ထိုင်းလုပ်သားများနှင့် အခွင့်အရေးတန်းတူရရေး ရွှေ့ပြောင်းအလုပ်သမားများ တောင်းဆို

June 20, 2015

ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားများအတွက် တီဗွီလိုင်းဖွင့်

ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား အလုပ်သမားတွေ သတင်းအချက်အလက် ပိုမိုရရှိရေးအတွက် ပုဂ္ဂလိက တီဗွီလိုင်းတခု စတင်ဖွင့်လှစ်လိုက်ပါတယ်။ အထူးသဖြင့် ဘန်ကောက်နဲ့ အနီးတ၀ိုက်က မြန်မာရွှေ့ပြောင်းသမားတွေအနေနဲ့ အန်ဂျီအို (အစိုးရမဟုတ်သောအဖွဲ့)၊ စီဘီအို (လူမှုအခြေပြုအဖွဲ့) တွေဆီကနေ လိုအပ်တဲ့ အချက်အလက်ရရှိမှု  အားနည်းနေသေးတာကြောင့် သတင်းအချက်အလက်တွေ ပိုမိုထိရောက်ဖို့  မြန်မာ-ထိုင်း ချစ်ကြည်ရေးလိုင်း (MTF Channel) အစီအစဉ်ကို စတင်လိုက်တာလို့ MTF ကုမ္ပဏီမန်နေဂျာ ခွန်ဝင်းက ဒီဗွီဘီကို ပြောပါတယ်။ “ရွှေ့ပြောင်းအလုပ်သမားတွေ သိသင့်သိထိုက်တဲ့ ထိုင်းသတင်းတွေကို မြန်မာလို ပြန်ကြေညာတယ်။ နောက်ပြီးတော့ ထိုင်း-မြန်မာအစိုးရ ဥပဒေအပြောင်းအလဲတွေ အလုပ်သမားတွေနဲ့ သက်ဆိုင်တဲ့ဟာကို ကျနော်တို့ ကြေညာပေးတယ်။ ဒီလိုင်းကို ထိုင်းနိုင်ငံမှာ တရားဝင်မှတ်ပုံတင်ပြီး ထုတ်လွှင့်နိုင်ဖို့ လွန်ခဲ့တဲ့ ၅ လလောက်ကတည်းက ပြင်ဆင်ခဲ့ပါတယ်။  ဒီဇွန်လဆန်းက စပြီး စမ်းသပ်ထုတ်လွှင့်နေပါတယ်။” ဒီအစီအစဉ်ကို စတင်ထူထောင်သူမှာ မြန်မာနိုင်ငံသား ၄ ဦးနဲ့  ထိုင်းရှေ့နေများကောင်စီ အဖွဲ့ဝင်တွေပါ ပါဝင်ပြီး မတည်ငွေ ဘတ် ၄ သန်းကို အဖွဲ့ဝင် ၇ ဦးက အစုရှယ်ယာ ထည့်ဝင်ကြတယ်လို့ သူကဆက်ပြောပါတယ်။ လောလောဆယ် ထွက်ငွေသာရှိပြီး ၀င်ငွေမရှိသေးပေမယ့် နောက်နောင် အစီအစဉ်ကို တိုးမြှင့်ပြီးတဲ့အခါ ကြော်ငာတွေကနေ ၀င်ငွေပြန်ရမယ်လို့ မျှော်လင့်တယ်လို့ ဆိုပါတယ်။ အစီအစဉ်တိုးမြှင့်ဖို့ ၀န်ထမ်းတွေလည်း လိုအပ်လျက်ရှိပြီး လျှောက်ထားသူမှာ အဓိက ထိုင်း-မြန်မာ ၂ ဘာသာကို ကောင်းစွာ ဘာသာပြန်ဆိုနိုင်သူ၊ တက္ကသိုလ်မှ ဘွဲ့ရပြီးသူ၊ နိုင်ငံကူးလက်မှတ်ရှိသူနဲ့ ကုမ္ပဏီမှာ အလုပ်ရရင် စီးပွားရေးဗီဇာနဲ့ နေခွင့်ရရေးပါ ဆောင်ရွက်ပေးမယ်လို့ သိရပါတယ်။ လစာမှာ အစမ်းခန့်ကာလ ၃ လအတွင်း တလ ဘတ် ၁ သောင်း ၅ ထောင်၊ အတည်ခန့်လိုက်ရင် တလ ဘတ် ၂ သောင်းခွဲပေးမယ်လို့ ခွန်ဝင်းက ပြောပါတယ်။ MTF ရုပ်မြင်သံကြားအစီအစဉ်ကို ထိုင်းနိုင်ငံမှာ ဒီဂျစ်တယ်လ် လိုင်းနံပါတ် (ချန်နယ်လ်) ၆၆ မှ ဖမ်းယူကြည့်ရှုနိုင်သလို ဖေ့စ်ဘုတ်စာမျက်နှာ  https://www.facebook.com/mtftv?fref=ts (MTF Channel) ကနေလည်း ဝေဖန်အကြံပေးနိုင်တယ်လို့ ဆိုပါတယ်။ ချန်နယ်လ် ၆၆ မှာ မြန်မာဘာသာတမျိုးတည်းသာ ထုတ်လွှင့်ပြီး သတင်းအပြင် မြန်မာ့ရုပ်ရှင်၊ တီဗွီဇာတ်လမ်းတွဲ၊ တေးသီချင်းတွေပါ ပြသပေးနေတယ်လို့ ကုမ္ပဏီမန်နေဂျာက ပြောသွားပါတယ်။
6 years Ago

