ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လတ်ရှင်နာဝပ် ဘဏ်ငွေစာရင်းစာအုပ် ၁၂ အုပ် ထိန်းချုပ်ခံရ

February 1, 2018

ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လပ်ပိုင်ဆိုင်သည့် ပစ္စည်းများအား အစိုးရသိမ်းယူ

ဖမ်းဝရမ်းထုတ်ခံထားရပြီး ထွက်ပြေးတိမ်းရှောင်နေတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လပ် ရှင်နာဝပ်ထရာရဲ့ ပိုင်ဆိုင်ပစ္စည်း အမျိုးအမည် ၃၀ ကျော်ကို နိုင်ငံပိုင်အဖြစ် အစိုးရက သိမ်းယူခဲ့တယ်လို့ သူ့ရဲ့ရှေ့နေက ဇန်နဝါရီ ၃၁ ရက်နေ့မှာ ပြောလိုက်ပါတယ်။ ယင်လပ်ဟာ နိုင်ငံဘဏ္ဍာငွေ သန်းပေါင်းများစွာ ဆုံးရှုံးစေခဲ့တဲ့ ဆန်စပါးဝယ်ယူရေးကိစ္စ လျစ်လျူရှုမှု စွပ်စွဲချက်နဲ့ ထောင်ဒဏ် ၅ နှစ် ပြစ်ဒဏ်ချမှတ်ခံရမယ့် ရုံးချိန်းနေ့မှာ ထွက်ပြေးတိမ်းရှောင်သွားခဲ့တာပါ။ ခုလို အရေးယူသိမ်းဆည်းမှုကိုတော့ အစိုးရ ဥပဒေရေးရာနှင့် အရေးယူမှုဆိုင်ရာ ဦးစီးဌာနက ဦးဆောင်ခဲ့တာဖြစ်တယ်လို့ ဘန်ကောက်ပို့စ်သတင်းတပုဒ်မှာ ဖော်ပြပါတယ်။ အခုသိမ်းယူခဲ့တဲ့ ပိုင်ဆိုင်မှုတွေထဲမှာ ဘန်ကောက်မြို့မြောက်ပိုင်း၊ ဆွိုင်နဝပ်မင်ဒေသမှ နေအိမ်တလုံး အပါအဝင် တခြားပိုင်ဆိုင်မှုတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။ အဲဒီအိမ်ဟာ တန်ကြေး ဘတ်ငွေသန်း ၁၁၀ ရှိတယ်လို့ ယင်လပ်က သူ့ရဲ့ပိုင်ဆိုင်မှုတွေကို ထုတ်ပြန်စဉ်က ပြောခဲ့ပါတယ်။ တခြားပိုင်ဆိုင်မှုတွေထဲမှာတော့ ဘန်ကောက်မြို့ပြင်ပက တိုက်ခန်းတွေ၊ မြေတွေ အပါအဝင် ဘဏ်ငွေစာရင်းအကောင့် ၁၂ ခု ပါဝင်တယ်လို့ ရှေ့နေ နော့ပဒေါလ် လာအိုထောင်က ပြောပါတယ်။ အခုသိမ်းယူထားတဲ့ ပစ္စည်းတွေထဲက တချို့ကိုတော့ ယင်လပ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရတဲ့ တန်ကြေးဘတ်ငွေ ၃၅ ဘီလီယံကို ကာမိစေဖို့ လေလံတင်ရောင်းချမှုတွေ လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ ထွက်ပြေးတိမ်းရှောင်သွားခဲ့ပြီး ၅ လကြာတဲ့အထိ ယင်လပ်ဟာ ဘယ်နေရာမှာရှိနေတယ် ဆိုတာကို မသိခဲ့ကြပေမယ့် လက်ရှိ အွန်လိုင်းပေါ် ထွက်ပေါ်လာတဲ့ ပုံတွေအရ သူဟာ လန်ဒန်မှာ ရှိနေတယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေ ထိထိရောက်ရောက် မကိုင်တွယ်နိုင်မှုနဲ့ ယင်လပ်ကို သက်ဆိုင်ရာနိုင်ငံတွေကတဆင့် မလွှဲပြောင်းနိုင်မှုအပေါ် ထိုင်းအုပ်ချုပ်ရေးပိုင်းကို ဝေဖန်မှုတွေလည်း ထွက်ပေါ်နေတာ ဖြစ်ပါတယ်။
3 years Ago

October 31, 2017

ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လပ်၏ နိုင်ငံကူးလက်မှတ် ၄ ခုလုံးကို ပြန်ရုပ်သိမ်း

ဖမ်းဝရမ်းထုတ်ခံထားရပြီး ထွက်ပြေးတိမ်းရှောင်နေတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လပ် ရှင်နာဝပ်ထရာရဲ့ နိုင်ငံကူးလက်မှတ်တွေကို ပြန်လည်ရုပ်သိမ်းထားခဲ့ပြီဖြစ်တယ်လို့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။ သူ့ရဲ့ ထိုင်းနိုင်ငံကူးလက်မှတ် ၄ ခုစလုံးကို ရုပ်သိမ်းလိုက်တဲ့အတွက် ယင်လပ်အနေနဲ့ ဒါတွေကို အသုံးပြုပြီး ခရီးသွားခွင့်ရတော့မှာ မဟုတ်သလို နိုင်ငံရပ်ခြားရှိ ထိုင်းသံရုံးတွေကိုလည်း အကြောင်းကြားထားပြီး ဖြစ်တယ်လို့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရသူ ဘူဆဒီး ဆန်တီပီတက်ခ်က ပြောလိုက်တာပါ။ ယင်လပ်ရဲ့ နိုင်ငံကူးလက်မှတ် ၄ ခုမှာ ၂ ခုကတော့ သံတမန်သုံးဖြစ်ပြီး နောက် ၂ ခုကတော့ အထွေထွေသုံးအဖြစ် ထုတ်ထားပေးခဲ့တာလို့ ဆိုပါတယ်။ ခုလိုရုပ်သိမ်းလိုက်တာဟာ ဒီအမှုကွင်းဆက်နောက်ကို လိုက်နေတဲ့ ထိုင်းရဲတပ်ဖွဲ့ရဲ့ တောင်းဆိုချက်အရ အရေးယူခဲ့တာဖြစ်ပြီး ယင်လပ်ဟာ တခြားနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားခြင်း ရှိမရှိကိုတော့ မသိနိုင်ဘူးလို့ သည်နေးရှင်းသတင်းမှာ ဒီကနေ့ ဖော်ပြပါတယ်။ ယင်လပ်ဟာ နိုင်ငံဘဏ္ဍာငွေတွေ သန်းပေါင်းများစွာ အရှုံးပြခဲ့တဲ့ နိုင်ငံတော် ဆန်ဝယ်ယူရေး အစီအစဉ်ကို သိလျက်နဲ့ လျစ်လျူရှုခဲ့တယ်ဆိုပြီး တရားစွဲဆိုခံခဲ့ရတာ ဖြစ်ပါတယ်။ ဒီ့အတွက် သူမကို စွဲဆိုထားတဲ့အမှုနဲ့ ပတ်သက်ပြီး အမိန့်ချမှတ်မယ့် သြဂုတ် ၂၅ ရက်နေ့မှာတော့ တရားရုံးကို ရောက်ရှိမလာခဲ့ဘဲ ထွက်ပြေးသွားခဲ့ကာ ဒီအမှုအတွက် အယူခံဝင်နိုင်မယ့် နောက်ဆုံးရက်ကလည်း ပြီးခဲ့တဲ့ သီတင်းပတ်မှာပဲ ကုန်ဆုံးသွားခဲ့တာ ဖြစ်ပါတယ်။
4 years Ago
More News
Up