ထိုင်းသင်္ကြန်ပွဲတော်တွင်း အပေါ်ပိုင်းဗလာကျင်းဆင်နွှဲသည့် အမျိုးသမီးများကို ဘတ် ၅၀၀၀ ဒဏ်ရိုက်မည်

April 11, 2017

ထိုင်းသင်္ကြန်ပွဲတော်တွင်း အပေါ်ပိုင်းဗလာကျင်းဆင်နွှဲသည့် အမျိုးသမီးများကို ဘတ် ၅၀၀၀ ဒဏ်ရိုက်မည်

ထိုင်းနိုင်ငံမှာ ရိုးရာဆုန်ကရန်သင်္ကြန်ပွဲတော် ကာလအတွင်း အပေါ်ပိုင်းဗလာကျင်းဆင်နွှဲသူ အမျိုးသမီးတွေကို ဘတ်ငွေ ၅၀၀၀ ဒဏ်ရိုက်သွားမှာဖြစ်တယ်လို့ ထိုင်း မြို့တော်ရဲတပ်ဖွဲ့က ဧပြီ ၁၀ ရက်နေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။ ဒါဟာ ထိုင်းနိုင်ငံ ပြစ်မှုဆိုင်ရာ ဥပဒေအပိုဒ်ခွဲ ၃၈၈ ရဲ့ တစိတ်တပိုင်းဖြစ်ပြီး ခုလိုပြုမူခြင်းက ရာဇဝတ်ပြစ်မှုတွေ ဖြစ်ပွားလာစေဖို့ ဦးတည်နေတယ်လို့ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရသူ ဆွန်ဖောင် ချိုင်ဒူရယ်က ပြောပါတယ်။ “ကာမရာဂနှိုးဆွစေတဲ့ အပြုအမူတွေ၊ အကအခုန်တွေ မလုပ်ကြပါနဲ့။ ဒါဟာ လိင်ပိုင်းဆိုင်ရာ ရာဇဝတ်ပြစ်မှုတွေ ဖြစ်စေဖို့ ဦးတည်နေသလိုပါပဲ။” ဆွန်ဖောင် ချိုင်ဒူရယ်က ဒီပွဲတော်မှာ ပါဝင်ဆင်နွှဲကြသူတွေကို ထိုင်းရိုးရာယဉ်ကျေးမှုနဲ့အညီ ဝတ်စားဆင်ယင်ပြီး ပါဝင်ဆင်နွှဲကြဖို့ ပန်ကြားလိုက်တာပါ။ နောက်ပြီး ပြင်းအားမြင့် ရေသေနတ်တွေ အသုံးပြုတာကိုလည်း တားမြစ်သွားမှာဖြစ်ပြီး ဖမ်းဆီးအရေးယူသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ ခေါက်ဆန်လမ်းတလျှောက်မှာတော့ ပွဲတော်ကာလတွင်း ပေါင်ဒါအသုံးပြုဆင်နွှဲတာမျိုးတွေကို တားမြစ်သွားမယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ မြို့တော်တွေရဲ့ လမ်းတွေတလျှောက် အရက်သေစာ သောက်သုံးထားခြင်းရှိမရှိ တိုင်းတာစစ်ဆေးမယ့် ဂိတ်တွေကို ထားရှိမှာဖြစ်တယ်လို့ ဆွန်ဖောင် ချိုင်ဒူရယ်က ပြောပါတယ်။ “အများပြည်သူကို မှာကြားချင်တာကတော့ ထိုင်းရိုးရာသင်္ကြန်ပွဲတော်မှာ ယဉ်ယဉ်ကျေးကျေး ဆင်နွှဲကြပါ။ မိမိတို့ရဲ့ ကလေးတွေကိုလည်း ဂရုစိုက်ကြပါ။ ခုကာလဟာ ဘုရင်ကြီး နတ်ရွာစံကွယ်လွန်တဲ့ ဝမ်းနည်းခြင်းအထိမ်းအမှတ်ကာလ အတွင်းမှာပဲ ရှိနေသေးတယ်ဆိုတာကို သတိပြုကြပါ” လို့ သူက ပြောပါတယ်။
4 years Ago
Up