ထိုင်းလိုင်းကားသမား

July 20, 2018

အထောက်အထားမဲ့ မြန်မာ ၅ ဦးတင်ဆောင်သူ ထိုင်းလိုင်းကားသမား ဖမ်းဆီးခံရ

ထိုင်းမြောက်ပိုင်း၊ လမ်းပွန်းခရိုင်ထဲမှာ မနေ့က အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်း လုပ်သား ၅ ဦးကို ကားနဲ့ တင်ဆောင်လာတဲ့ ထိုင်းဒရိုင်ဘာ ၁ ဦး၊ မြန်မာ ၁ ဦးတို့နဲ့အတူ ဖမ်းဆီးမိခဲ့တယ်လို့  ချယ်နယ် ၈ ထိုင်း ရုပ်သံသတင်းမှာ ဖော်ပြပါတယ်။ လမ်းပွန်းခရိုင် နယ်မြေခံစစ်တပ်၊ ရဲ နဲ့ အုပ်ချုပ်ရေးပိုင်းတွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ နယ်မြေတွင်း ရာဇ၀တ်မှု ပပျောက်ရေးအတွက် နောင်လောင့်မြို့နယ် ၀မ်းဖန်းအုပ်စု လိ-မုန့်ဒွန်သွား  ကားလမ်းမပေါ် စစ်ဆေးစောင့်ကြပ်စဉ် အနီရောင်လိုင်းကားတစီး ၀င်လာကြောင်း၊ .ယာဉ်မောင်းမှာ အသက် ၆၂ နှစ်ရှိ နိုင်းအနန်ဆိုင်ရိုင်ဆိုသူဖြစ်ပြီး ယာဉ်မောင်းဘေးမှာ အသက် ၁၉ နှစ်ရွယ် အောင်လူဆိုသူ မြန်မာလုပ်သား ၁ ဦးလည်း လိုက်ပါလာတယ်လို့ ဆိုပါတယ်။ သူတို့ကို မေးမြန်းရာမှာ လမ်းယိုင်းသီးတွေဆွတ်ခူးဖို့ အလုပ်သမားတွေ သွားပို့တာလို့ ဆိုပါတယ်။ ကားနောက်ခန်းမှာ အသက် ၁၉ နှစ်မှ ၃၅ နှစ်ကြား လူရွယ် ၅ ဦး လိုက်လာတာတွေ့ရပြီး မှတ်ပုံတင် အထောက်အထားတစုံတရာမရှိကြောင်း၊ ဒါကြောင့် သူတို့ ၅ ဦးကို နိုင်ငံထဲ တရားမ၀င် ၀င်ရောက်မှုနဲ့ အရေးယူဖို့ ဖမ်းဆီးထားပြီး ယာဉ်မောင်းနဲ့ မြန်မာလုပ်သား ၁ ဦးတို့မှာလည်း တရားမ၀င်သူတွေ ခေါ်ဆောင်လာမှုနဲ့ အရေးယူခံရမယ်လို့ တာဝန်ကျ ရဲဝန်ထမ်းက ပြောပါတယ်။
3 years Ago
Up