားစုဆီ ပြန်ရောက်နေတဲ့ ဂေါ်ဒန် လိတ်ခ်က အမှုကို ပြီးဆုံးတဲ့အထိ ရင်ဆိုင်သွားမယ်လို့ ပြောပါတယ်။
ထိုင်းနိုင်ငံမှာ လိင်တူ ထိမ်းမြား လက်ထပ်ခွင့်ကို ဥပဒေကြောင်းအရ ခွင့်မပြုပါဘူး။ တချိန်တည်းမှာ ထိုင်းဟာ နိုင်ငံခြားသား စုံတွဲတွေ အငှားကိုယ်ဝန်ဆောင် မိခင်တွေကို ရှာဖွေရာ နေရာတခုလည်း ဖြစ်ပါတယ်။
ထိုင်းမှာ အငှားကိုယ်ဝန်ဆောင်ခ ဈေးသက်သာတာနဲ့ ဥပဒေပိုင်းမှာ မတင်းကြပ်တာက ဒီလို ဖြစ်လာဖို့ အကြောင်း ဖြစ်ပါတယ်။
လိတ်ခ်တို့စုံတွဲမှာ ထိုင်းအမျိုးသမီးက ကိုယ်ဝန်ဆောင်မွေးပေးတဲ့ ကမ်မန် အပြင်၊ လွန်ခဲ့တဲ့ ၃ နှစ်က အိန္ဒိယမှာ အငှားကိုယ်ဝန်ဆောင်မိခင်က မွေးပေးထားတဲ့ သားတယောက်လည်း ရှိပါတယ်။
နောက်ပိုင်း အိန္ဒိယမှာ ဥပဒေ တင်းကြပ်လိုက်တာကြောင့် ထိုင်းကို ရွေးချယ်ဖို့ ဖြစ်လာတာလို့ ဂေါ်ဒန် လိတ်ခ် တို့ စုံတွဲက ပြောပါတယ်။
5 years Ago