ထိုင်းရဲပြော (ရုပ်သံ)

December 11, 2016

ချုံပုတ်ထဲ အဓမ္မပြုကျင့်ခံရသည့် သြစတြေးလျအမျိုးသမီးအမှု ဆေးစစ်ချက်စောင့်နေဟု ထိုင်းရဲပြော (ရုပ်သံ)

ထိုင်းသုံးဘီးအငှားယာဉ်မောင်းသမားနဲ့ နောက်တဦးတို့ရဲ့ မတရားကျင့်ကြံခဲ့ရတယ်ဆိုတဲ့ သြစတြေးလျ အမျိုးသမီးရဲ့ စွပ်စွဲချက်နဲ့ပတ်သက်ပြိး ဆေးစစ်ချက်တွေကို စောင့်ဆိုင်းနေတယ်လို့ ထိုင်းရဲက ပြောကြောင်း ဒီဇင်ဘာလ ၁၀ ရက်နေ့ ဘန်ကောက်ပို့စ် သတင်းမှာ ဖော်ပထားပါတယ်။ ဒီဇင်ဘာလ ၅ ရက်နေ့ မနက် ၄ နာရီလောက်မှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့၊ တလင်းချန်ခရိုင်၊ ဘိုရိုမရက်ချွန်နာနီ ၄၃ လမ်းပေါ်က လူမနေထိုင်တဲ့ အဆောက်အဦနားရှိ ချုံပုတ်ထဲမှာ သုံးဘီးဒရိုင်ဘာနဲ့ နောက်အမျိုးသားတဦးဟာ သူမကို မုဒိမ်းကျင့်ခဲ့တယ်လို့ တလင်းချန်ရဲဌာနမှာ သြစတြေးလျအမျိုးသမီးက တိုင်ကြားထားတာပါ။ အခင်းဖြစ်ပွားရာနေရာအနီးက စီစီတီဗွီကင်မရာတွေမှာ အခင်းဖြစ်ပွားခဲ့ချိန်အတွင်း ရရှိထားတဲ့ ရုပ်သံတွေကို စစ်ဆေးကြည့်ရှု့ခဲ့တယ်လို့ မက်ထရိုပိုလီတန်ရဲဌာနရဲ့ အကြီးအကဲဖြစ်သူ ဆနစ်မဟာသဗွန်က ဒီဇင်ဘာလ ၁၀ ရက်နေ့က ပြောကြားလိုက်ပါတယ်။ ဖမ်းယူရိုက်ကူးထားတဲ့ ရုပ်သံတွေမှာ အခင်းဖြစ်ပွားချိန်အတွင်း သုံးဘီးစုစုပေါင်း အစီး ၂၀ ဘန်ကောက်မြို့ရဲ့ ဖရာနခွန်ခရိုင်မှ ပင်ကလာအိုတံတားတလျှောက် သွန်ဘူရီဒေသဘက်ကို ဖြတ်သန်းသွားလာခဲ့ကြောင်း စုစုပေါင်း သုံးဘီးဒရိုင် ၅ ဦးဟာ မုဒိမ်းကျင့်ခံရတယ်လို့ စွပ်စွဲတဲ့ နေရာကို ဖြတ်သန်းခဲ့ကြောင်း သိခဲ့တယ်လို့ ရဲကဆိုပါတယ်။ စုံစမ်းစစ်ဆေးသူတွေမှ အခင်းဖြစ်ရာနေရာကို ဖြတ်သွားခဲ့တဲ့ ဒရိုင်ဘာ ၅ ဦးထဲမှာ ဘယ်သူက ဒီအခင်းဖြစ်ပွားမှုမှာ ပါဝင်ပတ်သက်နေသလဲ၊ ဘယ်သူတွေက မပါဘူးလဲဆိုတာ စုံစမ်းကြမှာပါ။ သုံးဘီးဒရိုင်ဘာ ၅ ဦးလုံးရဲ့ နောက်ခံအကြောင်းတွေကို စစ်ဆေးနေတယ်လို့ ဒေးလီးနယူးစ် အွန်လိုင်းသတင်းမှ ဖော်ပြထားပါတယ်။ ရဲအရာရှိဖြစ်သူ ဆနစ်က စီစီတီဗွီကင်မရာထဲမှာ ဒီဇင်ဘာလ ၅ ရက်နေ့လောက်မှာပဲ နိုင်ငံခြားခရီးသွားတွေ အသွားအလာများတဲ့ ဖရာနခွန်ခရိုင်ထဲရှိ ခါအိုဆန်လမ်းပေါ်မှာ သြစတြေးလျအမျိုးသမီးဟာ နိုင်ငံခြားသားအမျိုးသားတဦးနဲ့ လမ်းလျှောက်ခဲ့ကြောင်း၊ ၁ နာရီလောက်ကြာပြီးနောက် သူတို့စုံတွဲကို မီတာ ၄၀၀ လောက်အကွာမှာရှိတဲ့ ကော့ခ်ဝူရလမ်းဆုံမှာ တွေ့ခဲ့တယ်လို့ ပြောခဲ့ပါတယ်။ မြို့တော်ရဲ့ ရဲချုပ်က စီစီတီဗွီထဲမှာ မပေါ်တဲ့ ၁ နာရီအတောအတွင်း သြစတြေးလျအမျိုးသမီးနဲ့ နိုင်ငံခြားသား အမျိုးသားဟာ ဘယ်သွားနေလဲဆိုတာ ရဲ က သိချင်တယ်လို့ ဆိုပါတယ်။ ဆေးစစ်ချက်သိရှိရန် ၂ ပတ်လောက်ကြာမယ်လို့ ရဲချုပ်က ပြောလိုက်ပြီး အကယ်၍ အမျိုးသမီးဘက်မှ မှားယွင်းတိုင်ကြားပါက ရဲတွေက အမျိုးသမီးကို ပြန်လည်တရားစွဲဆိုသွားမယ်လို့လည်း ရဲချုပ်က ထပ်ဖြည့်ပြောလိုက်ပါတယ်။ ဒီအမျိုးသမီးရဲ့ တိုင်တန်းချက်နဲ့ပတ်သက်ပြီး ကွဲလွဲချက်တွေတွ့ရကြောင်း တလင်းချန်ရဲဌာနရဲ့ အကြီးအကဲက ပြောလိုက်ပါတယ်။ ဒီဇင်ဘာလ ၅ ရက်မှာ ရဲဌာနတွင် အမျိုးသမီး အမှုလာရောက်တိုင်ကြားစဉ်ကလည်း အမျိုးသမီးရဲ့ကိုယ်ခန္ဓာပေါ်မှာ ဘာဒဏ်ရာဒဏ်ချက်မှ မတွေ့ခဲ့ရဘူးလို့လည်း ထိုင်းသတင်းဌာနက ရေးသားထုတ်ပြန်ထားပါတယ်။
5 years Ago
Up