ထိုင်းလိဂ်

November 28, 2018

ထိုင်းလိဂ် ၁ ကလပ် ချောင်ဘူရီအသင်းသို့ စည်သူအောင် ပြောင်းရွှေ့ကစားမည်

မြန်မာ့လက်ရွေးစင်နဲ့ ရတနာပုံကစားသမား စည်သူအောင်ဟာ လာမယ့်ရာသီမှာ ထိုင်းလိဂ် ၁ ကလပ် ချောင်ဘူရီအသင်းကို ပြောင်းရွှေ့ကစားမှာဖြစ်တယ်လို့ ရတနာပုံအသင်းက ကြေညာလိုက်ပါတယ်။ အဲဒီမတိုင်ခင်ကတည်းက ချောင်ဘူရီအသင်း တရားဝင် ဖေ့စ်ဘွတ်ခ် စာမျက်နှာကနေ အသင်းနည်းပြက စည်သူအောင်ကို ခေါ်ယူနိုင်ခဲ့ပြီလို့ ပြောကြားခဲ့ပါတယ်။ စည်သူအောင်အနေနဲ့ ချောင်ဘူရီအသင်းကို တရာသီ အငှားစာချုပ်နဲ့ သွားရောက် ကစားမှာဖြစ်ပြီး လာမယ့်ရက်ပိုင်းအတွင်း ဆေးစစ်မှု ပြုလုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ချောင်ဘူရီအသင်းအနေနဲ့ စည်သူအောင်အတွက် ထိုင်းနိုင်ငံအတွင်း အသုံးပြုသွားလာဖို့ ကားတစီး၊ နေစရာအိမ်၊ လေယာဉ်လက်မှတ်နဲ့ လစာတို့ကို စီစဉ်ပေးမှာဖြစ်ပြီး လုပ်ခလစာ ပမာဏကိုတော့ အတည်ပြုပြောကြားတာ မရှိသေးပါဘူး။ “တကယ့်ကို စိတ်လှုပ်ရှားစရာကောင်းတဲ့ အခြေအနေပါ။ ချောင်ဘူရီဆိုတာ အသင်းကြီးတသင်းပါ။ ရရှိလာတဲ့ အခွင့်အရေးအတွက် ကြိုးစားသွားမှာပါ” လို့ အသင်းရဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာကနေ စည်သူအောင်က ပြောကြားခဲ့ပါတယ်။ စည်သူအောင်ဟာ ရတနာပုံအက်ဖ်စီ အသင်းဆီကို ၂၀၁၄ ခုနှစ်မှာ ရန်ကုန်ယူနိုက်တက် အသင်းကနေ ပြောင်းရွှေ့ ရောက်ရှိလာတဲ့ ကစားသမားတဦးဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၈ မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲမှာ ရတနာပုံအသင်းအတွက် ၁၀ ဂိုးအထိ သွင်းယူပေးခဲ့ပါတယ်။ လာမယ့်နှစ် ဘောလုံးရာသီမှာ စည်သူအောင်အပြင် တခြား မြန်မာကစားသမားတွေ ထိုင်းလိဂ်ကို သွားရောက်ကစားဖို့ ရှိပါတယ်။ လိဂ် ၁ ကလပ် ရတ်ချန်ဘူရီအသင်းဟာ ရတနာပုံကပဲ လက်ရွေးစင်နောက်ခံလူ သိန်းသန်းဝင်းကို ခေါ်ယူမှာဖြစ်ပြီး အောင်သူနဲ့ ဇော်မင်းထွန်းတို့ဟာလည်း ထိုင်းကလပ်တွေဆီ ပြောင်းရွှေ့ကစားမှာ ဖြစ်ပါတယ်။
2 years Ago

August 11, 2018

ထိုင်းလိဂ် -၁ Police tero နှင့် မြန်မာယူ-၂၃ အသင်း ခြေစမ်းပွဲ ကစားမည်

မြန်မာယူ-၂၃ အသင်းဟာ ဒီနေ့ မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲမှာ ထိုင်းလိဂ်(၁) Police tero အသင်းနဲ့ ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ လေ့ကျင့်မှုတွေ ပြုလုပ်နေပြီး ခြေစမ်းပွဲတွေ ကစားနေတဲ့ မြန်မာယူ-၂၃ အသင်းဟာ နောက်ဆုံး ခြေစမ်းပွဲအဖြစ် Police tero အသင်းရဲ့ အိမ်ကွင်းမှာ သွားရောက်ယှဉ်ပြိုင် ကစားမှာ ဖြစ်ပါတယ်။ မြန်မာယူ-၂၃ အသင်းဟာ အခုခြေစမ်းပွဲပြီးရင် အားရှအာကစားပြိုင်ပွဲအတွက် အပြီးသတ်ကစားသမား အယောက် ၂ဝ စာရင်းကို ထုတ်ပြန်ကြေညာမှာ ဖြစ်ပါတယ်။ ၂၀၁၈ အာရှအားကစားပြိုင်ပွဲ အုပ်စု (အက်ဖ်) မှာ မြန်မာအသင်းဟာ မြောက်ကိုရီးယား၊ ဆော်ဒီအာရေဗျ၊ အီရန်တို့နဲ့ ရင်ဆိုင်ရမည်ဖြစ်သည်။ အာရှအားကစားပြိုင်ပွဲ ယှဉ်ပြိုင်ဖို့ မြန်မာအသင်းဟာ အင်ဒိုနီးရှားနိုင်ငံကို သြဂုတ် ၁၂ ရက်နေ့ သွားရောက်မှာ ဖြစ်ပါတယ်။ အာရှအားကစားဘောလုံးပြိုင်ပွဲ အမျိုးသားဘောလုံးပြိုင်ပွဲကို အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာနဲ့ ပလန်ဘမ်းမှာ သြဂုတ် ၁၄ ကနေ စက်တင်ဘာ ၁ ရက်ထိ ကျင်းပမှာ ဖြစ်ပါတယ်။
3 years Ago
Up