ထိုင်းရဲတွေ့ရှိ

February 4, 2017

ဖမ်းဆီးမိသည့် မသန်စွမ်း သူတောင်းစားတဦးထံမှ ဘတ်ငွေ ၁ သိန်း ထိုင်းရဲတွေ့ရှိ

ထိုင်းဘုရားပွဲတခုအတွင်း သက်ကြီးရွယ်အို မသန်စွမ်း သူတောင်းစားတဦးဆီမှာ ဘတ်ငွေ ၁ သိန်း ရှိနေတာကို တွေ့ရှိခဲ့ရလို့ ဖူးခက်ရဲတွေ အံ့အားသင့်ခဲ့ကြပါတယ်။ ဒီအဖြစ်အပျက်ဟာ ဖေဖော်ဝါရီ ၁ ရက်နေ့က ဖြစ်ခဲ့တာဖြစ်ပြီး သတင်းအရ အိမ်ခြေယာမဲ့တွေနဲ့ တောင်းရမ်းစားသောက်နေသူတွေဟာ လမ်းမတွေပေါ်မှာ ပျံ့နှံ့နေပြီး ကမ္ဘာလှည့်ခရီးသည်တွေကို အနှောင့်အယှက်ဖြစ်စေတယ်လို့ သိရတဲ့အတွက် ရဲတွေက ရှောင်တခင် သွားရောက်ဖမ်းဆီးခဲ့တာပါ။ အဲဒီအချိန်မှာ ဖမ်းမိခဲ့တဲ့ အသက် ၆၇ နှစ်အရွယ် မသန်စွမ်းအဖိုးအိုဆီမှာ ဘတ်ငွေ ၁ သိန်းကို ခုလို စစ်ဆေးတွေ့ရှိခဲ့ကြတာပါ။ ရဲတွေဟာ သူ့ဆီမှာ မှတ်ပုံတင်တခုကိုလည်း တွေ့ရှိခဲ့ပြီး သူဟာ ဖူးခက်ဒေသခံတဦး ဖြစ်တယ်လို့ ဆိုပါတယ်။ အဖိုးအိုရဲ့ အမည်ကိုတော့ ဖော်ပြထားခြင်းမရှိဘဲ သူဟာ ဝပ်ချိုင်ရာသရာရမ်ဒေသမှ ဖြစ်တယ်လို့ Coconuts သတင်းတပုဒ်မှာ ဖော်ပြပါတယ်။ သူ့ဆီမှာ ဘတ် ၂၀ တန် ငွေစက္ကူ တန်ဖိုး ၁ သောင်းနဲ့ အကြွေစေ့တွေထည့်ထားတဲ့ တောင်းရမ်းရာမှာ အသုံးပြုတဲ့ အိတ်စုစုပေါင်း ၁၃ လုံးထဲမှာ ဘတ်ငွေ ၁ သိန်းထိ ရှိနေတာကို စစ်ဆေးတွေ့ရှိခဲ့ကြတာပါ။ အဖိုးအိုက သူဟာ ဧည့်သည်တွေဆီက တောင်းရမ်းတာအပြင် အမှိုက်ပုံတွေထဲက ကောက်လာတဲ့ ပစ္စည်းတွေကို ရောင်းချရာကနေ ခုလိုရရှိထားတာဖြစ်ပြီး ခိုးယူခံရမှာ စိုးရိမ်စိတ်နဲ့ ကိုယ်နဲ့တပါတည်း သယ်ဆောင်ထားတာဖြစ်တယ်လို့ ပြောပါတယ်။ ရဲတွေဟာ သူ့ကို ဘဏ်တခုမှာ ငွေစာရင်းဖွင့်ပေးခဲ့ပြီး ဖူးခက်မြို့၊ မစ်မိုင်ထရီ အိမ်ခြေရာမဲ့ ဂေဟာတခုဆီ ပို့ဆောင်ကာ ဆွေမျိုးသားချင်းတွေနဲ့ ဆုံတွေ့ပေးနိုင်ဖို့ ကူညီသွားမယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
4 years Ago
Up