ထိုင်းရဲတပ်ဖွဲ့

July 26, 2019

ထိုင်းရဲပစ်ခတ်၍ သေဆုံးခဲ့သည့် ရွာသားအလောင်းကို သယ်ဆောင်ပြီး ဆန္ဒပြ

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင် မြန်မာနယ်စပ် ဝိန်းဟိုင်မြို့နယ် ပိန်းလုံအုပ်စု ဟွေ့ခိုက်မိုင် ကျေးရွာမှာ ပြီးခဲ့တဲ့ရက်ပိုင်းက နိုင်းကျကျည်း ကျအောဆိုသူ လားဟူရွာသားတဦး ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့တာနဲ့ပတ်သက်ပြီး ဖြစ်ရပ်မှန် စုံစမ်းစစ်ဆေးဖို့နဲ့ တရားမျှတမှု ရရှိရေးအတွက် ရွာသားတွေဟာ ဒီနေ့မနက် ၈ နာရီက သေသူရဲ့အလောင်းကို မြို့နယ်ရုံး သယ်ဆောင်ပြီး ဆန္ဒပြ တောင်းဆိုခဲ့ပါတယ်။ ဝိန်းဟိုင်နယ်မြေ ရဲစခန်းက ရဲတွေဟာ စုံစမ်းမေးမြန်းတာတွေ မလုပ်ဘဲ နိုင်းကျကျည်းကို မူးယစ်ဝရမ်းပြေးလို့ သတင်းလွှင့်ခဲ့တာ၊ အလောင်းကိုရွှေ့ပြီး အနီးမှာ သေနတ်လာထားတာ၊ သေသူရဲ့မိခင်ကို ဆောင့်တွန်းပြီး ခြေထောက်နဲ့ ကန်တာတွေဟာ လူ့အခွင့်အရေး အပြင်းအထန် ချိုးဖောက်တာဖြစ်ကြောင်း၊ လက်ရှိ ရွာသားတွေမှာ ကြောက်စိတ်တွေနဲ့ စိတ်ဒဏ်ရာ ရနေကြတာကြောင့် အမြန်ဆုံး အမှုမှန် စုံစမ်းဖော်ထုတ်ပေးဖို့၊ ပစ်ခတ်မှု ကျူးလွန်သူ ရဲတပ်ဖွဲ့ဝင်ကို ပြောင်းရွှေ့ဖို့ ပိုစတာတွေပါ ကိုင်ဆောင်ပြီး တောင်းဆိုကြပါတယ်။ လာရောက်ဆန္ဒပြတဲ့ ရွာသားတရာကျော်ကို ဝိန်းဟိုင်မြို့နယ် အုပ်ချုပ်ရေးမှူး နိုင်းကျီရချတ် ဆွေ့တကွန်က လက်ခံတွေ့ဆုံပြီး တရားအမျှတဆုံးဖြစ်အောင် ဆောင်ရွက်ပေးသွားမယ်လို့ ပြောပါတယ်။ ရွာသားတွေက သူတို့တောင်းဆိုချက်တွေကို ဝိန်းဟိုင်မြို့နယ် အုပ်ချုပ်ရေးရုံးတင်မကဘဲ ချင်းမိုင်ခရိုင် အုပ်ချုပ်ရေးရုံး၊ အမှတ် ၅ တိုင်းဒေသရဲတပ်ဖွဲ့၊ ထိုင်းအမျိုးသားရဲတပ်ဖွဲ့၊ တရားရေးဝန်ကြီးဌာနနဲ့ ထိုင်းရှေ့နေများကောင်စီ စတဲ့ အဖွဲ့အစည်းတွေဆီပါ ပေးပို့ထားပါတယ်။ အမှတ် ၅ တိုင်းဒေသရဲတပ်ဖွဲ့က တိုင်းရဲမှူးကြီး မွန်တရီ ဆမ်ဘွန်းနားနွန်း ကိုယ်တိုင်လည်း မြို့နယ်ရုံးသို့ ရောက်ရှိလာကာ ဖြစ်ရပ်မှန်ဖော်ထုတ်ဖို့ ရွာသားတွေနဲ့ တွေ့ဆုံမေးမြန်းမှုတွေ ပြုခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၂၃ ရက်နေ့က ဝိန်းဟိုင်ရဲစခန်းက ဒုစခန်းမှူး အပါအဝင် ရဲတပ်ဖွဲ့ဝင် ၆ ဦးဟာ နယ်မြေတွင်း ရာဇဝတ်မှုပပျောက်ရေး နယ်လှည့်စစ်ဆေးစဉ် မသင်္ကာဘွယ် ရွာသားနှစ်ဦးက ဆိုင်ကယ်စီးလာတာကို တွေ့လို့ စစ်ဆေးဖို့ ရပ်တန့်ခိုင်းကြောင်း၊ ရွာသားတဦးက ထွက်ပြေးပြီး တဦးက ရဲကို သေနတ်နဲ့ပစ်လို့ ရဲက ပြန်ပစ်ခတ်ရာမှာ သေဆုံးသွားတာလို့ ရဲဘက်က ပြောပါတယ်။ အခင်းဖြစ်တဲ့နေရာကို ရွာသားပေါင်း ၂၀၀ ကျော် ရောက်လာပြီး ရဲတွေကို ပိတ်ဆို့ရိုက်နှက်လို့ ဒုစခန်းမှူးနဲ့ ရဲတပ်ကြပ်တဦးတို့ ဒဏ်ရာရခဲ့ပါတယ်။ သေဆုံးသူမှာ အရင်က ချင်းမိုင်ခရိုင် နားဝိုင်ရဲစခန်းကနေ စိတ်ကြွဆေးပြား လက်ဝယ်တွေ့ရှိမှု၊ လက်နက်ကိုင်ဆောင်မှုတွေနဲ့ အမှုဖွင့်ပြီး ခရိုင်တရားရုံးက ဖမ်းဝရမ်းထုတ်ထားသူ တဦးဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
2 years Ago