June 13, 2015

ရွှေ့ပြောင်းအလုပ်သမားများအတွက် ရေဒီယိုအစီအစဉ် ပြန်လွှင့်ခွင့်ရရန် တောင်းဆို

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအတွက် အက်ဖ်အမ်ရေဒီယိုလိုင်းကနေ သတင်းနဲ့ ပညာပေးအစီအစဉ်တွေ ထုတ်လွှင့်ပေးနေတဲ့ မက်ပ်ရေဒီယိုအစီအစဉ် ပြန်လွှင့်ခွင့်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။ မက်ပ်ရေဒီယိုအစီအစဉ်ဟာ ထိုင်းစစ်ကောင်စီ အစိုးရတက် လာပြီးတဲ့နောက် ပိတ်ပင်ခံထားရတဲ့ လူထုအက်ဖ်အမ်ရေဒီယိုအစီအစဉ်တော်တော်များများနဲ့အတူ ပိတ်ပင်ခံထားရတာကြောင့် အလုပ်သမားတွေအတွက် သတင်းရယူရေး အခက်အခဲဖြစ်နေပါတယ်။ ဒီအကြောင်းတွေကို ဇွန်လ ၁၂ ရက်နေ့မှာ ကျရောက်တဲ့ မက်ပ်ရေဒီယိုရဲ့ ၁၁ နှစ်မြောက် အခမ်းအနားမှာ အလုပ်သမားအရေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေ၊ အလုပ်သမားတွေပါ လာရောက်တွေ့ဆုံပြီး အစိုးရဆီ တောင်းဆိုစာတစောင် ပေးပို့ခဲ့တယ်လို့ မက်ပ်ရေဒီယိုက ထုတ်လွှင့်ရေးမှူး စိုင်းတုမ်မောက်ဟန်က ဒီဗွီဘီကို ပြောပါတယ်။ “ကျနော်တို့ ရေဒီယိုအစီအစဉ် အပိတ်ခံထားရတာ ၁ နှစ်ရှိပါပြီ။ ပြန်ကြားရေးဌာနက တောင်းထားတဲ့ လိုအပ်ချက်တွေလည်း ပို့ထားပြီးပြီ။ ဒါပေမယ့် ခွင့်ပြုချက်မရသေးဘူး။ ဒီကနေ့လည်း နောက်ထပ်စာတစောင် ပေးပို့လိုက်ပါတယ်။ အလုပ်သမားတွေက နေ့စဉ်သတင်းအချက်အလက်ရရှိဖို့ အရေးကြီးတယ်။ အခုဆို ပန်းရောင်ကတ်လက်မှတ်သက်တမ်းတိုးတာ နောက်ဆုံးလ၊ ပြီးတော့ ရွေးကောက်ပွဲကျရင် အိမ်ပြန်ဖို့ ဘာတွေလိုသလဲ ဆိုတဲ့အချက်တွေ မသိသေးတဲ့လူတော်တော်များများရှိနေတယ်။” ကနေ့အိုင်တီခေတ်မှာ လက်ကိုင်ဖုန်းနဲ့ ဖေ့စ်ဘုတ်အင်တာနက်တွေကနေ သတင်းအချက် အလက်တွေ အလွယ်တကူ ရယူနိုင်ပေမယ့် အဲဒီစနစ်ကို အလှမ်းမမီနိုင်သေးတဲ့ အလုပ်သမားတွေ တော်တော်များများ ရှိနေပြီး ထိုင်းနိုင်ငံထဲမှာ မြန်မာဘာသာ၊ တိုင်းရင်းသားဘာသာတွေနဲ့ ထုတ်လွှင့်တဲ့ ရေဒီယိုအစီအစဉ်လည်း အင်မတန်နည်းနေ တာကြောင့် ရေဒီယိုအစီအစဉ်ကို အမြန်ဆုံးပြန်ဖွင့်စေလိုတယ်လို့ ဆိုပါတယ်။ ထိုင်းနိုင်ငံ ချင်းမိုင်မှာ ကျင်းပခဲ့တဲ့ မက်ပ်ရေဒီယို ၁၁ နှစ်ပြည့်အခမ်းအနားမှာ ရှမ်းအမျိုးသမီးအဖွဲ့၊ ရွှေ့ပြောင်းအလုပ်သမားအဖွဲ့၊ ဘာသာရေးဝတ်ပြုအဖွဲ့၊ အမျိုးသမီးစွမ်းရည်မြှင့် တင်ရေးအဖွဲ့၊ ရှမ်းစာပေယဉ်ကျေးမှုအဖွဲ့က ရေဒီယိုဒီဂျေ အစီအစဉ်ထုတ်လွှင့်သူတွေပါ တက်ရောက်လာပြီး လူထုအက်ဖ်အမ် ရေဒီယိုရဲ့ အကျိုးကျေးဇူးနဲ့ ရေဒီယို ရပ်နားထားရတဲ့အတွက် ရွှေ့ပြောင်းအလုပ်သမားတွေပေါ် သက်ရောက်မှုအကြောင်းတွေ ဆွေးနွေးခဲ့ပါတယ်။ မက်ပ်ရေဒီယိုဟာ အလုပ်သမားကျန်းမာရေးနဲ့ပညာပေးအစီအစဉ် (မက်ဖောင်ဒေးရှင်း) ရဲ့ လုပ်ငန်းစဉ်တွေထဲက တခုဖြစ်ပြီး ချင်းမိုင်က အက်ဖ်အမ် 99 MHz မှာ မြန်မာဘာသာ၊ ရှမ်းဘာသာတွေနဲ့ ထုတ်လွှင့်ကာ မဲဆောက်မှာတော့ အက်ဖ်အမ် 102.5 MHz ကနေ မြန်မာဘာသာနဲ့ ထုတ်လွှင့်ပေးခဲ့ပါတယ်။ ရေဒီယိုအစီအစဉ် ပြန်လည်ထုတ်လွှင့်ခွင့်မရသေးပေမယ့် အွန်လိုင်းပေါ်ကနေတော့ http://www.mapradio.org/ ကနေ ဖမ်းယူနားဆင်နိုင်တယ်လို့ မက်ပ်ဖောင်ဒေးရှင်းက ပြောပါတယ်။ [gallery ids="97552,97553,97554,97555,97556"]
6 years Ago
Up