ထိုင်းဝန်ကြီးချုပ်ကို

March 22, 2017

ထိုင်းဝန်ကြီးချုပ်ကို လုပ်ကြံမည့်အစီအစဉ်နောက်ကွယ်က အနီရောင် ရေဒီယို အုပ်စု

ထိုင်းဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ် ကျန်အိုးချား၊ ဒု-ဝန်ကြီးချုပ်  ဗိုလ်ချုပ်ကြီးပရဝစ်ဝုန်ဆုဝမ်း တို့ကို လုပ်ကြံဖို့  “အနီရောင်ရေဒီယို” လို့ လူသိများတဲ့ လှုပ်ရှားမှုက လပေါင်းများစွာ စီစဉ်ခဲ့ကြတယ်လို့ ဒုတိယရဲချုပ်ကြီး စီဝရာရန်စီဘရာမနက်ကူးလ်က ပြောကြားလိုက်ပါတယ်။ လုပ်ကြံမှု သံသယရှိသူအုပ်စုက ဖရာ့ဓမ္မကာယဘုန်းတော်ကြီးကျောင်းမှာ ဆူပူမှုဖြစ်စေပြီး အာဏာပိုင်တွေရဲ့ အဲ့ဒီဘုန်းကြီးကျောင်းကို စုံစမ်းစစ်ဆေးမှုအပေါ် ကာကွယ်ထိန်းချုပ်ခဲ့သေးတယ်လို့ ဒုရဲချုပ်က ပြောကြောင်း  ဘန်ကောက်ပို့စ်သတင်းမှာ မတ်လ ၂၂ ရက်က ဖော်ပြထားပါတယ်။ တိုင်းရာဇဝတ်မှုနှိမ်နင်းရေးအဖွဲ့ (စီအက်စ်ဒီ) က ကို့ဒီဆိုတဲ့ နာမည်ဝှက်နဲ့ ရက်ဒ်ရှပ်တ် (Red Shirt) ရှပ်နီခေါင်းဆောင် နိုင်းဝုဒ်တိဖုန်း ကိုးချထမ်းခွန်း အပါအဝင် သံသယရှိသူ ၆ ဦးကို ဖမ်းဝရမ်းထုတ် ရှာဖွေနေတယ်၊ ခေါင်းဆောင်ကို့ဒီက အိမ်နီးချင်းနိုင်ငံ လာအိုကို ထွက်ပြေးတိမ်းရှောင်နေတယ်လို့ ယူဆရကြောင်း ဒုရဲချုပ်က ပြောပါတယ်။ သံသယရှိသူတွေအနေနဲ့ နိုင်းဝုဒ်တိဖုန်းရဲ့ နာမည်ထွက်လာပေမယ့် ဒီအုပ်စုက အာဏာရှင်ဆန့်ကျင်သော ဒီမိုကရေစီ သွေးစုညီညွတ်ရေး တပ်ဦး (ယူဒီဒီ)နဲ့ ဆက်သွယ်မှု ရှိ မရှိဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိဘူးလို့ ရဲက ပြောပါတယ်။ ယူဒီဒီထောက်ခံသူတွေကို ပုံမှန်အားဖြင့် ရက်ဒ်ရှပ်တ်လို့ ခေါ်ကြတယ်လို့ သိရပါတယ်။ သံသယရှိသူအုပ်စုဟာ ၀န်ကြီးချုပ်၊ ဗိုလ်ချုပ်ကြီး ပရာယုဒ် ကျန်အိုးချား၊ ဒု-ဝန်ကြီးချုပ်  ဗိုလ်ချုပ်ကြီး ပရဝစ်ဝုန်ဆုဝမ်း တို့ကို သတ်ဖို့ စီစဉ်ထားပြီး ဓမ္မကာယဘုန်းတော်ကြီးကျောင်းကို အာဏာပိုင်တွေ ရှောင်တခင် ရှာဖွေစစ်ဆေးစဉ် စစ်သားတွေ၊ ရဲတွေနဲ့ အခြားအာဏာပိုင်တွေကို တိုက်ခိုက်ဖို့ ခိုင်းစေခံထားရတယ်လို့ စုံစမ်းရေးရဲတွေရဲ့ အဆိုအရ သိရပါတယ်။ ရာဇဝတ်မှုကျူးလွန်ဖို့ ပူးပေါင်းဆောင်ရွက်တာ၊ စစ်ဖြစ်စေနိုင်တဲ့ လက်နက်တွေ၊ လက်နက်ကြီးတွေ လက်ဝယ်တွေ့ရှိမှု စတဲ့အမှုတွေအပါအဝင် အမှုပေါင်း အတော်များများအတွက် သံသယရှိသူ ၆ ဦးကို စီအက်စ်ဒီက အလိုရှိနေတယ်လို့ ဒုရဲချုပ်က ပြောပါတယ်။ “အရင်ဖမ်းမိထားတဲ့ သံသယရှိသူ တော်တော်များများက ဖရာဓမ္မကာယ ဘုန်းတော်ကြီးကျောင်းနဲ့ အနီးအနားက ကလောင်လူရန်ဈေးနားက ဖြစ်နေတာ ဘာကြောင့်လဲတော့ မသိဘူး” လို့ ရဲကပြောပါတယ်။ ပြီးခဲ့တဲ့အပတ်က ခရိုင် ၇ ခုက နေရာ ၉ နေရာကို ရှောင်တခင် စစ်ဆေးမှုအတွင်း စစ်လက်နက်ကြီးတွေအပါအဝင် လက်နက်အမြောက်အမြားတွေ့ခဲ့ပြီး သံသယရှိသူ ၉ ဦးကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးခဲ့တာပါ။ အခုအလိုရှိနေတဲ့ သံသယရှိသူ ၆ ဦးထဲက ခေါင်းဆောင် နိုင်းဝုဒ်တိဖုန်း တနည်းအားဖြင့် အနီရောင်ရေဒီယိုအုပ်စု (Red Radio) နဲ့ ဘုန်းကြီးကျောင်း ဘာမှဆက်စပ်မှုမရှိဘူးဆိုတာ ရဲတွေက ရှာဖွေတွေ့ရှိလို့ ဒီအုပ်စုရဲ့ အဓိကရည်ရွယ်ချက်က အာဏာပိုင်တွေရဲ့ ရှာဖွေစစ်ဆေးမှုလုပ်စဉ်အတွင်း ဆူပူမငြိမ်သက်မှုတွေ ဖြစ်စေချင်တာလို့ ဒုရဲချုပ်က ထပ်ပြောပါတယ်။ ဓမ္မကာယဘုန်းတော်ကြီးကျောင်းကလည်း နိုင်းဝုဒ်တိဖုန်း နဲ့ သူတို့ကျောင်းနဲ့ ဘာပတ်သက်မှုမှ မရှိဘူးလို့ မတ်လ ၂၁ ရက်က ငြင်းဆန်လိုက်သလို ဘုန်းတော်ကြီး ကျောင်းဝန်းထဲနဲ့ ပတ်ဝန်းကျင်မှာ လက်နက် သိမ်းဆည်းမိတယ်ဆိုတာမျိုး မီဒီယာတွေက သတင်းထုတ်ပြန်တာ မရှိဘူးလို့လည်း သိရပါတယ်။ လုပ်ကြံသတ်ဖြတ်မဲ့အစီအစဉ်နဲ့ လက်နက်တွေသိမ်းဆည်းမိတာကို လွန်စွာစိုးရိမ်ကြောင်းနဲ့ တချို့သတင်းဌာနတွေက ရှောင်တခင်စစ်ဆေးမှုအတွင်း လက်နက်ဒါဇင်ပေါင်းများစွာ သိမ်းဆည်းမိတယ်လို့ ထုတ်ပြန်ချိန်မှာ အချို့သတင်းဌာနတွေက လက်နက် ၁၀ မျိုးအောက် သိမ်းဆည်းရမိတယ်လို့ သတင်းထုတ်ပြန်ခဲ့လို့ ဒီလိုအကဲဆတ်တဲ့ ကိစ္စတွေကို မီဒီယာတွေရဲ့ ချဲ့ကား သတင်းထုတ်ပြန်မှုကိုလည်း စိုးရိမ်ကြောင်း ဝန်ကြီးချုပ်ပရာရွတ်က ပြောပါတယ်။ “ဒီလိုသတင်းမျိုးတွေကို မထုတ်ပြန်ရဘူးလို့ ကျနော်ဆိုလိုတာ မဟုတ်ပါဘူး၊ ဒါပေမယ့် သတင်းထုတ်ပြန်တဲ့အခါမှာ အချက်အလက် ခိုင်မာဖို့ လိုတယ်” လို့ ဝန်ကြီးချုပ် ပရာယုဒ်က ပြောခဲ့တာပါ။ ပြီးခဲ့တဲ့အပတ်စနေ တနင်္ဂနွေက သိမ်းဆည်းရမိတဲ့ အမ် ၁၆ ရိုင်ဖယ် တလက်ဟာ ၂၀၁၀ ခုနှစ် ဧပြီလက အဘီဆစ်အုပ်ချုပ်ရေးကို ရက်ဒ်ရှပ်တ်တွေရဲ့ ဆန့်ကျင်ဆန္ဒပြမှုအတွင်း နိုင်ငံတော်လက်နက်တွေ ခိုးခံထားရတဲ့အထဲက သေနတ်တစ်လက်ဖြစ်တယ်လို့ တရားရေးဝန်ကြီး ဆူဝါဖန်တန်ယုဗာဒနက ပြောလိုက်ပါတယ်။
5 years Ago
Up