February 13, 2017

ထိုင်းရဲတပ်ဖွဲ့တွင်း ခေတ်မမီတော့သည့် လက်နက်များအစား သေနတ်သစ်များ အသုံးပြုသွားမည် (ရုပ်သံ)

ထိုင်းရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ ခေတ်မမီတော့တဲ့ လက်နက်တွေအစား သေနတ်သစ်တွေနဲ့ အစားထိုး အဆင့်မြှင့်တင် အသုံးပြုသွားမှာဖြစ်တယ်လို့ ထိုင်းသတင်းအေဂျင်စီ သတင်းတပုဒ်မှာ ဖေဖော်ဝါရီ ၁၂ ရက်နေ့က ဖော်ပြပါတယ်။ ဒါဟာ နောက်ဆုံးအဆင့်မြှင့်တင်ခဲ့ချိန်ကစ နှစ်ပေါင်း ၇၀ နီးပါးအကြာမှာ နောက်တကြိမ် အဆင့်မြှင့်တင်မှုဖြစ်တယ်လို့ ဆိုပါတယ်။ ထိုင်းရဲတပ်ဖွဲ့ဟာ ခြောက်လုံးပြူးသေနတ်တွေကိုသာ ကိုင်ဆောင်အသုံးပြုခဲ့ကြတာဖြစ်ပြီး ခုချိန်မှာတော့ ပွိုင့် ၃၈ သေနတ်တွေနဲ့ အစားထိုး အသုံးပြုနိုင်တော့မှာ ဖြစ်ပါတယ်။ ဒါဟာ ခေတ်မီရဲတပ်ဖွဲ့ ဖြစ်လာစေရေးအတွက် တစိတ်တပိုင်း အကောင်အထည်ဖော်မှုတခု ဖြစ်တယ်လို့ ပြောရေးဆိုခွင့်ရသူ ဒက်ခ်ျ နာရွန်က ပြောပါတယ်။ အဲဒီ ခေတ်မီလက်နက်တွေနဲ့အတူ ရေဒီယိုဆက်သွယ်ရေး ကိရိယာတွေ၊ ကျည်ကာဂျက်ကက်တွေနဲ့ တခြားအသုံးအဆောင်တွေဟာ လူဆိုးတွေနဲ့ လက်တွေ့ရင်ဆိုင်ရချိန်မှာ ပိုမိုအကျိုးရှိစေနိုင်လိမ့်မှာဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
5 years Ago
Up