ထိုင်းလူငယ်ဘောလုံးသမားများ

August 9, 2018

တောဝက်ဘောလုံးအသင်းဝင် လူငယ် ၅ ဦး ထိုင်းနိုင်ငံသားမှတ်ပုံတင် ရရှိ

လိုဏ်ဂူထဲပိတ်မိခဲ့တဲ့ တောဝက် အကယ်ဒမီဘောလုံးအသင်းက လူငယ် ၄ ဦးနဲ့  ဂူထဲပိတ်မိတဲ့အထဲမပါတဲ့ လူငယ် ၁ ဦး အပါအဝင် စုစုပေါင်း ၅ ဦးကို ဒေသခံအာဏာပိုင်တွေက ထိုင်းနိုင်ငံသားပြုခွင့်ပေးပြီး နိုင်ငံသားမှတ်ပုံတင် တပါတည်း ထုတ်ပေးခဲ့တယ်လို့  ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။ အဲဒီလူငယ် ၅ ဦးမှာ ၁။ ဘောလုံးအသင်းနည်းပြ ခို့စ်အေခ် ခေါ် နိုင်းအေကဖုန်း ကျန်ထဝုန်း (လက်ရှိ ရဟန်းဝတ်နေ)၊ ၂။ အဒွန်းလ် ဆာမ်အွန် (ဝ တိုင်းရင်းသားလူငယ်)၊ ၃။ မုန်းခုံးဘွန်းပြင်၊ ၄။ ဖွန်းချိုင်း ခမ်းလုံနဲ့  ၅။ ဂူထဲဝင်တဲ့အထဲ မပါဝင်တဲ့ တောဝက်ဘောလုံးအသင်းဝင် ဆုဖကစ် ပကိုင်းဟုန်တို့ပဲ ဖြစ်ကြပါတယ်။ သူတို့တွေဟာ ဂူထဲပိတ်မိခဲ့လို့ အထူးအနေနဲ့ နိုင်ငံသားပေးအပ်ခြင်းခံရတာ မဟုတ်ဘဲ  အရင်ကတည်းက နိုင်ငံသားဖြစ်ခွင့် လျှောက်ထားခဲ့သူတွေဖြစ်ပြီး ကိုယ်ရေးရာဇဝင် အချက်အလက်တွေ ပြန်ကြည့်ရာမှာ အဒွန်းလ်၊ မုန်းခုံး၊ ဖွန်းချိုင်းနဲ့ ဆုဖကစ်တို့ဟာ မယ်ဆိုင်မှာ မွေးဖွားခဲ့သူတွေဖြစ်လို့ နိုင်ငံသားဥပဒေ ပုဒ်မ ၇၊ အပိုဒ် ၂၃ အရ နိုင်ငံသားပေးလိုက်တာလို့  မယ်ဆိုင်မြို့နယ်မှူး နိုင်းဆုမ်ဆဒ် ခနားခမ်းက သြဂုတ် ၈ ရက် နိုင်ငံသားပဋိညာဉ်ပြုခြင်း အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် နည်းပြ ခို့စ်အေခ်မှာလည်း မယ်ဆိုင်ဆေးရုံမှာ မွေးဖွားကြောင်း အထောက်အထားရှိသလို ကွယ်လွန်သူ မိဘများမှာလည်း ထိုင်းမှာ မွေးဖွားသူတွေဖြစ်ကာ အကျင့်စာရိတ္တကောင်းမွန်သူ၊ လူမှုအကျိုးပြုလုပ်ငန်းတွေ ဆောင်ရွက်ခဲ့သူဖြစ်လို့ နိုင်ငံသားဖြစ်ခွင့် အချက်အလက်အားလုံးနဲ့ ကိုက်ညီနေတာလို့ ဆိုပါတယ်။ မနေ့က မယ်ဆိုင်မြို့နယ် အုပ်ချုပ်ရေးရုံးမှာ ကျင်းပသွားတဲ့ နိုင်ငံသားပဋိညာဉ်ပြုခြင်း အခမ်းအနားမှာ တောဝက်အကယ်ဒမီ ဘောလုံးအသင်းဝင် ရဟန်း ၁ ပါး၊ လူငယ် ၄ ဦး တို့ အပါအဝင် နိုင်ငံသားဖြစ်ဖို့ အချက်အလက်ပြည့်စုံသူ လူငယ် စုစုပေါင်း ၃ဝ ဦး (အသက် ၁၈ နှစ်အောက် ၂၈ ဦး၊ အသက် ၁၈ နှစ်အထက် ၂ ဦး) တို့ကို ထိုင်းနိုင်ငံသားမှတ်ပုံတင်တွေ ထုတ်ပေးခဲ့ပါတယ်။ လူငယ်အားလုံး ထိုင်းနိုင်ငံသား ဖြစ်သွားတဲ့အတွက် နိုင်ငံသားတိုင်းရဲ့ တာဝန်ဝတ္တရားကို သိရှိနားလည်ပြီး လူကောင်းလူတော်တွေဖြစ်အောင် ကြိုးစားဖို့၊ အများအကျိုးသယ်ပိုးဖို့၊ နိုင်ငံနဲ့ လူမျိုးကို ချစ်မြတ်နိုးပြီး နိုင်ငံတော်အပေါ် သစ္စာရှိဖို့ မြို့နယ်မှူးက သြဝါဒစကား ပြောကြားခဲ့ပါတယ်။ ထိုင်းနိုင်ငံသားဖြစ်ခွင့်ရသူ တောဝက်လူငယ်တွေထဲက နည်းပြခို့စ်အေခ်မှာ မြန်မာနိုင်ငံ ရှမ်းပြည်နယ် တာချီလိတ်ခရိုင်ဘက်က ရှမ်းလူမျိုးဖြစ်ပြီး နိုင်ငံသားမရခင်က မြန်မာနိုင်ငံကူး လက်မှတ် ကိုင်ဆောင်ထားရသူဖြစ်တယ်လို့ လွယ်ဝေါင်းကျောင်းတိုက် ဆရာတော်က သတင်းထောက်တွေကို ပြောပါတယ်။ ဝ တိုင်းရင်းသားလူငယ် အဒွန်းလ်မှာလည်း မိဘတွေက မြန်မာနိုင်ငံ ရှမ်းပြည်နယ် မိုင်းဆတ်ခရိုင် နားကောင်းမူးကျေးရွာဘက်ကဖြစ်ပြီး  ခရစ်ယာန်သာသနာပြု ဘုန်းတော်ကြီးတွေက ခေါ်ယူမွေးစားထားတာ ဖြစ်ပါတယ်။ မယ်ဆိုင်မြို့နယ်ဟာ မြန်မာနိုင်ငံ တာချီလိတ်နဲ့ ချောင်းတခုသာခြားတဲ့ နယ်စပ်မြို့ဖြစ်လို့ နှစ်နိုင်ငံပြည်သူတွေ ဥဒဟို ဝင်ထွက်သွားလာနေသလို မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားတွေလည်း အမြောက်အမြား ဝင်ရောက်လုပ်ကိုင်လျက် ရှိပါတယ်။ ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းက တောဝက် ဘောလုံးအသင်းဝင် လူငယ် ၁၃ ဦးဟာ မယ်ဆိုင်မြို့ ဒွိုင်နန်းနွန်းလိုဏ်ဂူကြီးထဲ လူငယ်ဘာဝ ဝင်ရောက်စူးစမ်းလေ့လာရင်း တောင်ကျချောင်းရေတွေ ကျလာတာကြောင့် ဂူထဲမှာ ပိတ်မိနေတဲ့တာပါ။ ဂူတွင်းပိတ်လူငယ်တွေ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းမှာ ပြည်တွင်းပြည်ပ ကယ်ဆယ်ရေးသမား အင်အား ၁ဝဝဝ ကျော် ခေတ်မီစက်ကိရိယာတွေ အသုံးပြုပြီး ရှာဖွေကယ်ဆယ်ခဲ့ရပါတယ်။ လူငယ် ၁၃ ဦးကို ခက်ခက်ခဲခဲ ရှာဖွေကယ်ဆယ်ခဲ့ရလို့ ကမ္ဘာ့သတင်းမီဒီယာတွေမှာ အရေးတယူ ဖော်ပြခံရတဲ့ ကယ်ဆယ်ရေးသတင်းကြီးလည်း ဖြစ်ခဲ့ပါတယ်။
5 years Ago
Up